ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, September 30, 2010

ငပေါတွေ ပါတီထောင်မယ်

ငပေါတွေ ပါတီထောင်မယ်တဲ့

ငပေါတွေ ပါတီထောင်မယ်တဲ့ သတင်းထူးတွေ သတင်းထူးတွေ

သတင်းထူးတွေ ပါတယ် သတင်းထူးတွေပါတယ် ငပေါတွေ ပါတီထောင်မယ်တဲ့

ငပေါတွေ ပါတီထောင်မယ်တဲ့


ပါတီထောင်ရတဲ့ အကြောင်းကို သဘာပတိမှ သတင်းစာ ရှင်းလင်းပွဲတွင် အတည်အလင်း ပြောကြားပြီ။

ကျွန်ုပ်တို့ကို လူတည်တွေက တသက်မှာ တခါရခဲတဲ့ အမတ်ရာထူးကို ငပေါက လူတွေ ရခွင့် မရှိရှာပါဘူးဟု စောင်းမြောင်း ပြောကြားတာက တချက် ၊ ကျွန်ုပ် ကိုယ်တိုင်လဲ အမတ်လောင်း ဖြစ်ချင်တာက တချက် (ဒါကတော့ ပိုတာပါ့ )၊ ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်ကို စွမ်းစွမ်းတမံ ဖြည့်စည်းပေးချင်တာက တချက် (ရုပ်တည်နဲ့ လိမ်ရတာပေါ့ )စတဲ့ အချက်တွေနဲ့ ပါတီထောင်ရခြင်း ဖြစ်တယ်လို့ သဘာပတိမှ ပြောကြားလိုက်ပြီ ။

သဘာပတိက မိန့်ခွန်းတွင် ငပေါပါတီအနေနဲ့ အမတ်ဖြစ်ချင်တဲ့ သူတွေ စာရင်းပေးသင့်ကြောင်းနှင့် ဘယ်လို မဲဆွယ် စည်းရုံးမလဲ ဆိုတာ စာတမ်း ပြုစု၍ ရုံးချုပ်သို့ တင်ပြရမည် ဖြစ်ကြောင်း၊ ကုန်ကျစရိတ်ကိုလဲ ဖေါဖေါ သီသီ သုံးစွဲသင့်ကြောင်း အဘယ်ကြောင့်ဆိုသော် ဒါဟာ ရင်းနှီးမြုပ်နှံခြင်းသာဖြစ်တယ်။ ပြည်သူပြည်သားတွေရဲ့ ကောင်းကျိုးအတွက် ရင်းနှီး မြုပ်နှံတာကို ဆိုလိုတာဖြစ်ကြောင်း ထပ်လောင်း ပြောကြား အာဏာရပါတီ ဖြစ်ခဲ့ပါက ငပေါတွေရဲ့ အာဏာဟာ ပြည်သူ ပြည်သားတွေရဲ့ အာဏာသာဖြစ်ကြောင်း မဆုံးနိုင်သော လိမ်လည်မှု့ မိန့်ခွန်းကို ပဝါမကူ ရေမရှုပဲ မရပ်မနား တရပ်စပ် ပြောကြားသွားခဲ့သည်။

ငပေါပါတီရဲ့ အမတ်လောင်း အဖြစ် ဝင်ပြိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကတော့ (ငပေါဂေဟာရဲ့ ဝံကြီးတွေက အလုပ်များတယ်လေ ဒီတော့ အမတ်ဝင်ပြိုင်ဖို့ မအားဘူး။ ငတိသာ လူတည်တွေ ပြောတာမခံချင်လို့)

1. မြှောက်ထိုးပင့်ကော် လုပ်တတ်ရမည်(လူတိုင်းက အမြှောက်ကြိုက်တယ်လေ) ။

2. Bus ကားတိုးစီးနိုင်ရမည် (ကားမဝယ်ပေးနိုင်သလို အငှားကား စီးဖို့လဲ ပိုက်ပိုက် မပေးနိုင်ဘူး)၊

3. ဆိုက်ကားနင်းတတ်ရမည် (လိုအပ်ပါက ဆိုက်ကားဖြင့် ကိုယ်တိုင် နင်းသွားရန်၊ ကိုယ်ပိုင် ဆိုက်ကား ရှိက ပိုကောင်း၏)။

