ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, October 31, 2009

ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၂ (ဒီဗီဒီ ဗားရှင်း)

ထိုစဉ်အိပ်ငိုက်နေသော အန်ဒီ တစခန်းထလေသည်
အင်ဒီ ။ ။ “ဝေး............ မင်းသမီး သွားပြီကွ။”

အောင်သာငယ် ။ ။ “တယ်.. ဒီကောင်” (နားရင်းကို ၃ ချက်လောက် ဆင့်ရိုက်လိုက်သည်။ ဘယ်တုန်းကတည်းက ညှိုးထားသလဲ မသိ။) “မင်းသမီးသွားတာ ပျော်စရာလား။ အောက်က ပရိသတ် မင့် ခဲနဲ့ ထုလိမ့်မယ်။ ဟုတ်တယ်မလား ပရိတ်သတ်ကြီး” (လေးဖြူ ဒီဇိုင်းနဲ့ လှမ်းမေးလိုက်သည်။ အငြိမ့်ရိုက်ရန် တစ်ထောင်ဖိုး ၃ယောက်နှင့် ခေါ်ထားသော ပရိသတ်ကလည်း မင်းသမီးကို အားပေးဟန်တူသည်။ “မထူးပါဘူးဗျိုး၊” ဟု ဝိုင်းအော်ကြသည်။)

ဗီလိန် ။ ။ “ခဲနဲ့ မထုဘူး စနိုက်ဘာနဲ့ ချောင်းပစ်မှာ။”

ဟန်သစ်ငြိမ် ။ ။ “နေပါဦး နေပါဦး။ စနိုက်ဘာ မပြောနဲ့ စနိုက်ဘာလောက်ရှည်တဲ့ သေနတ်တောင် မင်းက မြင်ဖူးလို့လား။ ကြီးကြီးကျယ်ကျယ်တွေ မပြောစမ်းပါနဲ့ ဗီလိန်ရာ။”

ဗီလိန် ။ ။ “ကိုဟန်သစ်ငြိမ် မသိပဲနဲ့ ပြောပြန်ပြီဗျာ။ စောစောက မင်းသမီးကနေတုန်း စင်ပေါ်ကို ပုဆိုးတစ်ထည် ရောက်လာတယ်လေ မတွေ့ဘူးလား။”

ဇာနည် ။ ။ “ဘာဆိုင်လို့တုန်းဟ။ သူ့ဟာသူ ပုဆိုးကိုလေပေါ်မြှောက်ပြီး အားပေးရင်း လွတ်ပြီး စင်ပေါ်ရောက်လာတာလေ။” (ဇာနည်က မေးရင်နှင့် လက်ကလည်း ဗီလိန့် ဇာတ်ပိုးကို ရွယ်ထားလိုက်သည်။ ဗီလိန့် အစားချမ်းရဲက ဝင်ဖြေပေးလိုက်သည်။)

ချမ်းရဲ ။ ။ “အဲဒါ ကျည်ထိုးတာနေမှာ” “ဖျောင်းဖျောင်း ဖျောင်းဖျောင်း။” (ဗီလိန့်ကိုရွယ်ထားသည့် လက်က ချမ်းရဲ၏ ဇတ်ပိုးကို ရိုက်ချလိုက်လေတော့သည်။)

ဗီလိန် ။ ။ “ဒီလိုလေဗျာ။ ပွဲခင်းထဲကို ဝင်ရင် လုံခြုံရေးက အဝမှာ ငိုက်နေတယ်မလား။ အဲလေ... အဝမှာ စစ်ဆေးတယ်မလား။ စစ်ဆေးတာ မမိအောင် စနိုက်ဘာကို ပုဆိုးနဲ့ ပတ်လာမှာပေါ့။ ဒါကိုပြောတာပါဗျ။”

ချမ်းရဲ ။ ။ “တော်သေးတာပေါ့။ လုံခြုံရေး ကယ်လို့။ မဟုတ်ရင် ငါထင်တာမှန်တယ်။” (မျက်နှာလေး ပေကလပ်ပေကလပ်ဖြင့် မိမိဘာသာ နှစ်သိမ့်လိုက်သည်။)

အင်ဒီ ။ ။ “အင်း... လုံခြုံရေးဆိုလို့ ကျနော်လည်း ပြောရဦးမယ်။ ဟိုတလောက ဂေဟာမှာ ဖဲရိုက်တာ ကျနော် ရှုံးပါလေရော။ ဂေဟာက ဖဲဝိုင်းက ကြေးကလည်းကြီး ရိုက်တဲ့သူကလည်း တွင်းတူးတို့၊ ငတိတို့၊ မမတို့လို ဆြာကြီးတွေ ဆိုတော့ အရင်းပြုတ်သွားတဲ့ ကျနော့အတွက် ဝိုင်းထဲ ပြန်တိုးဖို့က မလွယ်တော့ဘူး။ ဒါနဲ့ ကြံရာ မရဖြစ်ပြီး တောင်ဥက္ကလာက ကျနော့ညီတစ်ယောက် ဝယ်ထားပြီး မသုံးတဲ့ အိမ်နဲ့ ခြံကို ခဏတောင်း။ ကြေးနည်းနည်းနဲ့ ရိုက်လို့ရမယ့် သူတွေကိုစုပြီး ပျံဝံ ဖဲဝိုင်း အသေးလေးတစ်ခု ထောင်တာပေါ့။”

ဇာနည် ။ ။ “အဲဒီ့တုန်းက ကျနော်တောင် ကွဲနေလို့ လာရိုက်မယ် လုပ်သေးတယ်။ မိန်းမမလစ်လို့ မလာလိုက်ရဘူး။”

အင်ဒီ ။ ။ “အင်း အင်း ဟုတ်တယ်။ ကျနော်က ဖဲရိုက်တယ် ဆိုရင် လုံခြုံရေးကို သိပ်သတိထားတာ။”

ဟန်သစ်ငြိမ် ။ ။ “အင်း စိတ်ချရအောင် ဘယ်လို လုပ်တုန်း”

အင်ဒီ ။ ။ “လုံခြုံအောင် ဆိုပြီး အိမ်ထဲမှာတောင် မရိုက်ဘူး။ အနောက်က အပင်လေးဘာလေး စိုက်ထားတဲ့ မြေလွတ်မှာ စားပွဲ ချရိုက်တာပေါ့။ အရေးဟဲ့ဆို အနောက်ဘက်ထဲကို ခြံကျော်ပြီး ပြေးလို့ရအောင်။ ခြံစည်းရိုးကလည်း သံဆူးကြိုးနဲ့တင် ကာထားတာဆိုတော့ ပြေးရလွှားရလွယ်တယ်လေ။ အိမ်ရှေ့မှာ လုံခြုံရေးအတွက် ကလေးတစ်ယောက်ကို မုန့်ဖိုးပေးပြီး စောင့်ခိုင်းထားတာပေါ့။ အချက်ပြရအောင် လူခေါ် ဘဲလ်လေးပါ တပ်ပေးထားသေးတယ်။”

အောင်သာငယ် ။ ။ “အဲဒီ့နေ့က နိုင်လားဗျ။ ပျံဝံတို့များ ရှုံးရင်သာ တဂျီဂျီနဲ့ နိုင်ရင် အသံမထွက်ဘူး”

အင်ဒီ ။ ။ “နိုင်မနိုင်တော့ မသိဘူးဗျာ။ ပြောရရင်တော့ ငိုချင်ပါတယ်ဗျာ။ ဟိုတလောက ကျနော် ဂေဟာကို မလာနိုင်တာ အဲဒါကြောင့်ပေါ့။ ရဲလာဖမ်းလို့ အားလုံး အချုပ်ထဲ ရောက်ကုန်တော့တာပဲ။ ”

ဇာနည် ။ ။ “ဟ.. မင်းပြောတော့ လုံခြုံရေးကောင်းတယ်ဆို။”

အင်ဒီ ။ ။ “လုံခြုံရေးတော့ ကောင်းပါတယ်ဗျာ။ ခက်တာက ကျနော်တို့ ပြေးမယ်ဆိုတဲ့ အနောက်က ခြံက ရဲစခန်းဝင်းဗျ။”

ဗီလိန် ။ ။ “ကျားရှေ့မှောက်ယက်လဲတယ်ဆိုတာ ဒါမျိုးပေါ့။ ဒါနဲ့ မင်း ဒီအငြိမ့်ပွဲ မီအောင် ဘယ်လိုပြန်ထွက်လာလဲ။”

အင်ဒီ ။ ။ “အဲ တွင်းတူးလုပ်ပြီး ညံ့ပါ့ ကိုဗီလိန်ရာ။ အခုခေတ်က ဘာခေတ်လဲ သိလား။”

ဗီလိန် ။ ။ “အိုင်တီ ခေတ်လေ။ အိုင်တီခေတ်။ အင်တာနက်ခေတ်”

အင်ဒီ ။ ။ “မှားတယ်။ ငြုပ်သီးမှုန့်တံဆိပ်တစ်ခု ကြားဖူးလား။”

ဇာနည် ။ ။ “သြော်.... ဘုတ်ဆုံမခေတ်”

ဖျောင်း.... ဒိုင်း....
အောင်သာငယ် ။ ။ “ဘုတ်ဆုံမက နင့်ဂျီးဒေါ်။”

အင်ဒီ ။ ။ “ဆင်ဖြူတော် ခေတ်ဗျ။ ဆင်ဖြူတော်ခေတ်။ မြဲမြဲ မှတ်ထား အရင်က ဆင်ဖြူတော်မှီ ကြံစုတ်တဲ့ ဆိုးရိုးရှိသဗျ။ အခု ပြောင်းသွားပြီ။“

ဟန်သစ်ငြိမ် ။ ။ “ဘယ်လိုပြောင်းသွားတုန်း အင်ဒီကောင်ရဲ့”

အင်ဒီ ။ ။ “ဆင်ဖြူတော်ထွက် ကိစ္စပြတ် တဲ့”

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့”

ဒီဂျေ ဖိုးဂျယ်၏ တဂျိဂျိ အသံဖြင့် တယောက်တစ်ပေါက် ကကြလေသည်။ ဟန်သစ်ငြိမ်က သူ၏ မဟာနှာခေါင်းကြီးကို ပွစိပွစိဖြင့် လည်းကောင်း၊ ဇာနည်က ခြေတပေါင်ကျိုး ခုန်ဆွ ခုန်ဆွဖြင့် လည်းကောင်း၊ အင်ဒီကောင်က ဂျက်ကီချန်း၏ အရက်မူးသိုင်းလိုလို ဘာလိုလိုဖြင့် လည်းကောင်း၊ အောင်သာငယ်က နားရွက်ဆွဲထိုင်ထ လုပ်ခြင်းဖြင့် လည်းကောင်း၊ ကလန်ကလားဗီလိန်က နာဂစ်ဓာတ်တိုင်လို အတောင့်လိုက် ခါးရမ်းကာ ကလေတော့သည်။ ချမ်းရဲကမူ ခေါင်းလေး တစ်ကုပ်ကုပ်ဖြင့်

ချမ်းရဲ ။ ။ “အ.. ကိုဂျီးတို့။ ကျနော် စင်္ကာပူကို ပြန်တော့မယ်။ စစ်အဲက ထွက်တော့မယ်တဲ့ ခုပဲ ဖုန်းဆက်တယ်။” (ဗီလိန်က ချမ်းရဲ လက်ကို ဖမ်းဆွဲထားလိုက်သည်။)

ဗီလိန် ။ ။ “မပူပါနဲ့ကွာ စစ်အဲမမီလည်း အမ်အေအိုင် ရှိပါတယ်ကွာ။ မရှိလည်း ကားနဲ့ ပြန်လို့ရပါတယ်။ ဘာတဲ့... သီချင်းလေးတောင် ရှိသေးတယ်။ .... ကားပြာလေးကို စီးကာကွယ်.....”