4. ၅ သိန်းတန် ဖုန်း တလုံး ရှိရမည်။ (ဒါမှ ငတိ စော်ကြောင်ရင် ဘေမတတ်မှာ)

5. နောက်ဆုံး အချက်ကတော့ ပေါတတ်ရမည်။

ထို့နောက် ငတိမှ လက်သီး လက်မောင်းတန်းကာ ငပေါတွေ အောင်ရမည် ဟု သုံးကြိမ် သုံးခါ ကြွေးကြော်ရင်း သတင်းစာရှင်းလင်းပွဲကို အောင်မြင်စွာ ရုတ်သိမ်းလိုက်ခြင်းမှာ သတင်းစုံလင်ပါ။

သတင်းထောက် ဖိုးဂျယ် (မှတ်ချက် - ပုလင်းပေးလို့ သတင်းရေးခြင်း မဟုတ်။ တဝိုင်းဆိုလို့)

မမှန် မကန် သတင်းစာမှာ ပါပြီး။

အရက်သောက်ကြစို့

ဦးစွာပထမ ပြောချင်တာကတော့ (မပြောရမနေနိုင်၍ နှမ်းဖြူးခြင်း) ဂေဟာမှာ ခုလိုပညာပေး ဆောင်းပါးတွေ သိပ်ကိုလိုအပ်နေပါတယ်။ ဒီဆောင်းပါးကို တကယ်ဆိုရင် ကျန်းမာရေးဝံဂျီးက ရေးရမှာပါ။ ဒါပေမယ့် ကျန်းမာရေး ဝံဂျီးအနေနဲ့ အေအိုင်ဒီအက်စ်နဲ့ စီပိုး ရောကောသောကော ဖြစ်နေတဲ့ကြားက စက်ဘီးမှောက်၊ ရေနစ် ပုရွက်ဆိတ်ကိုက် ခံရတယ်လို့ သတင်းရပါတယ်။ အဲဒီလို မကျန်းမာတဲ့ ကျန်းမာရေးဝံဂျီးကြောင့် ပျံကြားရေးဝံဂျီး ချမ်းရဲက မအားလပ်တဲ့ကြားက သုတေသန လုပ်ပြီး ရေးထားခြင်းဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဝင်ရောက် နှမ်းဖြူးလိုပါတယ်။
နာယကဂျီး

အရက်သောက်ကြစို့

အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဘက်၊ အရည်မှာ အရက်ရည်လို့ စာဆိုရှိပါတယ်။
အနံ့အရသာထူးကဲကောင်းမွန်တဲ့ အရက်ကို အချို့လူများ မကောင်းမြင်ကြတာ ကျွန်တော် အံ့သြမဆုံးဖြစ်မိပါတယ်။ ဒါကြောင့်လည်း ဒီဆောင်းပါးလေးရေးမိတာပါ။

ကျမ်းဂန်တွေမှာပါတဲ့ ယောက်ျားတစ်ယောက်တတ်အပ်တဲ့ အဌာရသ ၁၆ ချက်မှာ အရက်သောက်ခြင်းဆိုတာ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ (ဟုတ်ဟုတ် မဟုတ်ဟုတ် ဟုတ်လိုက်)

ခေတ်သစ်ဆရာတော်ကြီးတစ်ပါး ဆုံးမထားတဲ့ကဗျာ တစ်ပုဒ်ကိုဖတ်ကြည့်ပါ။

“ထိတွေ့သင့်ရာ၊ ယမကာနှင့်၊ လိမ်ညာလှည့်ဖျား၊ ဘိန်းဆေးဝါးပြင်၊ ဖဲရိုက်သင်၍၊ မြင်သမျှခိုး၊ ချဲလဲထိုးပြီး၊ လူဆိုးပေါင်းသင်း၊ ဆက်ဆံရင်းမှ၊၊ ကောင်းမှုရကာ၊ သုခစိတ်မှာ ဖြစ်လတ္တံ့” လို့ ဆုံးမခဲ့ဖူးတာရှိပါတယ်။

အရက်သောက်ခြင်းဟာ ကျန်းမာရေးရှုထောင့်ရော လူမှုရေးရှုထောင့်ကပါ ဘယ်လိုပဲကြည့်ကြည့် အင်မတန်ကောင်းတဲ့ အလေ့အကျင့်ပါ။

အရက်သောက်ခြင်းကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ချေ ပိုမိုလျော့နည်းစေတယ်လို့ သုတေသီတွေကဆိုပါတယ်။

အရက်ကို တစ်ပတ် ၃-၄ ကြိမ်သောက်တဲ့လူတစ်ယောက်ဟာ တစ်ပတ်ကို တစ်ခါသာသောက်တဲ့ လူတစ်ယောက်ထက် နှလုံးရောဂါ ရရှိနိုင်မှုနှုန်းပို နည်းတယ်လို့ Harvard Medical School က Dr. Kenneth Mukamal ကိုယ်တိုင် ၁၂နှစ်တိတိ အရက်သောက်သူတွေကို လေ့လာထားတဲ့ စစ်ချက်အရတွေ့ရှိရပါတယ်။

ဒါ့အပြင် အရက်ဟာ Cholesterolကို ထိန်းပေးတယ်လို့လည်း ဆရာဝန်အတော်များများက လက်ခံထားပါတယ်။

လူမှုရေးရှုထောင့်က ကြည့်မယ်ဆိုလဲ အရက်သောက်တတ်ခြင်းဟာ မိတ်ဆွေများနဲ့ပေါင်းသင့်ဝင်ဆံ့နိုင်ရေးမှာ များစွား အထောက်အကူပြုပါတယ်။ နိုင်ငံတော် ညစာစားပွဲတွေမှာတောင် ဝီစကီမဟုတ်ရင် ဝိုင်(သို့)ရှန်ပိန်လောက် အနည်းနဲ့အများသောက်ကြတာကိုတွေ့ကြမှာပါ။ အားကစားပြိုင်ပွဲမှာဆုရရှိသူတွေဟာ ရှန်ပိန်ပုလင်းတွေဖွင့်ဖောက်ပြီးပျော်မြူးကခုန်ကြတာကို တွေ့ဖူးကြမှာပါ။

အောင်ပွဲကျင်းပတဲ့အခါမှာသာမက ကျရှုံးမှုတွေနဲ့ ရင်ဆိုင်တဲ့အခါမှာလည်း အရက်သောက်ပြီး စိတ်ညစ်စရာတွေ ဖြေဖျောက်ကြရပါတယ်။

ကိုယ်ချစ်ရင်ချစ်သလောက် ပြန်မချစ်ခံရတဲ့ အစွန့်ပစ်ခံအသည်းကွဲသူများဟာ ကိုယ်သောက်ရင်သောက်သလောက်မူးတဲ့ အရက်ကိုနှစ်ခြိုက်တတ်ကြတာ သဘာဝပါပဲ။

အရက်က ကျွန်တော်တို့အပေါ်သစ္စာရှိသလို ကျွန်တော်တို့အနေနဲ့လည်း အရက်ကိုသစ္စာရှိရမှာပါ။
ငွေမတတ်နိုင်လို့ပါဆိုတဲ့ ဆင်ခြေနဲ့ အရက်ကို ပစ်မထားသင့်ပါဘူး။ အခုအခါ နိုင်ငံတော်ကလည်း စေတနာမေတ္တာထားပြီး ပုဂ္ဂလိကပိုင် အရက်ကုမ္မဏီကြီးတွေကို ထုတ်လုပ်ရောင်းချခွင့်ပြုထားလို့ အရက်ကို ဈေးနှုန်းသက်သာစွာ လူတန်းစားမရွေသောက်သုံးနိုင်လာပါပြီ။

ကျွန်တော်တို့ မျိုးရိုးမှာဆို ဘိုးဘွားစဉ်ဆက် အရက်နဲ့လက် ပြတ်ခဲ့တဲ့လူလို့မရှိပါဘူး။ ကျွန်တော့်ဦးလေးဆိုရင် “အသက်နဲ့ခန္ဓာသာဖြတ်ရင်ဖြတ်လိုက်မယ် အရက်ယမကာကိုတော့ မဖြတ်ဘူး” ရယ်လို့ သန္ဓိဌာန်ချပြီး အရက်နဲ့အသေခံသွားတဲ့ ယမကာသူရဲကောင်းတစ်ဦးပါ။