ချမ်းရဲ ။ ။ “ဖွက် ဟဲ့... လွဲပါစေ။ ဖယ်ပါစေ။ ခင်ဗျားကြီးကတော့ ဟုတ်တာပေါ့ဗျ။ ကျုပ်က မိန်းမ မရသေးဘူး။ စလုံးမှာ ချစ်သူစောင့်နေတယ်။ အဟင့်”

ဇာနည် ။ ။ “ငိုပါကွာ ငိုပါ။ ပြိတ္တာ မျက်ရည် မြေကျကျ မကျကျ မထူးတော့ပါဘူး။”

ချမ်းရဲ ။ ။ “ခင်ဗျာ..... အမလေးလေး.... ပြောကာမှ ပိုဆိုးပြီ။ တော်ပြီဗျာ။ ငိုတော့ဘူး။ ကားပြာမကလို့ ကားဝါ ဖြစ်ဖြစ် ကားနီ ဖြစ်ဖြစ်။ ဂေဟာ အကျိုး...... ချစ်သူရေ.... ဒီဘဝမှာ မင်းနဲ့ မဆုံရပေမယ့် မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မိုးနတ်မင်းကြီးကို တိုင်တည်ပြီး ကိုယ်ပြောခဲ့ချင်တာက........” (နှာခေါင်း တစ်ချက်ရှုံ့လိုက်ကာ ဆက်ပြောသည်။ ) “မိုးနတ်မင်းကြီးကို တိုင်တည်ပြီး ကိုယ်ပြောခဲ့ချင်တာက.... ကိုယ့်အကြွေးတွေ ဆပ်ပေးစမ်းပါ”

ဖျောင်း... ဖျောင်း... ဒိုင်း
ဟန်သစ်ငြိမ် ။ ။ “ကဲ... အရေးထဲ ဖဲကြွေးလာရှင်းနေသေးတယ်။”

ဇာနည် ။ ။ “အင်ဒီကောင်က ပြောတော့ ကျနော်လည်း ပြောရဦးမယ်ဗျ။ ကျနော် ဟိုနေ့က ဂေဟာ မရောက်တဲ့ အကြောင်း။”

အောင်သာငယ် ။ ။ “အင်းဟုတ်သားဟ။ တစ်ပတ်လောက် ပျောက်နေတာ။ ဘာလဲ အသည်းလေးနဲ့ ချောင်းသာသွားတာလား။”

ဇာနည် ။ ။ “ဘယ်ကသာဗျာ။ အဲဒီ့နေ့က ဂေဟာက အပြန် လှည်းတန်းနားမှာ ဘော်ဒါတွေနဲ့လည်း တွေ့ရော ဟိုက် ၁ ပြား ထပ်ကစ်လိုက်တယ်။ အဲ.. အပြန်ကျတော့ ဟိုက်အစွမ်းပြတော့တာပဲ။ ဘယ်နေရာ အိပ်ပျော်သွားမှန်း မသိပါဘူးဗျာ။ နိုးတော့ မျက်နှာတွေ ဖူးရောင်လို့ သံတိုင်တွေ ကြားထဲ ရောက်နေတော့တာပဲ။”

ဟန်သစ်ငြိမ် ။ ။ “ဖြစ်မှ ဖြစ်ရလေဗျာ။ အမှုတဲ့လဲ။”

ချမ်းရဲ။ ။ “မှောင်ရိပ်ခိုမှုတဲ့ဗျာ... မှောင်ရိပ်ခိုရင် ဖမ်းတယ်တဲ့... ခက်တာက ရန်ကုန်မှာကလည်း ခင်ဗျားတို့ သိတဲ့အတိုင်းဗျာ... မီးမှမလာတော့ မှောင်တာပေါ့... အဟင့်... ”

ဇာနည် ။ ။ “အမှုတွေကတော့ စုံစိနေတာပါပဲ။ မူးယစ်ရမ်းကားမှု၊ အမျိုးသမီးတွေ အဆောင်ကို ခြံစည်းရိုးဖျက်မှု၊ မှောင်ရိပ်ခိုမှု၊ ၃၇၆ ကြံစည်မှု၊ ခိုးမှု၊ ပိုင်နက်ကျူးကျော်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု အင်း.... နောက်ပြီး.........”

အင်ဒီ ။ ။ “နေဦးနေဦး ဟိုအမှုကော မပါဘူးလား”

အားလုံး ။ ။ “ဘယ်အမှုတုန်း”

အင်ဒီ ။ ။ “ရေကူးတဲ့ အမှု” (ဗျောင်း.... ဒိုင်း...... ဝိုင်းသမကြသည်။)

ဗီလိန် ။ ။ “မူးနေပါတယ်ဆိုမှ ရေကူးရင် နစ်သေမှာပေါ့ဟ”

အင်ဒီ ။ ။ “မသိဘူးလေ။ အဲဒီ့ လှည်းတန်းဆိုတော့ အင်းယားကန်မှာ ရေတွေဘာတွေ သွားကူးသေးလားလို့ပါ။” (ဗျောင်း.... ဒိုင်း...... နောက်တစ်ကြိမ် ဝိုင်းသမကြသည်။)

ချမ်းရဲ ။ ။ “ကိုဗီရေ စစ်အဲ လက်မှတ် ၂ စောင် ဖြတ်ထား လိုက်တော့မယ်နော်။ ကျနော် စိုက်ထားလိုက်မယ်။ လခထုတ်မှ ပြန်ပေး။”

ဗီလိန် ။ ။ “မပူပါနဲ့ကွာ။ နှစ်မကြီးကြီးအောင် လုပ်ပေးပါမယ်။ ကဲ... ကိုဇာနည် ဆက်ပါဦး”(ချမ်းရဲမှာတော့ ငိုမဲ့မဲ့။)

ဇာနည် ။ ။ “ကိုအောင်သာငယ်တို့ ကိုဟန်သစ်တို့ သိပါတယ်ဗျာ။ ကျနော် မူးရင် ဘာလိုနေလဲ။ ကျနော်က မူးရင် အေးရာအေးကြောင်း နေတတ်တာပါ။ နောက်ပြီး ခြံစည်းရိုးချိုးဖို့ မပြောနဲ့ ကိုယ့်ဘာသာတောင် အနိုင်နိုင်ရယ်။”

ဟန်သစ်ငြိမ် ။ ။ “ဟုတ်ပါပြီ။ ဒါနဲ့ အဲ့ဒီ့ အဆောင်ပိုင်ရှင်နဲ့ ရှင်းရရောလား။”

ဇာနည် ။ ။ “အဆောင်ပိုင်ရှင် မပြောနဲ့ ဘယ်အဆောင်မှန်းတောင် မသိပါဘူးဗျာ။ သူတို့ အပြောကတော့ အဆောင်ပိုင်ရှင်က ကြေအေးသွားတယ်လို့ ပြောတာပဲ။”

အောင်သာငယ် ။ ။ “အင်းပေါ့။ သူကလည်း သူခိုးဝင်ခံရတဲ့ အိမ်ရှင်ဆိုတော့ ထောင် ၃နှစ်တွေ ဘာတွေ ကြောက်မှာပေါ့။” (ပရိတ်သတ်က ဝါးကနဲ ပွဲကျသွားသည်။)

ချမ်းရဲ ။ ။ “ဟေ့ လူ..... ဟာဗျာ။ သွား.. ခင်ဗျားတို့ပြက်လုံးမထုတ်နဲ့တော့။ မင်းသမီးခေါ်တော့ဗျာ။ ကျနော့ချစ်သူ စောင့်နေတယ်။ နောက်ကျနေပြီ။”

အင်ဒီ ။ ။ “ရောက်တော့လည်း အသိသာကြီးပေါ့ဗျာ။ ပျော်ပျော်ပါးပါးကြီးပေါ့။”

ချမ်းရဲ ။ ။ “ချစ်သူရေ.... ဒီဘဝမှာ မင်းနဲ့ မဆုံရပေမယ့် မိုးနတ်...နတ်....နတ်..............................”

ဖြောင်း... ဗျောင်း.... ဗျောင်း.... ဗီလိန်က သုံးချက်လောက် ဆင့်တီးလိုက်သည်။
ဗီလိန် ။ ။ “လာပြန်ပလား ဒီမိုးနတ်မင်း။ နေစမ်းပါဦးဟ။ ကိုဇာနည်ပြောတာ ဆုံးအောင် နားထောင်ပါဦး။ ဒါနဲ့ပဲ အိမ်ရှင်ကြေအေးတာနဲ့ လွတ်သွားရောလားဗျ။ ကိုဇာနည်ရဲ့။”

ဇာနည် ။ ။ “ဟင့်အင်း။ အဲဒီ့တော့မှ ရဲမှု တဲ့ဆိုပြီး ခုနက ခေါင်းစဉ်ကြီးတွေ တပ်တော့တာပဲ။ အဟင့် အဲလောက်အမှုကြီးတွေ ကျူးလွန်တယ်ဆိုတာ သူတို့ ပြောမှ သိရပါတယ်။ စိတ်ကူးထဲတောင် မကြံစည်ဖူးပါဘူး။ အီး... ဟီး......။”

အင်ဒီ ။ ။ “စိတ်ကူးထဲသာ မကျူးလွန်ဖူးတာ ၃၇၆ နဲ့ ၃ခါကျပြီးပြီ။” (အင်ဒီကောင်က ဝင်တွတ်သည်။)

ချမ်းရဲ ။ ။ “ကျူးလွန်တာတော့ ဟုတ်ပါတယ်။ အခုကျ ဘယ်လိုဘယ်လို စင်ပေါ်ရောက်လာတာတုန်းဗျ။”

ဇာနည် ။ ။ “သြော်...... ဒါကတော့ ကိုသာကြီးရယ်။ အင်ဒီကောင်ရဲ့ ဆိုးရိုးလေးက ဘာတဲ့”

အင်ဒီ ။ ။ “ဆင်ဖြူတော်ထွက် ကိစ္စပြတ်”

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့” တစ်ယောက်တစ်ပေါက် ကကြပြန်သည်။ ဒီတစ်ခါတော့ ချမ်းရဲပါ စိတ်ပါပြီး ကင်းခြေများဖိနပ်စီးသည့်အတိုင်း ဟိုဘက်ခြေထောက်ကို လက်နဲ့ တို့လိုက် ဒီဘက်ခြေထောက်ကို လက်ဖြင့် ထိလိုက်ဖြင့် ကမြင်းကျောထနေသည်။

ဗီလိန် ။ ။ “မကတော့လည်း သူပဲ။ ကတော့လည် ၂ယောက်မရှိဘူး။ နေစမ်းပါဦး ခင်ဗျားကကော ဟိုရက်တွေက ဘာကိစ္စ ဂေဟာကို မလာရတာတုန်း ချမ်းရဲ။ ဒီကိစ္စရှင်း။”

အင်ဒီ ။ ။ “ဟုတ်တယ် ဟုတ်တယ်။ အားလုံးမှာ အကြောင်းပြချက်ရှိလို့ ပျက်ကြတာ။ မင်းက ဂေဟာကို မလေးမစားနဲ့။ ဘာလဲ။ ပုန်ကန်ချင်တာလား သစ္စာဖောက်ချင်တာလား။ ထုချေလွှာ အမြန်တင်။”

ချမ်းရဲ ။ ။ ဒီလိုမပြောပါနဲ့ဗျာ.. အားလုံးက ဂေဟာကို ချစ်ပါတယ်.. တန်ဖိုးထားပါတယ် ။ ဂေဟာနဲ့ အဆက်အသွယ်ပျက်နေတာ.. အကြောင်းရှိတယ်..အကြောင်းရှိတယ် ။

အားလုံး ။ ။ ပြောပြစမ်းပါအုံး ဒါဆို..

ချမ်းရဲ ။ ။ ဒီနေ့ ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ခင်ဗျားတို့ အသိပဲလေဗျာ ။ မုန်တိုင်းတိုက်လိုက် ၊ ငလျင်လှုပ်လိုက် ၊ ရောဂါဆိုးတွေ ဖြစ်လိုက်နဲ့ ..အဲဒီလို ကပ်ဘေးဒဏ်တွေ ခံနေရတဲ့ ပြည်သူပြည်သားတွေဆီ သွားရောက် လေ့လာတယ်.. တတ်နိုင်သလောက် ကူညီတယ် ။

အောင်သာငယ် ။ ။ အော်..တကယ်လားဗျ။ ဒါဆိုရင် သာဓုပါဗျာ... ဘာတွေများသိခဲ့ မြင်ခဲ့ရတုန်း

ချမ်းရဲ ။ ။ (သတင်းသမားလေသံဖြင့်) နာဂစ်မုန်းတိုင်းဖြစ်အပြီးမှာ မုန်တိုင်းဒဏ်ခံကျေးရွာတွေအတွက် ပညာသင်ကျောင်းဆောက်ဖို့ နိုင်ငံတကာလူ့အဖွဲ့အစည်းတွေက ရန်ပုံငွေ ဒေါ်လာ ၁၀ သန်းပေးမယ် ဆိုပြီး ကျွန်တော့်ကို ပြောတယ်။

အင်ဒီ ။ ။ အမ်မယ် တယ်မြင့်ပါလားဗျ

ချမ်းရဲ ။ ။ ကလေးတွေရဲ့ ပညာရေးအတွက်ဆိုပြီး ကျွန်တော်လဲ ဂေဟာက ပညာရေးဝန်ကြီး.. နာမည်က အဲ..ဘယ်သူ..

ဗီလိန် ။ ။ ဇင်ဇင်.. နာမည်တွေလည်း မမှတ်မိပါလား..ငါ့နှယ်နော်

ချမ်းရဲ ။ ။ အင်း..ဇင်ဇင်..ပညာရေးဝန်ကြီး ဇင်ဇင်ကိုယ်တိုင်ကို အဲဒီကိစ္စအတွက် နိုင်ငံတကာအကြီးအကဲတွေဆီ သွားရောက် ဆွေးနွေးခိုင်းလိုက်တယ် ။ ဒါပေမယ့် အဆင်မပြေပါဘူးဗျာ။

ဇာနည် ။ ။ ဟမ်.. ဘာလို့လဲ

ချမ်းရဲ ။ ။ ဇင်ဇင်က သူတို့ပြောတဲ့ အင်္ဂလိပ်စကားကို တစ်လုံးမှ နားမလည်လိုက်ဘူးတဲ့ ။

ဗီလိန် ။ ။ (ကဲဟာ..ဖောင်း..) ဒါ ပညာရေးဝန်ကြီးကို သိက္ခာချတာ ။

ချမ်းရဲ ။ ။ ဒါ ထားပါ.. ရှိသေးတယ်ဗျ.. ဟိုနေ့က ကျွန်တော် ပျင်းပျင်းရှိတာနဲ့ deadly tsunami ဆိုတဲ့ ကိုရီးယားကား သွားကြည့်တာ သနားစရာဗျာ.. တိုက်လောက်မြင့်တဲ့ ရေလှိုင်းလှုံးကြီးတွေမြို့ထဲဝင်လာတာ.. ရေတွေ လမ်းမပေါ်မှာလျှံပြီး မြုပ်တဲ့လူကမြုပ် မျောပါသွားတဲ့လူတွေက မှီရာကို လှမ်းဆွဲ တွယ်ကပ်နေရတာဗျ

အားလုံး ။ ။ သနားစရာဗျာ ။ နာဂစ်တုန်းကလည်း ဒီလိုပဲနေမှာ

ချမ်းရဲ ။ ။ ဟုတ်ပါ့ဗျာ.. အဲဒီအချိန် ဓာတ်တိုင်က ကျိုးကျတော့ လျှပ်စစ်ဓာတ်ကြိုးက ရေထဲကျပြီး ရေပေါ်ကလူတွေ ဓာတ်လိုက်သေသွားတာ မကြည့်ရက်စရာဗျာ ... ကျွန်တော်တို့ မြန်မာပြည်မှာဆိုဖြစ်မှာမဟုတ်ဘူး

အင်ဒီ ။ ။ ဘာလို့တုန်း

ချမ်းရဲ ။ ။ ဓာတ်ကြိုးက လျှပ်စစ်မှမစီးတာ

အားလုံး ။ ။ အမ်...။
အေး..ဟုတ်တော့ ဟုတ်သားဗျ နော်..

ချမ်းရဲ ။ ။ ခုလည်း အဲဒီ မုန်းတိုင်းကျပြီ ရေလွှမ်းခဲ့တဲ့ မြန်မာပြည်ကဒေသတွေမှာ ကြွက်တွေသောင်းကျန်းနေတယ်လို့ကြားတယ်။

ဗီလိန် ။ ။ ကြွက်တွေက အစထဲက သောင်းကျန်းနေတာလေ..

ချမ်းရဲ ။ ။ မရှည်နဲ့...(ရိုက်လျှက်..ဖောင်း ဖောင်း) မရှည်နဲ့ ။ ငါက တကယ့်ကြွက်ကိုပြောတာ..မရှိလို့မှ ခက်နေရတဲ့ ဆင်းရဲသားတွေ..သူတို့ ရင်းနှီး စိုက်ပျိုးထားတာတွေ ကြွက်တွေ စားသောက်ခံရတာနဲ့ ကုန်မှာပဲ။

ဗီလိန် ။ ။ ငါလည်း တကယ့်ကြွက်ကိုပြောတာပဲ။ နေရင်းထိုင်ရင်း အရိုက်ခံရတယ်..အဟင့်

ချမ်းရဲ ။ ။ ဘာဖြစ်ဖြစ်..ရိုက်ရင်ခံ ဒါပဲ..။ အဲဒါ ပုလိပ်ရောဂါရဖြစ်တော့မှာ မကောင်းဘူး။

ဗီလိန် ။ ။ ပုလိပ်ပါဆိုမှ ကောင်းမလား..

ချမ်းရဲ ။ ။ မရှည်နဲ့.. ( ရိုက်လျှက်..ဖောက်..ဖုတ်) မရှည်နဲ့ လို့ ပြောနေတယ်။ ငါက ပုလိပ်ရောဂါကို ပြောတာ

ဗီလိန် ။ ။ ငါလဲ ပုလိပ်ရောဂါ မကောင်းဘူးလို့ ပြောတာလေ။ ဒီပြန်ဝံ ဆော်မယ်ဆိုတာကြီးပဲ (မဲ့လျှက်)

ချမ်းရဲ ။ ။ အဲဒီအတွက် ကျန်းမာရေးဝန်ကြီးကိုတိုင် ဆေးဝါးအပြည့်အစုံနဲ့ သွားကူညီဖို့ ကြံခဲ့သေးတယ်.. အဆင်မပြေလိုက်ပါဘူးဗျာ

ဗီလိန် ။ ။ ဘာလို့တုန်းဗျ

ချမ်းရဲ ။ ။ အဲဒီဆေးဝါးတွေရော ပါလာတာတဲ့ပစ္စည်းတွေ ကြွက်စားတာခံလိုက်ရတယ်လေ...

ဟန်သစ်ငြိမ် ။ ။ အော်....

ချမ်းရဲ ။ ။ ဆောက်လုပ်ရေးဝန်ကြီးလည်း ကူညီဖို့ကြိုးစားခဲ့ပါသေးတယ်ဗျာ။

ဟန်သစ်ငြိမ် ။ ။ ဟုတ်တယ်ဟုတ်တယ်။ (ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ကော်လံသလိုက်သည်)
အောင်သာငယ် ။ ။ ဘယ်လိုတုန်းဗျ ။

ချမ်းရဲ ။ ။ လေဒဏ်သင့် အဆင့်မြင့် လေမုန်တိုင်းဒဏ်ခံ အဆောက်အဦးတွေ စမ်းသပ်တည်ဆောက်ခဲ့သေးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူးဗျာ..

အောင်သာငယ် ။ ။ ဘယ်လိုဖြစ်ရပြန်တာတုန်း

ချမ်းရဲ ။ ။ အိုက်လို့ဆိုပြီး ပန်ကာဖွင့်လိုက်တာ အဆောက်အဦးတစ်ခုလုံးပြိုကျပါလေရော

အားလုံး ။ ။ အဲဒါလား လေမုန်တိုင်ဒဏ်ခံ...ခွပ် ဖောင်..ဖြောင်း.. ကဲဟာ

ချမ်းရဲ ။ ။ အဲဒီ့ အဆောက်အဦးတွေ ပြိုတဲ့ ကိစ္စနဲ့ပဲ ကိုဟန်သစ်ငြိမ်နဲ့ ကျနော် မနည်းရှင်းလိုက်ရသေးတယ်။

အားလုံး ။ ။ ဘယ်လို ရှင်းလိုက်တုန်း

ဟန်သစ်ငြိမ် ။ ။ ဒီမှာ.... အသည်းနှလုံး......

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့”

သောင်းကျန်းကြပြန်သည်။ ဒီဂျေဖိုးဂျယ်၏ ဒီဂျေသံအဆုံးတွင် ကော့ကော့ကော့ကော့နှင့် ထွက်လာသူကား ကိုဇာနည်ဖြစ်သည်။

ဇာနည် ။ ။ သူများတွေပြောတော့ ကျုပ်လည်း ပြောချင်သားဗျ။ ဒီလိုဗျာ ဟိုနေ့က ဘောပွဲနိုင်လို့ ကိုအောင်သာငယ်နဲ့ ကျနော် စားသောက်ဆိုင် သွားစားကြရောဗျာ။

ဟန်သစ်ငြိမ် ။ ။ ဒါမျိုးကျ အသံတိတ် ဟုတ်လား (ဖျောင်းဖျောင်း ဆိုဆော်ထည့်လိုက်သည်။)

အင်ဒီ ။ ။ ကိုဇာနည် ကြွားတာလေးတွေ လျှော့ပြောရင် ပိုကောင်းမယ်ဗျာ။ မဟုတ်ရင် မင်းသမီးခေါ်လိုက်တော့မယ်။

ဇာနည် ။ ။ ဟ စိတ်ကလည်း ကြီးပြန်သကော။ နေပါဦးဟ ကောင်းခန်းလာတော့မယ်။ ဒီလို ကိုအောင်သာငယ်က လူပျိုကြီး လူပျိုကြီးနဲ့ အထင်တော့မသေးလိုက်နဲ့ သူကြိတ်ခိုက်နေတဲ့ ကောင်မလေးရှိသဗျ။

ချမ်းရဲ ။ ။ (အနားသို့တိုးလာပြီး) လုပ်ပါဦးဗျ။ ဒါမျိုးဆို စိတ်ဝင်စားတယ်။ (ကိုအောင်သာငယ်က လက်သည်းကိုက်ကာ ခင်စန်းဝင်းထမီကျွတ်သလို ရှက်ပြနေသည်။)

ဇာနည် ။ ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ့နေ့က စားသောက်ဆိုင်မှာ ကောင်မလေးနဲ့ တည့်တည့်တိုးပါလေရောဗျာ။... အဟိ။

ဗီလိန် ။ ။ သူငယ်ချင်းတွေ စုပြီး လာစားကြတာနေမှာပေါ့။ ဇာတ်ရှိန်ကတော့ တက်လာပြီ။ ဆက်ပါဆက်ပါ။ မြန်မြန်ဆက်စမ်းပါ။

ဇာနည်။ ။ သူပြတော့ ရုတ်တရက် ကျနော်က မြင်ဖူးသလိုလိုတော့ ရှိသားလို့....။ ကောင်မလေးက ဟိုဘက်ဝိုင်း၊ ကျနော်တို့က ဒီဘက်ဝိုင်း၊ ကောင်မလေးတွေက လှမ်းကြည့်လိုက်၊ ကျနော်တို့က လှမ်းကြည့်လိုက်နဲ ကလိကျလိ လုပ်နေတာပေါ့ဗျာ။ ဘီယာလေး တော်တော်ကျပြီး အရှိန်လေးလည်ရရော ကိုသာကြီး စခန်းထတော့တာပဲ။

အောင်သာငယ် ။ ။ မင်းကလဲကွာ။ တော်တော့။ ပြောနဲ့တော့ ဆို.....။ (ရှက်ကိုရှက်ကန်းပုံစံဖြင့် ဒူးခါပြနေသည်)

ဇာနည် ။ ။ ကောင်မလေးကို ချစ်တယ်၊ ကောင်မလေးနဲ့ စကားပြောချင်တယ်၊ ကောင်မလေးကို ခါးလေး ဖက်ထားချင်တယ်။ ကောင်မလေးကို မွှေးမွှေးပေးချင်တယ်၊ ကောင်မလေးကို ........ အဲ..... အင်း...............။ ဒီလိုနဲ့ပဲ သောင်းကျန်းပါလေရောဗျာ။ ဝုန်းဝုန်းဒိုင်းဒိုင်းဖြစ်လာတော့ ဝိတ်တာတွေလည်း ရောက်လာတယ်။

အင်ဒီ ။ ။ ကွိုင်ပဲဗျာ။ ဒီလူကြီးကလဲ။

ဇာနည် ။ ။ ဒါပေမယ့် ဇာနည်လေ။ သိတယ်မလား။ အားလုံးအဆင်ပြေအောင် ရှင်းပေးလိုက်ပါတယ်။ ကိုသာကြီးက ဆန္ဓတွေ အားလုံး ဖြည့်ဆည်းပေးလိုက်တာပေါ့။

ဗီလိန် ။ ။ အားပါးပါးပါး သိပ်ကြိုက်သွားပြီ။ ကိုဇာနည်။ ကျနော်ကောင်မလေးနဲ့ အဆင်ပြေအောင်လည်း လုပ်ပေးဗျာ။ နော် ....။ အဝတိုက်မယ်။ ဘယ်လို အောင်သွယ်ပေးလိုက်လဲ။

ဇာနည် ။ ။ လွယ်ပါတယ်ဗျာ။ အင်ဒီကောင့် ဆိုရိုးလေးနဲ့ပဲပေါ့။

အားလုံး ။ ။ သြော်.................................