ကျွန်တော့အဖေ ပြောခဲ့ဖူးပါတယ် “ အဖေကတော့ စည်းစိမ်ဥစ္စာအမွေမပေးနိုင်ဘူး။ ပညာအမွေပဲ ပေးနိုင်တယ် သားရယ်” တဲ့။ ကျွန်တော်လည်း အဖေ့ဆီက အရက်သောက်တဲ့ ပညာကို ရအောင်ယူလိုက်နိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ နိုင်းဝမ်းသီချင်းထဲကလို ကျွန်တော့်အတွက်တော့ “အရက်က တစ်၊ အရက်က နှစ်၊ အရက်က သုံးပဲ” လို့ပြောချင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆိုးတူကောင်းဖက် ဒီအရက်ကို မသောက်တတ်လည်း သောက်တတ်အောင်ကြိုးစားရင်း ပျော်ရွှင်စရာစိတ်ညစ်စရာမှန်သမျှ အရက်သောက်ရင်း ကုန်လွန် ကျော်လွှားသွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ရေးသူ - ပျံဝံ တင်သူ - နာယကဂျီး

Wednesday, September 29, 2010

ကလပ်စစ် ပေါကဗျာများ

ယနေ့ခေတ်တွင်၊ မော်ဒန်၊ ပို့စ်မော်ဒန်၊ ပေါမော်ဒန် စသည်ဖြင့် တဒန်ဒန် ဖြစ်နေကြလေသည်။ သို့သော် “အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းဆီ တလည်လည်” ဆိုသည့်စကားလည်း ရှိသေးလေသည်။ ထို့ကြောင့် ခေတ်စမ်း စာပေါလောကတွင် တချိန်က လျှမ်းလျှမ်းတောက် နာမည်ကျော်ခဲ့သော ကလပ်စစ် ပေါကဗျာများကို အားအားယားယား ရှာဖွေ စုဆောင်း တင်ပြလိုက်ရပါသည်။

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်
……………………………………………………………………….

“ပေါဉာဏ်ပွင့်”

ဂေဟာက အပြန်
ပေါချင်တယ် နောက်ထပ်ဆိုလို့
ပတ်စ်ဝေါ့ကိုပေး။

မနက်တုန်းဆီက
ဖေ့စ်ဘွတ်ကို မောင်ဝင်တော့
သူ့ဝေါလ်မှာ ပေါဿနတွေနဲ့
ပေါလှတယ်လေး။

ပေါသုဝဏ်
……………………………………………………………………….

“ပေါတာကြီး”

ပေါလို့လည်းဝ
နေလည်းကျပြီ
ငါ့ကို ဂေဟာ
ပို့ကြပါတော့။

ပေါမိုး
……………………………………………………………………….

“ပေါစာတိုင်”

ဒီဂေဟာ
ငပေါတွေ ပေါရဲ့
မောင့်လေဒီ
ဝီစကီယူခဲ့။

ပေါအောင်
……………………………………………………………………….

“တို့ဂေဟာ”

ပေါလော့မှန်စွာ အိုဘလော့ဂါတို့
တို့ရွာတို့မြေ တို့ဂေဟာဝယ်
ဝန်ကြီး၊ အဖွဲ့သား များလည်းများ၏
များပါလေလည်း တပျင်းပျင်းနှင့်
အချင်းချင်းနှက် လက်ညှိုးထွက်လျှက်
သူပို့စ်ရေးနိုး ငါရေးနိုးဖြင့်
ရှေ့ထိုးနောက်ထိုး အပြန်လှန်ထိုး၏
ကြည့်လှည့်ပါလေ ဂေဟာဆွေတို့
နေရာသာရှိ စာမရှိလျှင်
ဘယ်လျှင် ဂေဟာ တွင်မည်တည်း။

ပေါလော့မှန်စွာ ဆွေသဟာတို့
ပေါမပျက်နှင့် အပေါစိတ်ဓာတ်
နေ့တိုင်းမှတ်၍ လာသမျှသိမ်းကြုံး
ဝါးလုံးရမ်းကာ လက်သရမ်းကာဖြင့်
ပေါကြောင်ကြလေ ကြောင်ကြလေတော့
ဤနေရာဂေဟာ ဘယ်သူ့ဂေဟာလဲ
ဤအဖွဲ့သားများ ဘယ်လောက်များလဲ
ထားလော့စိတ်ပေါ ပေါလော့စိတ်ဝမ်း
ပေါရွှင်လန်း၍ ပေါလန်းပေါဉာဉ် ထွက်စေသတည်း။

ပေါဂျီ
……………………………………………………………………….