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့”

တယောက်တပေါက် ကနေသည့်အထဲမှ ကိုဇာနည်က ဗီလိန့်ကို ဆွဲထုတ်လိုက်ပြီး
ဇာနည် ။ ။ ဒါနဲ့ မင့်ကိုမေးရဦးမယ်။ မင်းညီမလေး အဲဒီ့ဆိုင်မှာ သီချင်းဆိုသေးလား။

ဖျောင်းဖျောင်း.......... ဗျောင်းဗျောင်း............
ဗီလိန်က ဇာနည်ကို မနားတမ်း သမသည်။ ဇာနည်ကလည်း ပုဆိုးမပြီး စင်နောက်ထဲသို့ ပြေးဝင်သွားသည်။ ဗီလိန်လည်း စင်နောက်ထဲထိ လိုက်သမလေတော့သည်။

စင်ပေါ်တွင် ကျန်ခဲ့သည့် ၄ ယောက်ထဲက အင်ဒီကောင်က
အင်ဒီ ။ ။ ကဲ... ပျော်တာလည်း ပျော်ကြတာပေါ့ဗျာ။ ကျနော်တို့လည်း ခွက်ပုန်းလေးကစ်ရအောင် .... အဲလေ။ မင်းသမီးကို အလှည့်ပေးရအောင် ခေါ်ကြပါစို့ဗျာ။

ချမ်းရဲ ။ ။ ဟုတ်ပြီဗျာ။ ကဲ ကိုဟန်သစ်ငြိမ်ပဲ ခေါ်ဗျား

ဟန်သစ်ငြိမ် ။ ။ ခေါ်ဆိုလည်း ခေါ်ရတာပေါ့ဗျာ။ ဒီတခါ ဘယ်သူများလဲ ဗျ။

အောင်သာငယ် ။ ။ မွေးမြူရေးနဲ့ ရေလုပ်ငန်ဝံဂျီး ခေါင်းဆောင် မင်းသမီးချောလေ ဂန်းစတား စွန်မုလေဗျာ။

ဟန်သစ်ငြိမ် ။ ။ ကဲ.... ပန်းစကားရယ် ညှင်းလေရယ် သယ်ပါဘိ ဂန်းစတားနှယ် သင်းလေးရယ် ကျိုင်ပါလေရဲ့ မြင်သူတကာ တင်ကာဆန်း၊ ရင်ဖိုကာ လှိုက်နမ်းချင်လှပြီ။ စွန်မု ဆိုတဲ့ ဆုမွန် ကလေးနှမပျို............ ရေ........

ယိမ်းတိမ်း ယိမ်းတိမ်းနဲ့ မင်းသမီး စင်ပေါ် တက်လာတော့သည်။ သူက ခုနက မင်းသမီးတွေနဲ့မတူ... လှုပ်နေတာမဟုတ်... လေတိုက်လို့ ယိမ်းနေသလိုမျိုးဖြစ်နေသည်။

ဗီလိန်။ ။ `ဟ... ဟ၊ လုပ်ကြပါဦး... တို့မင်းသမီး နာဂစ်မိလာပုံရတယ်...´

အင်ဒီ။ ။ `အာ... မင်းသမီးကော ဟုတ်လို့လား... စင်ပေါ်ကို မြွေတက်လာသလား အောင့်မေ့ရတယ်...´

ဖောင်း... ဖြောင်း...

ချမ်းရဲ။ ။ `မြွေဖြစ်မလားဟ၊ မြွေက မတ်တပ်ကြီး တွန့်တတ်လို့လား...´

အင်ဒီ။ ။ `တွန့်ချင် တွန့်မှာပေါ့... သူက နာဂစ်မိလာတာကိုး...´

အောင်သာငယ်။ ။ `နင်တို့တွေ တော်ကြစမ်းပါ... တော်ကြာ မင်းသမီး နှာကစ်ပြီး ပြန်ဆင်းသွားမှ ခက်နေရော့မယ်...´

ဟန်သစ်ငြိမ်။ ။ `ကဲ... မင်းသမီး... ခုတစ်ခါ ဘာဆိုမှာလဲ... မောင်ကြီး အစိကလိနေပုံလား...´

ဇာနည်။ ။ `အေး... ဟုတ်တယ်၊ ခုနက ဟို... မင်းသမီးဆိုတုန်းက မောင်ကြီးအစိ ကလိနေပုံဆိုတာ... အဲဒါ ဘာကို ပြောတာလဲဟင်...´

ဖောင်း...

အောင်သာငယ်။ ။ `အာ... သူများသမီးပျိုကို ညစ်တီးနဲ့ ညစ်ပတ်တွေ သွားမေးစရာလား...´

ဇာနည်။ ။ `သိဘူးလေ... သူတို့တွေပဲ ဆိုတဲ့ဟာကိုး...´

ဗီလိန်။ ။ `အဲဒါက ခုနက ရင်တင်ဖော်...တဲ့ ဇင်ဇင်ဇော်လေ...´

ဖောင်း၊ ဖြောင်း... ဖောင်း... ခွပ်... ဖောင်း... ဟန်သစ်ငြိမ်မှာ ဗီလိန်ကို အသေသမတော့သည်...

ဟန်သစ်ငြိမ်။ ။ `ကဲဟာ။ သူများသားသမီးကို နာမည် ဖျက်စရာလား...´

ဗီလိန်။ ။ `ဟွန်း... ခုနက သူပဲ အဲလို ခေါ်ပြီးတော့များ... ခုကျမှ...´

အောင်သာငယ်။ ။ `ကဲ... ခင်ဗျားတို့ အသာနေ... ဒီမယ်... မင်းသမီး ခုနကလိုပဲ... စစရာရှိ စ၊ ကစရာရှိက... ပြီးရင်ဂျောင်း...´

မစွန်မု။ ။ `အဟင့်... ကပါမယ်... ပြီးရင်လည်း ဆင်းပါ့မယ်... တကတည်း... ခု မီး သီဆိုကပြမယ့် သီချင်းက... နာမည်ကြီးသီချင်း တစ်ပုဒ်ဖြစ်တဲ့ ကုန်နေပြီ ပဲဖြစ်ပါတယ်...´

ချမ်းရဲ။ ။ `မှုန်ရွှေရည်ပဲ ကြားဖူးပါတယ် မင်းသမီး... ခု ဘယ့်နှယ် ကုန်နေပြီ ဖြစ်ရတာလဲ...´

မစွန်မု။ ။ `အော်... ဒါက ဒီဘက်ခေတ် အီကော်နော်မစ်အရ သီချင်းကို ခံစားချက် ပြောင်းထားတာပါ... နားဆင်ကြည့်ပါနော်...´

ပြောပြီးသည်နှင့် ရွာစားကျော် သံလွင်ဟီးရိုး၏ တဗြုန်းဗြုန်း လက်သံထွက်လာတော့သည်။ ဆိုင်းသံကြားသည်နှင့် မင်းသမီးမှာ မျက်စိမျက်နှာပျက်ပြီး ရွာစားကို ယပ်တောင်ဖြင့် သွားဆော်တော့သည်။

သံလွင်ဟီးရိုး။ ။ `ဟ ဟ၊ မင်းသမီး လူရွှင်တော်တွေ မမဲရတာနဲ့ ကျုပ်လာဖြဲနေပါလား...´

မစွန်မု။ ။ `ဘာမှ ရှင့်လာမဲနေတာ မဟုတ်ဘူး၊ ရှင့်လုပ်ပုံကို ရှင်ပြန်ကြည့်လေ...´

သံလွင်ဟီးရိုး။ ။ `ဘာဖြစ်လို့လဲဗျ...´

မစွန်မု။ ။ `ဘာဖြစ်ရမလဲ... ရှင်တီးနေတာ စိတ်ညစ်လို့ အရက်ကိုသောက်တယ်... အဲဒီ သီချင်း သံစဉ်အလိုက်ကြီးလေ... ကျွန်မကမယ့် ကုန်နေပြီမှ မဟုတ်တာ...´

သံလွင်ဟီးရိုး။ ။ `အဟီး... ဟုတ်သားပဲ... နည်းနည်းလေး လက်ချော်သွားလို့ပါ... ချောဒီးနော် မင်းသမီး ပြန်တီးပေးမယ်... ကဲ... ဒီဂျေ ဖိုးဂျယ် ဒီတစ်ခါ မင်းအရင်ဝင်...´

တွီတွီတွီ... ကျီ ကျီ ကျီ... (မှုန်ရွှေရည် တီးလုံးကို ဒီဂျေ ပွတ်နေသည်ဟု မှတ်ပါ)

ကုန်နေပြီ... ခုန်သေမည်... ၀သုန်မြေမဟီ...

ကုန်နေပြီ... မှိုင်ကာသာငေးမည်... ထိုင်ကာသာချေးမည်...
ဆန်ဆီငွေများ ကုန်လေပြီ... ထမင်းငတ်ဖို့ ရှိလေသည်...
ဟင်းငတ်ဖို့ ရှိလေသည်... ငတ်ပြတ်ပြတ် ဗိုက်မှောက်ခုန်သေမည်... ကုန်နေပြီ...

ကုန်နေပြီ... မှိုင်ကာသာငေးမည်... ထိုင်ကာသာချေးမည်...
ဆန်ဆီငွေများ ကုန်လေပြီ... ထမင်းငတ်ဖို့ ရှိလေသည်...
ဟင်းငတ်ဖို့ ရှိလေသည်... ငတ်ပြတ်ပြတ် ဗိုက်မှောက်ခုန်သေမည်... ကုန်နေပြီ...

ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ငါးထောင်တန် ကယ်လည်းမရပါ... ထမင်းစားဖို့တောင် လိုက်လို့မမီပါပြီ...

ကုန်နေပြီ လွမ်းပြလို့ မထူးခြားတော့သည်
မြင်မြင်သူ အရွဲ့တိုက်တောင် မထူးခြားတော့ပြီ
ကုန်နေပြီ လွမ်းပြလို့ မထူးခြားတော့သည်
မြင်မြင်သူ အရွဲ့တိုက်တောင် မထူးခြားတော့ပြီ
ဆီကုန်ဆားမရှိ ကုန်နေပြီ... ဆန်ကုန်သကြားရှိ ကုန်နေပြီ...
နတ်ဗြဟ္မာတွေ ရွာသွန်းပေးမယ့်... ရွှေမိုး ငွေမိုး မျှော်နေသည်

ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ငါးထောင်တန် ကယ်လည်းမရပါ... ထမင်းစားဖို့တောင် လိုက်လို့မမီပါပြီ...


ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၃ (ဒီဗီဒီ ဗားရှင်း) ကို ဆက်လက် ရှုစား အားပေးကြပါ။

Friday, October 30, 2009

ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၁ (ဒီဗီဒီ ဗားရှင်း)


ငပေါဦးတည်ချက် ၄-ရပ်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

(သရုပ်ဆောင် မာမီအာနိုး၊ ဂေါ်လီ စတားပြား)
ဒက်ဒက်ဒက်ဒက်ဒက်....

တို့ဂေဟာကလူသည်.... ငပေါဘက်က အမြဲရပ်တည်.... အမှန်ပင် ကာကွယ်မည်... တယ်တဲတဲ့တဲ့ တယ့်တဲတဲ့
သတ္တိခဲတွေသည်.... ပုရွက်ဆိတ်လောက် တို့မမှုပြီ.... ဂေဟာက တို့ဖြစ်သည်....

>>
တီဗွီ ။ ။ အာာ... ကျော်လိုက်ပြီလား။ မကျော်နဲ့လေ။
ပရိသတ် ။ ။ ကျော်မှာပဲ အကျင့်ပါနေပြီ။ ငပေါဦးတည်ချက် ဆိုကတည်းက ကျော်ချင်နေတာ။ ရီမုရှာမတွေ့လို့။ အငြိမ့်ကြည့်မလို့ပါ ဆိုမှ စစ်လာ တိုက်ပြနေတယ်။ စစ်တိုက်ချင် စစ်ကားရိုက်ပေါ့။
တီဗွီ ။ ။ အင်းပါကွယ်။ အင်းပါ။ ကော်ပီခွေ မဝယ်တာပဲ ကျေးဇူးတင်ပါတယ်။ သည်းခံရမပေါ့။

-----------------------------------------------------------

ပေ ၂၀၀ ပတ်လည်ရှိသေး ရွှေအိုရောင် လိုက်ကာကြီး ရှေ့တွင် လှပသော ရောင်စုံ ကနုတ်ပန်းဖြင့် ထိုးထားသည့် ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး ဟူသည့် စာတမ်းက ငပေါများအားလုံး၏ နှလုံးသားကို ၂၀၁၂ အလား (ရုပ်ရှင်ထဲကလို) ဖြစ်ကုန်လေတော့သည်။

ခေါင်းဆောင် မင်းသမီး ... ဂန်းစတား စွန်မု (မွေး/ရေ စုမွန်)
ရှေ့ထွက် မင်းသမီး ... ထမင်းတူးဟင်းတူး (နာယကဂျီး
တူးတူးသာ) (ကချင်လွန်းလို့ စောင့်နေတာ အိမ်က ထမင်းအိုးတူးနေတာ မသိ။) နဲ့ ဇင်ဇင်ဇော် (ပညာရေး) (Shift ပျက်နေလျှင် မရိုက်ရ)

ပေါလူရွှင်တော်များ
အင်ဒီဗီလိန်ဇာနည်အောင်သာငယ်ဟန်သစ်ငြိမ်ချမ်းရဲ

ဆိုင်းဝိုင်း
ဆိုင်း
သံလွင်ဟီးရိုး
DJ
ဖိုးဂျယ်
ပလက်ကင်
ကေလာ
ကီးဘုတ်
ခေါင်ခေါင်

စာတမ်းထိုးပြီးသည်နှင့် သံလွင်ဟီးရိုး၏ အဖွင့်ဆိုင်းနှင့်အတူ ရွှေရောင်ကားလိပ်ကြီးကို ဖွင့်ချလိုက်သော် ပေါရွှင်တော်များက လက်အုပ်ချီလျက် မင်္ဂလာရှိစွာ ဦးညွှတ်ဂါရဝ ပြုလိုက်သည်။ သံလွင်ဟီးရိုးက ပတ်ကမကြီးကို “ဂျိ” ကနဲတီးလိုက်သော်လည်း “ဂျိ” ဟု မြည်ရမည့်အစား “ဗျိ” ဟု မြည်သွားလေသည်။ အကြောင်းမှာ အတွင်းရေးမှူး၂ ဗီလိန်သည် ဖဲဝိုင်းမတည်ငွေ မရှိတော့သဖြင့် ပတ်မကြီးမှ သားရေများကို ခွာကာ ပေါင်ထားသဖြင့် လေကို တအားကုန်း၍ အတွင်းအားဖြင့် တီးလိုက်ရာ သံလွင်ဟီးရိုး၏ ပုဆိုးကွဲသွားသည့် မြည်သံ ဗျိ ဖြင့်သာ အသုံးတော်ခံလိုက်ရလေတော့သည်။ ပတ်မကြီးသားရေကိုရွေးရန် သံလွင်ဟီးရိုး အပေါင်ဆိုင် ပြေးနေစဉ် ဖိုးဂျယ်၏ ဒီဂျေဖြင့် ဆက်ကမည်ဖြစ်သည်။

ရွှေရောင်ကားလိပ်ကြီးမှာ အမှန်တော့ ဖွင့်စရာမလိုအောင် ဖွင့်ပြီးသားဖြစ်နေသည် ... အဘယ်ကြောင့်ဆိုသော် ထိုကားလိပ်ကြီးလည်း အပေါင်ဆိုင် ရောက်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လက်အုပ်ချီပြီး ထွက်လာသော ပေါလူရွှင်တော်များ ဒီတိုင်းပင် မိုက်ကရိုဖုန်းရှေ့ သွားရပ်လိုက် လေတော့သည်။ ဗီလိန်က ခွန်းထောက် အဖွင့်ကို စဆိုရန် ဟန်ပါပါဖြင့် ရပ်လိုက်သည်။

ဗီလိန် ။ ။ များကလျာနော် လိုအင်တွေ ပြည့်ကြစေဖို့ ... (ဂျစ်ဂျစ်ဂျစ် ..ခင်မောင် ခင်မောင် - ဖိုးဂျယ်၏ ဒီဂျေပွတ်သံ) များကလျာနော် လိုအင်တွေ ပြည့်ကြ စေဖို့ ... (ယို့ယို့ .. ယက်စ်နိုး အေဘီစီဒီ ခင်မောင်) စားစရာ ချိုချဉ် တရွေးရယ်နဲ့ လာသမျှကိုတဲ့ ဧည့်တော်ခံမယ် ...မယ် ..

ဇာနည် ။ ။ ဟာ ချိုချဉ်မလုပ်နဲ့ ... နေကြာစေ့ပဲလုပ်။ ကျုပ်က နေကြာစေ့ပဲကြိုက်တာ။

အင်ဒီ ။ ။ ဟာ ... ဒါမျိုးဧည့်ခံပွဲဆိုတာ ယမကာလေးပါမှဗျ။ ဟိုက် ကလေးဘာလေးနဲ့ လုပ်ပါဗျာ (မူးသံလေး စွက်၍)

အောင်သာငယ် ။ ။ ညီလေးတို့က ကဗျာမဆန်ပဲကိုး ... အစ်ကိုကြီး သဘောပြောရရင်ဖြစ် ... အော့အော်အော် ပြောရ.. ပြောရရင်ရင်းဖြင့် ...။

ဟန်သစ်ငြိမ် ။ ။ ရိုးရိုးပဲ လုပ်ပါလား တို့ကိုကြီးသာရေ .... ရိုးရိုး လေးသာ လုပ်ပါဗျ။ ကျနော်ကတော့ အန်ဒီကို ထောက်ခံပါတယ် (ဇာတ်သံမှာ နှာသံလေးစွက်၍)

အောင်သာငယ် ။ ။ အစ်ကိုကြီးပြောလို့ မပြီးသေးဘူးလေကွယ် ... ဒီလိုရှိတယ်ကွဲ့ ... ကဗျာဆန်ဆန်ေ ပြာရရင်ဖြင့် ချိုချဉ်ယမကာ နေကြာစေ့နဲ့ ဒီလိုပွဲမျိုး လားလားမှ မဆိုင်ပါတယ် ... လားလားမှ မဆိုင်ပါတယ် ... ။ ဒီတော့ကာ ... ပြင်သစ်ဝိုင်ကလေးနဲ့ လာသမျှကို ဧည့်တော်ခံပါလားကွယ် ဗီလိန်လေးရယ် .. အဲငှယ် အဲငှယ်။

ဗီလိန် ။ ။ သည်းခံပါခင်ဗျာ သည်းခံကြပါခမျ ... တကယ်ဧည့်ခံတော့ ကြိုက်ရာနဲ့ဧည့်ခံကြပါ။ ကျုပ်ကတော့ အလွတ်ကျက်ထားတာ ဒါပဲရပါတယ်။ (အားလုံး မဲ့ရွဲ့လိုက်ကြ) ကဲ ဆက်မယ်။ စားစရာချိုချဉ် တရွေးရယ်နဲ့ လာသမျှကိုတဲ့ ဧည့်တော်ခံမယ် ... ပွဲခေါ်ရန် အငြိမ့်ဆိုင်းတွေနဲ့ ... အလိုဗျာ ... ငပေါဂေဟာရဲ့ ရာဇဝင်တွင်မယ့် နှစ်ပါတ်လည်ပွဲ ဟယ် ပွဲဟယ် ပွဲ ..... ဟဲ ငှဲငှဲ ....... ပွဲ .. (ကိညောင်ကိညောင်ကိညောင် ကွမ်ကွမ်းကွမ်) ရှေ့က ကိညောင်မှာ ကေလာ့ လက်သံဖြစ်၍ နောက်က ကွမ်ကွမ်းကွမ်မှာ ခေါင့်ခေါင် အိမ်မှုံစုံမွှားဖြင့် ထ တီးလိုက်သော ကီးဘုတ်သံဖြစ်သည်။

နောက်ဆုံးက “ပွဲ” ကိုသံရှည်ဆွဲဆိုသည့်နေရာတွင် အကုန်လုံးလိုက်ဆိုသော်လည်း တယောက်တပေါက် ကီးမဝင်သဖြင့် ကီးကို အလွန်ဂရုစိုက်သော ကိုအောင်သာငယ်က လိုက်မဆိုပေ ...။

ပေါငြိမ် ။ ။ ကဲကဲ ... ခွန်းထောက်တော့ အလွတ်ကျက်ထားလို့ ပြီးသွားပြီး ခုဘာဆက်လုပ်ရမှာလဲ။

ဗီလိန် ။ ။ စင်နောက်မှာ ဝိုင်းကကောင်းနေတာတဲ့ သိလား။

ဇာနည် ။ ။ ဟာ ချော်တောက ငေါ့ပြီ ဘာဆက်လုပ်မလဲ မေးတာ ဒီကစားသမားနဲ့တော့ (ပြောရင်း ဇက်ပိုးကို တချက်တီး)

ဗီလိန် ။ ။ သိတယ်လေ ... ခုဏ မမ က ဝိုင်းကောင်းတယ်တဲ့ အချက်ပြနေတယ် .. အဲဒီတော့ ကျနော်တို့လည်း ခဏ အနားရအောင် မင်းသမီးကို ကခိုင်းထားလိုက် မကောင်းဘူးလား။

အင်ဒီ ။ ။ အင်း အာကလည်း ချောက်လာပြီ ... ကောင်းတယ်။ မင်းသမီးခေါ်မယ်။

အောင်သာငယ်။ ။ ကဲ...ဟန်သစ်ငြိမ်... ရှေ့ထွက် မင်းသမီးလေး ဇင်ဇင်ဇော်ကို ခေါ်ချေဗျာ...

ဟန်သစ်ငြိမ်က လက်အုပ်ကို နတ်ပူးသလိုချီရင်း... ပရိသတ်ကို အရိုသေပေးလိုက်သည်။ ပြီးတာနဲ့...

ဟန်သစ်ငြိမ်။ ။ အသွင်မချော် နင်တော်ကာထက်စေဖို့... အဟမ်း... ဘ၀င်မရှော် အစင်မျှော်ကာ တက်နေသို့... အဟမ်း၊ ဟမ်း... ရင်မော်ကာ စင်ပေါ်က အော်လိုက်မယ်... နင် ဖင်ပေါ်သလေ... အေ အေအေ...

ဖြောင်း၊ ဖြောင်း၊ ခွပ်... ဖုံး... ခွပ်... ကျန်လူရွှင်တော်တွေ ၀ိုင်းသမလိုက်ခြင်းဖြစ်သည်။

အောင်သာငယ်။ ။ `ဘယ့်နှယ် ဇင်ဇင်ဇော်ပါဆိုမှ နင်ဖင်ပေါ်သလေး ဘာလေးနဲ့... ကဲ... နင်မရဘူး... ဗီလိန် နင်ခေါ်စမ်း...´

အားလုံး။ ။ `ဟ၊ ဟ... ကန့်ကွက်တယ်... ဘယ့်နှယ်ဗျာ... မင်းသမီးကို ဗီလိန်သွား အခေါ်ခိုင်းရတယ်လို့ စဉ်းစားသာကြည့်...´

အောင်သာငယ်။ ။ `အိုကေ... ဒါဆို ချမ်းရဲ နင်ခေါ်...´

ချမ်းရဲ။ ။ `အဟမ်း၊ ဟမ်း...´

ချမ်းရဲက ချောင်းကို အကျယ်ကြီးဟန့်ပြီး မိုက်ကို မိုက်ကယ်ဂျက်ဆင်စတိုင် ကိုင်လိုက်တယ်... ပြီးတော့မှ...

ချမ်းရဲ ။ ။ “ရင်တင်တွေ အတော်ကြွတာမို့... နင်အပြင်ဆင် ဖော်လှသာမို့... ခင်မင်ချင် အဖော်များလေတဲ့... အင်ဂျင်ညှော်... အော်အော်...”

ဖုံး၊ ခွပ်၊ ခွပ်၊ ဖုံး... ဖြောင်း... သူ့ကိုလည်း ကျန်လူတွေ ၀ိုင်းသမခြင်းဖြစ်သည်။

အောင်သာငယ် ။ ။ “ဘယ့်နှယ်... ဇင်ဇင်ဇော်ပါဆို အင်ဂျင်က ညှော်ရသလား...”

ချမ်းရဲ ။ ။ “ဟ... ညှော်တော့မပေါ့... မီးမှမလာတော့ ၂၄ နာရီ ဒီမီးစက်ကြီးမောင်းနေတာ အင်ဂျင်က မညှော်ပဲ နေမလားဟ...”