မူရင်း ကဗျာများ
  • နှင်းဆီပွင့်၊ ဆရာမင်းသုဝဏ်
  • ဧည့်သည်ကြီး၊ ဆရာတင်မိုး
  • သစ္စာတိုင်၊ ဆရာကြည်အောင်
  • တို့တိုင်းပြည်၊ ဆရာဇော်ဂျီ

Wednesday, September 15, 2010

နာယကဂျီး တရေးနိုးမှာပေါ်သောအကြံ အကုန်လိုက်လုပ်ရန်

တနေ့သ၌ ကျွန်ုပ် နာယကဂျီးသည် ပျင်းပျင်းရှိသည်နှင့် ဂျီတော့ချက်ရွန်းခေါ် စကားများခန်းတွင် မည်သည့် ငပေါများ ရှိနေသနည်းဟု ချောင်းကြည့်လိုက်ရာ မမြင်ရသည်မှာ လွန်စွာမှ ကြာလှပြီဖြစ်၍ မနည်းရုပ်ဖမ်းကြည့်ယူရသော ငှက်ကထတကောင်တည်း ရူးချင်ယောင်ဆောင်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုသို့ မြင်လိုက်သည်နှင့်တပြိုင်နက် ခေါ်မည်ဟု ပါးစပ်ပြင်ပြီးမှ “ဒုန့်ဒစ်စတာ့ပ်” ဟူသော ၎င်း၏ စတိတ်တပ်စ်ကို မြင်လိုက်ရာ ငှက်ကထကို မနှောင့်ယှက်ပင် မနှောင့်ယှက်ချင်သော်ငြား အတွင်းကငပေါပိုးများက မနေသာသဖြင့် ၎င်း၏ အမည်ကို နားကွဲမတတ် အော်ခေါ်လိုက် မိလေသည် ....။ ဒန်တန့်တန် ...။

နာယက။ ။ နှောင့်ယှက်တယ်ဟာ ဘာဖြစ်လဲ။

ငှက်ကထ။ ။ ဘာဖြစ်ရမှာလဲ။ ခင်ဗျားကြီးနှောင့်ယှက်တော့ ဂိမ်းဆော့ ပျက်တာပေါ့ဗျ။

နာယက။ ။ အိမ်း ... ဝမ်းသာတယ် ဝမ်းသာတယ်။

ငှက်ကထ။ ။ ကျုပ်ကတော့ ဝမ်းမသာဘူး။ ဂိမ်းဆော့နေတုန်း အဲလို တိန်ခနဲ မြည်မြည်လာတာလောက် စိတ်ညစ်တာမရှိဘူး။

နာယက။ ။ ဒါဆိုလည်း နင့်စကားခန်းကြီး ပိတ်ထားပေါ့ဟာ။

ငှက်ကထ။ ။ ချစ်သူများ လာမလားလို့ပေါ့ဗျာ။ အခုတော့ ချစ်သူမလာဘဲ တောက်ညင်ကပ်စရာကြီးတွေပဲ လာလာနေတယ်။

နာယက။ ။ အေးအေး ... အဲသလို ကိုယ့်အစ်မကို ကိုယ် ရိုသေချစ်ခင်တာ ကောင်းတဲ့အမူအကျင့်ပေပဲ။

ငှက်ကထ။ ။ အင်း ဘယ်လိုပြောပြော ပေကပ်နေမယ့်ပုံပဲ။ ကဲဗျာ ... ပြောစရာရှိတာပြော။ လျှာတော့ သိပ်မရှည်နဲ့ ကျုပ်သည်းခံမှာမဟုတ်ဘူး။

နာယက။ ။ အေးပါဟာ ... နာယကနဲ့ ငှက်ကထ ဆုံတုန်းလေး တိုင်းရေးပြည်ရာ ဆွေးနွေးရင်ကောင်းမလားလို့ပါ။

ငှက်ကထ။ ။ ဟာဗျာ ... ခင်ဗျားကြီး အကြာကြီး ဘယ်ချောင်သွားအိပ်ပျော်နေမှန်းလည်းမသိ၊ ရုံးလည်းမတက်၊ ခွင့်လည်းမတိုင်၊ စကားခန်းဝင်လာလည်း မီးနီပြပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေပြီး အခုမှ ဘာလဲ တိုင်းရေးပြည်ရေး။