အောင်သာငယ် ။ ။ “တော်တော်၊ နင်လည်း မဖြစ်ချေဘူး... နောက်လူဆက်ခေါ်”

အင်ဒီ ။ ။ ကဲပါဗျာ။ ကျနော်ခေါ်ပါမယ်။ ဟိုက်ကော်မရှင်နာလို ရင်လှိုက်ငင်ကာ အသုံးတော်ခံဖို့၊ ဂရန်းရွိုင်ရယ်လို တသျှမ်းလှိုင်လှိုင် ဂုဏ်သတင်း ကျူးရင့်ပါတဲ့၊ မယ်ဂေါင် သုံးပက်နဲ့ ပရိတ်သတ် အရယ်မရပ်ခင်၊ ဆော်ဒါ ၂ ခွက်နဲ့ ဗော်ကာ စပ်လိုက်မယ်။ အပီအပြင်ဆော်ပါမယ့် ဇင်ဇင်ဇော်ရေ့။

အင့်... (အောင်သာငယ်က စောင့်ကန်လိုက်ခြင်းဖြစ်သည်။)

အောင်သာငယ် ။ ။ “ဘာကို အပီအပြင်ဆော်မှာတုန်း။”

အင်ဒီ ။ ။ “က ကတာကိုပြောတာလေ။”

ဇာနည် ။ ။ “ကဲဗျာ ကဲဗျာ။ ဂေဟာက လူတွေ ဖြစ်ပြီး မင်းသမီးတောင် အဖြစ်ရှိအောင် မခေါ်တတ်ဘူး။ ခေတ်ရေစီးကြောင်းနဲ့ ညီသွားအောင် ကျနော်က ဟစ်ဟော့နဲ့ ခေါ်မယ် ဟစ်ဟော့နဲ့”

အောင်သာငယ် ။ ။ “အောင်မာ အောင်မာ။ ကြီးကြီးကျယ်ကျယ်တွေ လုပ်ပြန်ပြီ။ ခေတ်ရေစီးကြောင်းလေး ဘာလေးနဲ့။ ကဲ ခေါ်စမ်းပါဦး ခေါ်စမ်းပါဦး။”

ဇာနည် ။ ။ “ကဲ ဒီဂျေ ဖိုးဂျယ်ရေ့။ အိုးလေး တစ်ချက်လောက်။”
“ခွန်းထောက်ကို စပ်ကာဆို၊ တချို့ငပေါတွေ မျက်နှာညို ပေါခြင်းကို ရှက်စရာလို့ အတွေးမှားရင် ပြဿနာဗျို့......”
အားလုံး ။ ။ “အိုးလေး လှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့”

ဇာနည် ။ ။ “ဇဂွဲရေး ငတ်သတ်နဲ့ ဇဂွဲရေး ငတ်သတ်နဲ့ ဇော်လေး ထပ်ကပ်ထည့်၊ ထပ်ခေါ်ရင် Shift တော့ မမေ့နဲ့ ချစ်တော့ ချစ်သဟေ့ ပေါတော့ ပေါသဟေ့။ အကျင့်ကတော့ ငပေါလိုမျိုး လူကြီးမိဘတွေ စိတ်တွေဆိုး၊ အလုပ်အကိုင်ရာထူးက ပညာပေးလိုက်မယ်။ အငေါက်အငမ်း ကြမ်းတယ်နော်။ ဗိုက်ကလေးကပူ ချက်ကလေးကစူ.................
အားလုံး ။ ။ ”အိုးလေး လှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့”

ဖျောင်း....... ဖျောင်း..... ဒိုင်း...... ဘုန်း..........
အောင်သာငယ် ။ ။ “ဒီဗိုက်ပူတာက မတက်တော့ဘူးလား ဆက်ဆိုရင် မင်းသမီး စိတ်ဆိုးပြီး ထွက်မလာပဲ နေတော့မပေါ့။”

ဗီလိန် ။ ။ အိုးလေးလှုပ်ပါဟေ့.... ဟေ့ဟေ့.. လှုပ်ပါဟေ့.... (အရှိန်မသေသေးသည့် ဗီလိန်က ရာဇာနေဝင်း ဒီဇိုင်းဖြင့် ဆက်ကနေသေးသည်။)
အင့်....... (အောင်သာငယ်က ဖနောင့်နှင့်ပေါက်လိုက်တော့ ခွက်ပုန်းအရှိန်နှင့် လဲကျသွားသည်။)

အောင်သာငယ် ။ ။ “ကဲ ဘယ်သူမှ မခေါ်နိုင်ရင် ငါပဲ ခေါ်တော့မယ်။ ကဲ.... မြင်သူတကာ မော်ကြွားစေဖို့၊ ရင်ဖိုကာ ရှုစားလေမယ့်၊ အကြင်နာရှင် ဇင်ဇင်ဇော်ရေ့။ စင်ပေါ်တင် ကပြပါစို့... ကလေးနှမပျို......... ရေ။” (ပလို့ဂျိ... )

မျက်စိကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မင်းသမီး ဇင်ဇင်ဇော် ထွက်လာသည်။ ရှိသမျှ ပစ္စည်းတွေကို အသားကုန် လှုပ်ခါ လှုပ်ယမ်းယုံမျှ မက လက်ကလည်း ယပ်တောင်ကိုပါ ယမ်းနေသေးသည်။

ဇာနည်။ ။ `ဟ… ဟ... မင်းသမီး၊ အရမ်းမယမ်းနဲ့လေ... ´

ဇင်ဇင်ဇော်။ ။ `အရမ်းယမ်းတော့ ဘာဖြစ်သလဲရှင့်...´

ဇာနည်။ ။ `အရမ်းယမ်းတော့ အရမ်းယမ်းတာပေါ့...´

အင်ဒီ။ ။ `အရမ်းအရမ်းကို ယမ်းတာပါပဲချဉ်... အင်...´

ဟန်သစ်ငြိမ်။ ။ `ဒီလိုလေ မင်းသမီးရဲ့... သိက္ခာကျတယ်ဆိုတာ ရှိတယ်လေ...´

ဇင်ဇင်ဇော်။ ။ `ဘယ်လိုလဲရှင့်... ပြောပါဦး´

ဟန်သစ်ငြိမ်။ ။ `သိက္ခာကျတယ်ဆိုတာ သိပ်ခါရင် ကျတယ်လို့ ပြောတာ...´

ဖောင်း၊ ဖြောင်း၊ ဖုံး... ခွပ်... ဖြောင်း... ကျန်လူတွေက စောင့်နေတာ ကြာပြီ။ ချက်ချင်းကို ၀ိုင်းသမတော့သည်။

ဇင်ဇင်ဇော်။ ။ `အဟီး ဟီး... မီးက အကောင်းမှတ်လို့ နားထောင်နေတာ...´

အောင်သာငယ်။ ။ `ကဲ... ကဲ... မင်းသမီး အကောင်းတွေ အဆိုးတွေ မှတ်မနေနဲ့ ဒါ တရားစခန်း မဟုတ်ဘူး... နင်က ရှေ့ထွက်နော်... နင့်နောက်မှာ... တပြုံကြီး ကျန်သေးတယ်... ကစရာရှိက... ဆိုစရာရှိဆို... ပြီးရင် ဆင်း...´

ဇင်ဇင်ဇော်။ ။ `အဟင့်... မီးကို ကပြီးရင် ဆင်းတဲ့... အစ်ကိုတို့ရေ ကယ်ပါဦး´

အင်ဒီ။ ။ `ဒီမယ် ကိုအောင်သာငယ်... ကောင်မလေးကို လွှတ်လိုက်´

ဟန်သစ်ငြိမ်။ ။ `ကဲ... ခင်ဗျားတို့ ရန်ဖြစ်နေတာနဲ့ ပရိသတ်က မောတော့မယ်... ကဲ... မင်းသမီး စချေဗျာ...´

ဇင်ဇင်ဇော်။ ။ `မီး သီဆိုကပြမယ့် သီချင်းကတော့ `ချစ်အာရုံ´ ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်... အဲဒါကို တေးရေးဆရာက ဒီဘက်ခေတ်နဲ့ လျှော်ညီအောင် `Love Feeling´ ဆိုပြီး ပြင်ဆင်ရေးဖွဲ့ပေးထားတာပါ။ အားပေးကြပါနော်...´

ပြောပြီးသည်နှင့် မင်းသမီး ဇင်ဇင်ဇော်မှာ တစ်ကိုယ်လုံး ခြေဆုံးခေါင်းဆုံး လှုပ်ခါယမ်းကာ ကတော့သည်။

ကျွန်မရဲ့ ဖြစ်ပုံ... ဖြစ်ပုံ အဆန်းစုံ
Night Club တက်မိတော့ မောင်ကြီးနဲ့ ဆုံသလေတော့
မြင်မြင်ချင်းအသိ မောင်ကြီးအစိ ကလိနေပုံ
ပျိုလေးမိ Feeling တွေ တသိမ့်သိမ့်ရှိုက်လို့တုန်
မြန်လှချည်ရဲ့ Love မိတဲ့ Love Feeling

ကျွန်မရဲ့ ဖြစ်ပုံ... ဖြစ်ပုံ အဆန်းစုံ
Night Club တက်မိတော့ မောင်ကြီးနဲ့ ဆုံသလေတော့
မြင်မြင်ချင်းအသိ မောင်ကြီးအစိ ကလိနေပုံ
ပျိုလေးမိ Feeling တွေ တသိမ့်သိမ့်ရှိုက်လို့တုန်
မြန်လှချည်ရဲ့ Love မိတဲ့ Love Feeling

နုထွားပျို Body သူ့အသည်းမှာ Like နေပါသတဲ့
သည်းလိုက်တဲ့ ဖြစ်ပုံ...
နုထွားပျို Kissing သူ့ပါးမှာ Want နေပါသတဲ့
သည်းလိုက်တဲ့ ဖြစ်ပုံ

ဘီယာကုန်ရင် လိုက်ခဲ့ပါလား ဖိတ်ခေါ်ပါရဲ့ ယုံ
လူယိုင်နေတာတောင် လိုက်လို့လာမလား ဖိတ်ခေါ်နေတဲ့သူ
ဘီယာကုန်ရင် လိုက်ခဲ့ပါလား ဖိတ်ခေါ်ပါရဲ့ ယုံ
လူယိုင်နေတာတောင် လိုက်လို့လာမလား ဖိတ်ခေါ်နေတဲ့သူ

မူးပြီး ကဖို့အတွက် ဟိုနေရာမှာ လူတွေပြုံ
ပျိုလေးတို့ မအိပ်ဘူးဆို တစ်ညလုံးပဲ ခုန်ခုန်
သောက်လို့မူးရိုးမရှိဘူး မယုံချင်နေ ယုံ
ကကြပါစို့ ဒီ Club မပိတ်သေး ခင်လေးပါကွယ့်

အရက်ဘီယာ မှာချင်သလိုမှာ
Pepsi သောက်ချင်လည်း
ကြိုက်သလောက်သောက်တဲ့ ကြိုက်သလောက်သောက်တဲ့
အရက်ဘီယာ မှာချင်သလိုမှာ
Pepsi သောက်ချင်လည်း
ကြိုက်သလောက်သောက်တဲ့ ကြိုက်သလောက်သောက်တဲ့

ကလိုက်တာအမူးပဲ စိတ်ကတော့ သိပ်မလုံပါရှင်
မောင်ကြီး လာမယ့် Club မျှော်မှန်း ပျိုလေး ချစ်အာရုံ


မင်းသမီးဇင်ဇင်ဇော် ကပြီးတော့ ပရိသတ်ကို လက်အုပ်ချီ အရိုအသေပြုကာ ထုံးစံအတိုင်း လှုပ်ခါ လှုပ်ယမ်းပြီး စင်ပေါ်မှ ဆင်းသွားတော့သည်။
ဒီလိုနဲ့ လူရွှင်တော်ခြောက်ယောက် စင်ပေါ်သို့ ကို့ရိုးကားယားနဲ့ ပြန်တက်လာသည်။

ဟန်သစ်ငြိမ်။ ။`ကဲ... ဘော်ဒါတို့ရေ... အငြိမ့်အစ သံချပ်ကဆိုတော့... အငြိမ့်တို့ရဲ့ ထုံးစံ သံချပ်ကို ချန်ထားလို့ မဖြစ်ချေဘူး...´

ဗီလိန်။ ။`ဟုတ်တာပေါ့ ကိုဟန်သစ်ငြိမ်... အဲဒီတော့ သံချပ်တိုင်ဖို့က...´

ဟန်သစ်ငြိမ်။ ။ `ကျွန်တော်က တိုင်မယ်၊ ကျွန်တော်က ရှေ့ကနေ... မိုးမိုး မိုးလား မောင်တို့ဆို... ခင်ဗျားတို့က နောက်ကနေ... လေလေ လေလားမောင်တို့ အဲလို လိုက်ပေါ့ဗျာ...´

ဗီလိန်။ ။ `အိုကေ... ညီစေနော် ရဲဘော်တို့...´

ဟန်သစ်ငြိမ်။ ။ `ကဲ... မိုးမိုး မိုးလားမောင်တို့...´
အားလုံး။ ။ `လေလေ... လေလားမောင်တို့...´

ဟန်သစ်ငြိမ်။ ။ `ဟေ့... လေလေ လေလားမောင်တို့...´
အားလုံး။ ။ `အော်... မိုးမိုး မိုးလားမောင်တို့...´

ဟန်သစ်ငြိမ်။ ။ `ငပေါဦးတည်ချက် လေးရပ်ဟာ...´
အားလုံး။ ။ `လေလေ လေလားမောင်တို့´

ခွပ်၊ ဖုံး၊ ဖြောင်း... ဖြောင်း... ဖုံး... ဟန်သစ်ငြိမ်က ကျန်လူတွေကို လိုက်သမတော့သည်။ ပြီးတော့မှ...