နာယက။ ။ ဟ ... ငှက်ကထရဲ့ ... ကျုပ်ရုံးမတက်တာ၊ ခွင့်မတိုင်ဖြစ်တာ၊ စကားခန်း မီးနီပြတာတွေက အလကားမဟုတ်ဘူးကွဲ့ ... တကယ် အရေးကြီးတဲ့ကိစ္စရပ်တွေကို နက်နက်နဲနဲ စဉ်းစားနေရလို့၊ တကယ်ကြီးကို မအားလို့ပါ။ အခုတောင် အိုဘားမားဆိုတဲ့ ချာတိတ်လေးက နေ့လယ်စာစားဖို့ မနည်းတောင်းပန်ခယနေတာကို အတင်းငြင်းပြီး ထွက်လာခဲ့တာ။ ကျုပ်ရဲ့ တကယ်တန်ဖိုးကြီးတဲ့ အချိန်တွေထဲက နင့်ကို ဖဲ့ပေးတာ ကျေးဇူးတင်။

ထိုသို့ ကျွန်ုပ်၏ ခပ်တည်တည်နှင့် အပေါ်စီးဖိဟောက်မှုကို ငှက်ကထ တည်းဟူသော မောင်အန်ဒီမှာ ဖြုံသွားပုံ ရလေသည်။

ငှက်ကထ။ ။ ဟားဟားဟားဟား ... ကျန်တဲ့ငပေါတွေကို သွားရွှီးဗျာ။ အားလုံးထက်ပေါလို့ ငှက်ကထလုပ်နေတာ။ လာမရွှီးနဲ့ ခင်ဗျားဘာသာ ပို့စ်မရေးချင်လို့ ငပေါမြင်တိုင်း ဟိုချောင်ဝင်ပုန်း ဒီချောင်ဝင်ပုန်းလုပ်နေတာ မသိဘူး ထင်မနေနဲ့။

နာယက။ ။ ဟယ် နင့်ကို ဘယ်သူပြောလဲ။

ငှက်ကထ။ ။ အဲဒီချောင်တွေတိုင်းမှာ ဖွင့်ထားတဲ့ အရက်ပုန်းဆိုင်တွေက ပြောတာပေါ့ဗျ။ ပြောလိုက်သေးတယ် ... နာယကကြီး အကြွေးစာရင်း မရှင်းရသေးဘူးတဲ့ဗျား။

နာယက။ ။ ဟာ အာပြဲကြီးနဲ့ အော်နေပြန်ပြီ တိုးတိုးသက်သာ လုပ်စမ်းပါ။ အဲဒါတွေက အတိတ်က ကိစ္စတွေပါဟ။ အခု နာယကဂျီးက အရင်နာယကဂျီး မဟုတ်တော့ဘူး။ အားကျိုးမာန်တက် ပေါရာပေါကြောင်းတွေ ဆောင်ရွက်မယ့် နာယကအသစ်စက်စက်ကြီး ... ရီနယူး နာယကပါ။

ငှက်ကထ။ ။ ကြည့်သေးတာပေါ့ဗျာ ... ကဲကဲ အချိန်ကုန်တယ် ... ဘာပြောမှာလဲ ဘာပေါမှာလဲ ဘာလုပ်မှာလဲ ပြော။

နာယက။ ။ ဒီလိုဟ။ တို့ ငပေါဂေဟာကနေ ဘယ်သူမှ အမတ်ထွက်မလုပ်ကြဘူးလား။

ငှက်ကထ။ ။ ဟိုက် ... ငပေါပါဆိုမှ အဲဒီ လူတည်တွေလုပ်တဲ့အလုပ် လုပ်ပါ့မလား။ လူတည်တွေရူးတိုင်း လိုက်မရူးချင်စမ်းပါနဲ့။

နာယက။ ။ သိဘူးလေဟာ ... ခုဟာက ဟိုနေရာ အမတ် ဒီနေရာ အမတ်နဲ့ ... အမတ်တွေ အရမ်းပေါနေတော့ ငပေါတွေ ခေတ်မမီမှာစိုးလို့။ ဒီလိုလုပ်ဟာ နင် အမတ်လုပ်မလား။ ငါ စပွန်ဆာ ရှာပေးမယ်။