ဟန်သစ်ငြိမ်။ ။ `ဘယ့်နှယ်ဗျာ... ငပေါဦးတည်ချက်လေးရပ်က... လေဖြစ်မလား၊ စဉ်းစဉ်းစားစား လုပ်ကြစမ်းပါ´

ဇာနည်။ ။ `သိဘူးလေဗျာ... ခင်ဗျားမှ တိုင်မပေးဘဲ...´

ဟန်သစ်ငြိမ်။ ။ `ဒီလိုလေဗျာ... ငပေါဦးတည်ချက် လေးရပ်ဟာ... ငပေါဂေဟာ ဓွန့်ရှည်ကြာဖို့... အိုကေနော်...´

ဇာနည်။ ။ `အိုကေ... ပြန်စ´

ဟန်သစ်ငြိမ်။ ။ `ငပေါဂေဟာ ဓွန့်ရှည်ကြာဖို့...´
အားလုံး။ ။ `ငပေါဦးတည်ချက် လေးရပ်ပါ...´

ဟန်သစ်ငြိမ်။ ။ `၀ံဂျီးတွေ ခွက်ပုန်းချကြတာ...´
အားလုံး။ ။ `ငပေါဂေဟာ ဓွန့်ရှည်ကြာဖို့...´

ဖြောင်း၊ ခွပ်၊ ခွပ်၊ ဖုံး... ဖောင်း...

ဟန်သစ်ငြိမ်။ ။ `ဟွန်း၊ အရက်သောက်တာ ငပေါဂေဟာ ဓွန့်ရှည်ကြာမလား၊ ရန်ဘုံးငွေတွေ ပြုန်းဖို့ပဲ ရှိတာပေါ့... စဉ်းစဉ်းစားစားလည်း လုပ်ကြပါ... ငပေါကတို့ရေ...´

အင်ဒီ။ ။ `သိဘူးလေ၊ ခင်ဗျားကြီးက ပြောမှ မပြောဘဲ...´

ဟန်သစ်ငြိမ်။ ။ `ကဲ... ဒီလိုဆို... ခွက်ပုန်းချပြီး အရက်သောက်တာ... နာယကဂျီးမှာ ငိုမဲ့ငိုမဲ့... ဟုတ်ဘူးလား... နာယကဂျီး စိတ်ဆင်းရဲမပေါ့... ခင်ဗျားတို့တွေ သောက်စားနေကြတော့...´

ချမ်းရဲ။ ။ `နာယကဂျီးက ငိုစရာလား...´

ဗီလိန်။ ။ `ငိုချင် ငိုမှာပေါ့... သူမပါရလို့ ငိုတာနေမှာ...´

ဟန်သစ်ငြိမ်။ ။ `ကဲ... ထားဗျာ ကျုပ်က တိုင်ရမှာလား ခင်ဗျားတို့က တိုင်ရမှာလား လိုက်ဆို.. ၀ံဂျီးတွေ ခွက်ပုန်းချကြတာ´
အားလုံး။ ။ `နာယကဂျီးမှာ ငိုမဲ့ ငိုမဲ့...´

ဟန်သစ်ငြိမ်။ ။ `နာယကဂျီးခမျာ ငိုမဲ့ ငိုမဲ့´
အားလုံး။ ။ `၀ံဂျီးတွေ ခွက်ပုန်း ချကြတာ´

ဟန်သစ်ငြိမ်။ ။ `အရက်မပါတဲ့ အခမ်းအနားပါ...´
အားလုံး။ ။ `နာယကကြီးခမျာ ငိုမဲ့ငိုမဲ့...´

ဖုံး၊ ခွပ်၊ အင့်... ဖြောင်း... ဖုံး...

ဟန်သစ်ငြိမ်။ ။ `အရက်မပါတဲ့ အခမ်းအနားဆိုမှပဲ... နာယကဂျီးက ငိုစရာလား... ခုပဲ တိုင်ပေး ထားတယ်လေ အရက်သောက်တာ သူမကြိုက်ပါဘူးဆို...´

အားလုံး။ ။ `ဟုတ်လို့လား၊ ဟုတ်လို့လား... ဟေ…´

ဟန်သစ်ငြိမ်။ ။ `ခင်ဗျားတို့ဗျာ... ကျုပ်တို့ နာယကဂျီးကို နာမည်ဖျက်ဖို့ပဲ လုပ်နေ... ကဲ... ဒီလိုဖြစ်ရမှာလေ... အရက်မပါတဲ့ အခမ်းအနားဆိုမှတော့ ဘုန်းကြီးကျောင်းမှာ လုပ်တာပါဗျ... အဲလိုဖြစ်ရမှာပေါ့... ကဲ ပြန်စမယ်´

အားလုံး။ ။ `ပြောပြောက စောပေါ့...´

ဟန်သစ်ငြိမ်။ ။ `ဘုန်းကြီးကျောင်းမှာ လုပ်တာပါဗျ´
အားလုံး။ ။ `အရက်မပါတဲ့ အခမ်းအနားပါ´

ဟန်သစ်ငြိမ်။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ...´
အားလုံး။ ။ `ဘုန်းကြီးကျောင်းမှာ လုပ်တာပါဗျ´

ဖုံး၊ ခွပ်... ဖုံး... ဖြောင်း... ခွပ်...

ဟန်သစ်ငြိမ်။ ။ `ဟေ့လူတွေ... တော်တော်... ဘယ့်နှယ်ဗျာ... လက်နက်ကိုင်ပြီး ရမ်းကားတာ၊ ဘုန်းကြီးကျောင်းမှာ ဖြစ်မလားဗျ... စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး ငပေါ ကတို့ရေ...´

အားလုံး။ ။ `ဘယ်သိမှာလဲ... ခင်ဗျားမှ တိုင်မပေးဘဲ...´

ဟန်သစ်ငြိမ်။ ။ `ကဲ... ကဲ... လက်နက်ကိုင်ပြီး ရမ်းကားတာ အရှေ့အလယ်ပိုင်း ပြဿနာပါဗျ... ဟုတ်တယ်နော်...´

အားလုံး။ ။ `ဟုတ်ပါပြီ ပြန်ဆက်...´

ဟန်သစ်ငြိမ်။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ...´
အားလုံး ။ ။ `အရှေ့အလယ်ပိုင်း ပြဿနာပါဗျ...´

ဟန်သစ်ငြိမ်။ ။ `အရှေ့အလယ်ပိုင်း ပြဿနာပါဗျ...´
အားလုံး။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ´

ဟန်သစ်ငြိမ်။ ။ `၀ံဂျီးတွေ အနှိပ်ခန်း သွားကြတာ...´
အားလုံး။ ။ `အရှေ့အလယ်ပိုင်း ပြဿနာပါဗျ...´

ဖုံး... ဖြောင်း... ဖြောင်း... ဖုံး... ခွပ်

ဟန်သစ်ငြိမ်။ ။ `၀ံဂျီးတွေ အနှိပ်ခန်းသွားတာနဲ့... အရှေ့အလယ်ပိုင်းနဲ့ ဘာဆိုင်လို့လဲ...´
အားလုံး။ ။ `ဟို၊ ဟိုလေ... ဒါလည်း အရှေ့အလယ်ပိုင်းပဲ မဟုတ်လား... အရှေ့ရဲ့...´

ဖောင်း... ဖြောင်း...

ဟန်သစ်ငြိမ်။ ။ `တော်စမ်းပါဗျာ... ညစ်တီးနဲ့ ညစ်ပတ်တွေပဲ တွေးနေ... စိစစ်ရေးတင်မှ ဆင်ဆာဖြတ်ခံနေရမယ်... ဘာမှတ်နေလဲ...´

အားလုံး။ ။ `ဟို... သူတို့က ဒါမျိုးဆို ဖြတ်ဘူးဗျ... ဟိုဟာတွေပဲ...´

ဟန်သစ်ငြိမ်။ ။ `တော်စမ်းဗျာ... ၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာ... လိုအပ်တာတွေ စစ်ဆေးမှာကြား... အဲလိုဖြစ်ရမှာပေါ့... အိုကေနော်... ပြန်ဆိုမယ်... ၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာ´
အားလုံး။ ။ `လိုအပ်တာတွေ စစ်ဆေးမှာကြား...´

ဟန်သစ်ငြိမ်။ ။ `လိုအပ်တာတွေ စစ်ဆေးမှာကြား...´
အားလုံး။ ။ `၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာဗျ´

ဟန်သစ်ငြိမ်။ ။ `မင်းသမီးတွေ အ၀တ်အစား လဲတဲ့အခါ´
အားလုံး။ ။ `လိုအပ်တာတွေ စစ်ဆေးမှာကြား´

ဖုံး... ခွပ်... ဖြောင်း... ဖောင်း... ဖုံး...

ဟန်သစ်ငြိမ်။ ။ `ကဲဟာ... ကဲဟာ... သူတို့ အ၀တ်အစားလဲတာနဲ့ နင်တို့က စစ်ဆေးမှာကြားစရာလား... ဒါမျိုးကျ အတိုင်ဖောက်က ညီလိုက်တာ... စစ်မယ်စစ် ငါပဲ စစ်ရမှာပေါ့...´

ခွပ်... ဖြောင်း... ဖုံး... အင့်... ခွပ်... ဟန်သစ်ငြိမ်ကို ပြန်ဝိုင်းသမကြတော့သည်။

အောင်သာငယ်။ ။ `နင်ကကော စစ်စရာလား... သူ့ဘာသာ အ၀တ်စားလဲတာ...´

ဟန်သစ်ငြိမ်။ `အင်းလေ... ဒါဆိုလည်း ပြီးရောမဟုတ်လား၊ ဘယ်သူမှ မစစ်နဲ့... ကဲ ပြန်ဆိုမယ်... အမှန်က မင်းသမီးတွေ ၀တ်စားလဲတဲ့အခါ... လူရွှင်တော်တွေ ဖျော်ဖြေပေးကြ... အဲလိုဆိုရမှာ...´

ဗီလိန်။ ။ `ဟုတ်ဘူးဗျ... အမှန်က Spy Cam နဲ့ ရိုက်ပြီး စင်ပေါ်မှာ ပိတ်ကားကြီးနဲ့ ပြရမှာ...´

ဖုံး... ခွပ်... အင့်...

ဟန်သစ်ငြိမ်။ ။ `တော်စမ်းပါ... ဆင်ဆာနော်... တော်ကြာ ဒီဗီဒီ မထွက်ဘဲ နေမယ်... ကဲ... ပြန်ဆိုမယ်... မင်းသမီးတွေ ၀တ်စားလဲတဲ့အခါ...´
အားလုံး။ ။ `လူရွှင်တော်တွေ ဖျော်ဖြေပေးကြ´

ဟန်သစ်ငြိမ်။ ။ `လူရွှင်တော်တွေ ဖျော်ဖြေပေးကြ...´
အားလုံး။ ။ `မင်းသမီးတွေ ၀တ်စားလဲတဲ့အခါ´

ဟန်သစ်ငြိမ်။ `ငပေါဂေဟာ တိုးတက်အောင်´
အားလုံး။ ။ `လူရွှင်တော်တွေ ဖျော်ဖြေပေးကြ...´

ဖုန်း၊ ခွပ်၊ အင့်... ဖြောင်း...

အားလုံး။ ။ `ဟေ့ လူရွှင်တော်တွေ ဖျော်ဖြေပေးကြ ငပေါဂေဟာ တိုးတက်အောင်...´

ဟန်သစ်ငြိမ်။ ။ `ဟေ့... မဟုတ်ဘူးလေ... ဟ ဟ´

ဟန်သစ်ငြိမ်လည်း ထိန်းလို့ မနိုင်တော့ဘူး... လူရွှင်တော်တွေလည်း ပြောချင်တာ ပြောကုန်ကြပြီ။ အတိုင်ဖောက်ကိုညီလို့...