ငှက်ကထ။ ။ ဟား မလုပ်စမ်းပါနဲ့ဗျာ။ စပွန်ဆာဆိုတာ ဘယ်အမတ်ကိုမှ မပေးဘူး။ ပေးချင်းပေးရင် ... မော်ဒယ်လ်ဂဲလ်လေးတွေပဲ ပေးမှာ။

နာယက။ ။ ဒါဆို အမှုရှောင်နန့်ညီတို့ သဘာငတိငဂျဲတို့ မောင်မူးသား အဲလေ ... မောင်မိုးသားတို့ကို လုပ်ခိုင်းရင်ကော။

ငှက်ကထ။ ။ ဘယ်ကဘယ်လို အမတ်ပိုးဝင်လာပြန်ရတာလဲ နာယကဂျီးရာ ... ငပေါတွေအကုန်လုံး ရူးချင်ယောင် ဆောင်နေရတာနဲ့ အားကြတာမဟုတ်ဘူး။

နာယက။ ။ စိတ်ညစ်ပါတယ်ဟာ ... ငါက အမတ်ရဲ့သူငယ်ချင်း ဖြစ်ချင်လို့ဟ။ လုပ်ပါဟာ ... နင် အမတ်လုပ်မယ်လို့ ကတိမပေးမချင်း ငါ ဒီ စကားခန်းထဲက မထွက်ဘူး။

ငှက်ကထ။ ။ ဟိုက် ... နာယကဂျီးရယ် ... မလာတော့လည်း မလာလို့ လာပြန်တော့လည်း အမှုကပွေနဲ့ စိတ်ညစ်စမ်းပါဘိ ...။

ငှက်ကထမှာ သူ့ခေါင်းကို တဗျင်းဗျင်းမြည်အောင်ကုတ်ရင်း စဉ်းစားဟန် အကြံထုတ်လေသည်။

ငှက်ကထ။ ။ သိပြီ သိပြီ နာယကဂျီး ... ဒီလိုလုပ်ဗျာ။ ကျုပ်က အမတ်တော့မလုပ်ချင်ဘူး။ ငပေါပီပီ တခုခုတော့ ထူးထူးခြားခြား လုပ်မှ တန်ကာကျမယ်ဆိုတော့ အငတ် လုပ်မယ်။

နာယက။ ။ ဟေ ... အငတ် ဟုတ်လား ... တခါမှ မကြားဖူးပါလား။

ငှက်ကထ။ ။ အခု ကြားဖူးပြီပေါ့ နာယကဂျီးရယ်။ ကျုပ်ကို အိမ်က နှင်ချထားတော့ သူငယ်ချင်းပေါင်းစုံအိမ်ကို လိုက် ငတ်ကြီးကျနေတာလေ။ အမယ် နာမည်လေးက ဆိုးသလိုလိုနဲ့ အတော် ဗိုက်ပြည့်တာဗျ။ ခုတောင် အာလူးဝက်သားချက်ကလေးရယ် ချဉ်ပေါင်ဟင်းလေးရယ်နဲ့ ငတ်ကြီးကျလာသေးတယ် ရှလွတ်။ ငါးပိထောင်းလေးလည်း ပါသဗျ။

နာယက။ ။ ဟား နင့်ဟင်းသံကြားရတာ ငါတောင် ဗိုက်ဆာလာပြီ ... ရှလွက်။

ငှက်ကထ။ ။ ဒါဆို နာယကဂျီးက အငတ်လောင်းလုပ်။

နာယက။ ။ အေး ဟုတ်ပြီ ကျုပ်က အငတ်လောင်း လုပ်မယ်။ နေဦး ငှက်ကထ။ ဟိုလူတွေ ချန်ထားလို့ ကောင်းပါ့မလား။ အမှုရှောင်တို့ ငတိတို့လေ ... စိတ်ဆိုးနေဦးမယ်။

ငှက်ကထ။ ။ အမယ် ... ဒင်းတို့လည်း အငတ်လုပ်လို့ရတာပဲ။ မနေ့က ဆီမီနာဆိုလား ကွန်းဖရန့်ဆိုလားမှာ ဒင်းတို့ကို တွေ့လိုက်ပါ့။ အဲသမှာ အိုင်တီကို စိတ်ဝင်စားသလိုလို ဘာလိုလိုနဲ့လာပြီး အဲဟိုက ကျွေးတဲ့ ပီဇာနဲ့ ကော်ဖီကို အပီတွယ်နေလိုက်တာများ ... ။ ဒင်းတို့လည်း အငတ်လုပ်လို့ရတယ်။ ပေါညီတောင် ပါသေး။

နာယက။ ။ မဆိုးဘူး ... ငပေါတွေ တော်တော်လေး ခေတ်မီလာပြီ။ အားလုံး အငတ်လုပ်ကြတာပေါ့လေ။ ဝန်ဂျီးဂျုပ်တယောက်တော့ ဆူရှီလိပ်တာက တဘက်နဲ့ဆို အငတ်လောင်းလုပ်လို့ ဖြစ်ပါ့မလား။

ငှက်ကထ။ ။ ဖြစ်ပြီလား နာယကဂျီးရယ်။ ဟို ဝန်ဂျီးဂျုပ်ဆိုတဲ့သူကြီးတောင် ... ဝန်ဂျီးဂျုပ်တဘက် အငတ်တဘက် လုပ်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ လုပ်သေးတာပဲ။ ဆူရှီလိပ်ရင်း ငတ်လို့ ပိုတောင် ကောင်းသေး။

နာယက။ ။ ဗီလိန်နဲ့ ခေါင်ခေါင်လည်း ငတ်ရှာပါတယ်။ တခါ သူတို့နဲ့ ဆုံတုန်းက အိုက်စကရင်ကို မသိတဲ့သူက ဝယ်ကျွေးမယ် ဆိုတာတောင် အတင်းလိုက်ငတ်သေးတာပဲ။ ဗီလိန်ဆို အားလုံးစားဖို့ ဝယ်ထားတဲ့ အကြော်ထုပ်ကိုညနေစာအတွက်ဆိုပြီး ယူသွားသေးတယ်။ သူတို့ကိုလည်း အငတ်လုပ်ခိုင်းမယ်။

ငှက်ကထ။ ။ မောင်မိုးသားလည်း ငတ်တယ်နော်။ အရက်ဝိုင်းမှာဆို သူချည်း အမြည်းတွေ စားစားသွားတာ။

နာယက။ ။ ဒါဆို ဒင်းလည်း အငတ်ပေါ့။

ငှက်ကထ။ ။ ကောင်းတယ် ကောင်းတယ်။ ဒါဆို ခွဲလိုက်ရုံပဲပေါ့။ ပြည်နယ်လွှတ်တော် အငတ်၊ အမျိုးသားလွှတ်တော်အငတ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အငတ် ဆိုပြီးတော့ ...။ ကျုပ်ကတော့ အရင်ဆုံး အငတ်ဖြစ်တဲ့သူ ဆိုတော့ အဲဒီ ၃ ခုလုံးအတွက် အငတ်လုပ်မယ်။

နာယက။ ။ ဒါဆို တို့ငပေါတွေ အားလုံး အငတ်ဝင်လုပ်ကြမယ်။

ထိုသို့ အားတက်သရောပြောဆိုနေကြစဉ် ကျွန်ုပ် နာယကဂျီး၏ ဝမ်းဗိုက်အတွင်းမှာ “ဂွီ” ဆိုသော အသံတသံမြည်လာပြီး မခံမရပ်နိုင်အောင် ဆာလာသဖြင့် စကားခန်းတွင်းမှ ငှက်ကထကို နှုတ်ပင် မဆက်နိုင်တော့ဘဲ မီးဖိုချောင်အတွင်းဝင်ကာ ရှိသည့် ထမင်းကြမ်းခဲကို ငါးပိရည်နှင့် နယ်ဖတ် လွေးနေစဉ် ကျွန်ုပ်စိတ်ကျေနပ်ရန် အလိုက်အထိုက် ပြောဆိုနေရသော ငှက်ကထလည်း လွတ်ပြီ ကျွတ်ပြီဟု အော်၍ ပျော်ရွှင်စွာ ဂိမ်းဆက် ကစားနေလေတော့ သတည်း။ ။

မှတ်ချက်။ ။ အငတ်စာရင်းများ စတင် တင်သွင်းနိုင်ပါပြီ။

ပုံ။ ။ နာယကဂျီး

နာယကဂျီး တရေးနိုးမှာပေါ်တဲ့အကြံ အားလုံးလိုက်လုပ်ရန်