အားလုံး။ ။ `ငပေါဂေဟာ တိုးတက်အောင်... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `အရက်မပါတဲ့ အခမ်းအနားပါ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `ခွက်ပုန်းချပြီး အရက်သောက်တာ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `ငပေါဦးတည်ချက်လေးရပ်ပါ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´

ပြောပြီး အားလုံး စင်နောက်ဘက် ၀င်သွားကြတော့ ဟန်သစ်ငြိမ် တစ်ယောက်တည်း မတ်တပ်ကြီး စင်ရှေ့မှာ ကျန်ခဲ့လေတော့သည်။

စင်နောက်ပြေးဝင်သွားရင်း တလက်စတည်း ဖဲဝိုင်းဝင်ထိုင်သော ဗီလိန်ကို ကိုဇာနည်က အတင်းဆွဲခေါ်လာရသည်။ အန်ဒီကောင်ကတော့ ခွက်ပုန်း ရအောင်ကစ်လိုက်သေးသည်။

စင်ရှေ့ရောက်သည်နှင့် ဗီလိန်က ကိုအောင်သာငယ်နားကပ်ကာ “အစ်ကိုကြီး ကျနော်တို့ နောက်ထပ် မင်းသမီးတယောက်ပဲ ထပ်ခေါ်ရင် ကောင်းမယ်ထင်တယ်။ ဝိုင်းက တော်တော်လေး မြိုင်နေတာဗျ။ အဟီး လက်ယားလာပြီ”

အောင်သာငယ်။ ။ ခေါ်လေ ကောင်းသားပဲ မင်းသမီး ကနေတုန်း ... ကဗျာလေးဘာလေး ရေးပြီး ပို့စ်အသစ်တင်လိုက်ဦးမယ်။

ချန်းရဲ။ ။ ကြာတယ်ဗျာ ခုပဲခေါ်မယ်။ ကဲ ... အပျင်းတကယ်ကြီးတဲ့ အိုဘယ့် ကျနော်တို့ရဲ့ မင်းသမီးရေ ... လာပါဦး။

ပေါငြိမ်။ ။ ဟာ မင်းသမီးခေါ်တာ ပဲပြုတ်သည်ခေါ်တာ ကျနေတာပဲ ကျုပ်ခေါ်မယ် ကြည့်။

မင်းသမီးနာယကကြီးမှာ ကချင်လွန်းအားကြီးသောကြောင့် ခေါ်ပင်မခေါ်ရသေးဘဲ စင်ပေါ်ရောက်လာလေသည်။

မတူး။ ။ အို ဟောဒီဘက်က ကိုလိန်လိန်လေးတဲ့လား
ဗီလိန်။ ။ ဟင် ဘယ်အပေါက်က ဝင်လာတာတုန်း။ ဆောရီး ... ဟုတ်ပါ့မတူးရေ။

မတူး။ ။ ဒီဘက်က ကိုဇာနည်ထင်ပါ့။
ကိုဇာနည်။ ။ သိရင်လည်း ဘာလို့မေးနေသေးလဲ ... အားလုံးသိပြီးသားတွေ၊ ပရိသတ်လည်း ဒီလူတွေကို သိချင်တာမဟုတ်ဘူး။ နှုတ်ဆက် မနေနဲ့တော့ ကမှာဖြင့်က ... (ဆောင့်ကြီးအောင့်ကြီးဖြင့်ပြော)

မတူး။ ။ ဒါက ဖော်မြူလာအရ လုပ်ရတာပါရှင့် ကဲ ... ပေါငြိမ်ရေ ..
ဟန်သစ်ငြိမ်။ ။ ခည

မတူး။ ။ ဟော ဟိုနားလေးက ကိုအောင်သာငယ်လားရှင့်
အောင်သာငယ် ။ ။ ရှိ.. အိ.. ညှိ... ဂွိ..
ဟန်သစ်ငြိမ် ။ ။ အံမယ်။ မသိရင် စစ်တပ်ထဲမှာ ဆပ်ပြာတန်းစီတာ ကျနေတာပဲ။
ဗီလိန် ။ ။ အံဒါ ဆပ်ပြာတန်းစီတာ မဟုတ်ဘူး။ ဈေးရေအိမ်မှာ တန်းစီရင်းနဲ့ ချုပ်တီးထားရတဲ့ အသံ။
ဖျောင်း.... အောင်သာငယ်က ဗီလိန်ကို လှမ်းဆော်လိုက်သည်။

မတူး ။ ။ ဟိုထောင့်လေးက မောင်လေး ချမ်းရဲလားကွယ်။
ချမ်းရဲ ။ ။ ဟုတ်ကြောင်းမှန်ပါ့ အစ်မကြီး ဒဗလယ်တူးရေ့
ဇာနည် ။ ။ တော်တော် ဘိုလိုကြိုက်တယ်ဟုတ်လား။ ငါ့ မာဘိုလို တစ်ဗူးလောက်ဝယ်ပေးစမ်းပါ။
အောင်သာငယ် ။ ။ အရေးထဲ လာငတ်နေသေးတယ်။

မတူး။ ။ ဒီဘက်ကကော အောင်ဒီကန်တဲ့လား ...
အန်ဒီ။ ။ မလွဲမသွေ မူးနေကြောင်းပါ အစ်မဂျီးရေ ... ရေချိန်မကိုက်သေးလို့ တပိုင်းဖိုးလောက် ..။

ချန်းရဲ။ ။ အရေးထဲ ဒီအရက်သမားက တမျိုး (ဇက်ပိုးကို တချက်အုပ်ရင်းပြော) ကဲကဲ ပရိသတ်လည်း အော်ကျော့လန်လှပြီ ... ဘာသီချင်းနဲ့ ကမှာလဲ အစ်မဂျီးရဲ့။

မတူး။ ။ ကျမ ဒီနေ့ကမယ့် သီချင်းလေး နာမည်ကတော့ ချိုမိုင်မိုင်ပါတဲ့ရှင် ...။

ကိုဇာနည်။ ။ သြော်..... မင်းသမီးက တော်တော်ကို ခက်ခဲနက်နဲတဲ့ သီချင်းနဲ့ ကမှာကိုး ...

မတူး။ ။ မဟုတ်ပါဘူးရှင် ...

ဗီလိန်။ ။ ဟုတ်ပါတယ်ရှင် လို့ပြောရမှာလေ အစ်မဂျီး။

မတူး။ ။ ဒီလိုပါ မဟုတ်ပါဘူးရှင်ဆိုတာက ဟုတ်ပါတယ်ရှင် ... ဘာလို့လဲဆိုတော့ ကျမရဲ့ ကြိုးစားအားထုတ်မှု၊ လေ့လာအား ကောင်းမှု .. သင်ယူမှုတွေကြောင့် အကပညာကို တဖက်ကမ်းခတ် တတ်မြောက်ဖို့ဝေးလို့ ... လုံးလုံး ... မကတတ်ဘူးဖြစ်နေပါတယ် ရှင်၊ ဒါပေမယ့် စင်တွေ့ရင် မနေနိုင်တဲ့ အကျင့်ကြောင့် ထမင်းဟင်း အတူးခံပြီး ပါလေရာ ပဲခူးဆား လုပ်မိပါတယ်ရှင်။ အဲဒါနဲ့ ချိုမိုင်မိုင်ပဲ ကမယ်လေလို့ စဉ်းစားလိုက်ပြန်တော့ ... ချိုမိုင်မိုင်တောင် ဘယ်က စ ကရမှန်းမသိ ဖြစ်နေပါတယ်။ ပရိသတ်ကြီးကလည်း အငြိမ့်သဘင်ဆိုလိုက်တာနဲ့ လူပြက်တွေကိုပဲ ကြည့်ပြီး မင်းသမီးကို ကျော်သွားလေ့ရှိတယ်မဟုတ်လား (ဤနေရာတွင် သံလွင်ဟီးရိုးကော ဖိုးဂျယ်ပါ တီးလုံးများဖြင့် ပံ့ပိုးပေး)

ပေါငြိမ်။ ။ မှတ်သားလောက်ပါတယ် အစ်မဂျီးရေ။ မင်းသမီးကို ကျော်သွားတာကတော့ လမ်းမလယ်မှာ အိပ်ပျော်နေလို့ ဖြစ်ပါလိမ့်မယ်။ ဆက်ပါဦးဗျာ။

မတူး။ ။ ဟုတ်ကဲ့ပါရှင့် ... အဲဒီလို ကျော်သွားမယ့်အတူတူ မကတော့ဘူးလားလို့ စဉ်းစားမိပါတယ် ရှင် ... ဒန်တန့်တန် ဒန် (ချိုမိုင်မိုင်တီးလုံးနှင့်အတူ မစ္စတာဘင်းလေ့ကျင့်ခဏ်းလုပ်သလိုတောင်လှုပ် မြောက်လှုပ် လှုပ်ရင်းအထဲ ပြန်ဝင်သွား ..)

ဗီလိန်။ ။ တောက် သူကမှ ဝင်ကစားရမယ့်ဟာ မကဘူးဆိုတော့ မပါရတော့ဘူး။ မထူးပါဘူး (လှမ်းအော်ပြော) မမရေ ကျနော့်အတွက်ပါ အောက်ပြုတ်လေး ရိုက်ထားလိုက်။

ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၂ (ဒီဗီဒီ ဗားရှင်း) ကို ဆက်လက် ရှုစား အားပေးကြပါ။

Saturday, October 24, 2009

ဘက်ဂ်ဂါယူနိုက်တက်

နိုင်ငံတကာ ဘောလုံးကလပ်အသင်းများနည်းတူ ငပေါဂေဟာတွင်လည်း စနစ်တကျ ဖွဲ့စည်းထားသော ဘက်ဂ်ဂါယူနိုက်တက် ဘောလုံးအသင်းဟူ၍ ရှိလေသည်။ ၁၈ရက်နေ့ အောက်တိုဘာလထုတ် ဖွတ်အလဲဗင်း အားကစားဂျာနယ်တွင် ဘောလုံးအသင်းပိုင်ရှင်ဦးပေါ်ပေါ်အား ဂေဟာမှ ကျန်းမာရေးဝန်ကြီးကိုယ်တိုင် သွားရောက်အင်တာဗျူးခဲ့သော သတင်းပါရှိလေသည်။

ကျန်း - ဟုတ်ကဲ့ ဦးပေါ်ပေါ်ခင်ဗျား .. ဘောလုံးကလပ်အသင်း စတင်ဖွဲ့စည်းခဲ့ပုံအကြောင်း ရှင်းပြပေးပါအုံး ။

ပေါ် - ဟုတ်ကဲ့ပါ.. ဂေဟာကိုယ်စားပြု ဘောလုံးကလပ်အသင်းဖွဲ့မယ်ဆိုပြီး အားကစားဝန်ကြီးနဲ့ တိုင်ပင်ကြည့်တော့ သဘောတူတာနဲ့ ကလပ်လုပ်ဖြစ်သွားတာ။ "ဂေဟာအားကစား ကမ္ဘာကို ဂွမ်းစေရမည်" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျွန်တော့်ကလပ်အသင်းအောင်မြင်ဖို့ မြန်မာတပြည်လုံးမှာရှိတဲ့ သူတောင်းစားတွေစုရုံးပြီး ဘက်ဂ်ဂါယူနိုက်တက် ဆိုပြီး အသင်းဖွဲ့ယှဉ်ပြိုင်ခဲ့တာပါ။

ပြည်တွင်းကစားသမားတွေသာမက အင်တာနက်ရှင်နယ်ပလေယာအနေနဲ့ ဘောလုံးလောကမှာ နာမည်ကြီးတဲ့ ဘရာဇီးနိုင်ငံက သူတောင်းစားတွေရော၊ တခြား အီးသီယိုးပီးယားစတဲ့ အာဖရိကကသူတောင်းစားတွေပါ စုပေါင်းဖွဲ့စည်းထားခဲ့တာပါ။ အင်္ကျီဗလာ ဘောင်းဘီဗလာ ၀တ်ဆင်ထားတဲ့ ကျွန်တော်တို့ရဲ့ ဘက်ဂ်ဂါယူနိုက်တက်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒယ်လ်တာယူနိုက်တက်နဲ့ အပြိုင်ဖြစ်လာတော့မှာပါ။

ကျန်း - ဟုတ်ကဲ့ .. အဲဒီလို ဖွဲ့စည်းပြီးနောက် အသင်းရဲ့ အောင်မြင်မှုအခြေအနေကရောခင်ဗျ ။ မှန်းထားသလောက်ဖြစ်ရဲ့လား။ ဘယ်လို လေ့ကျင်ပေးတယ် ဆိုတာတွေပါ အသေးစိတ် ပြောပြပေးနိုင်မလားခင်ဗျ။

ပေါ် - အခြေအနေ အတော်လေး ကောင်းနေတယ်ခင်ဗျ ။ မနေ့က အထိတော့ တစ်ပွဲမှ မကန်ရသေးတော့ ရှုံးပွဲမရှိသေးဘူးပေါ့နော် ။ မနေ့က အခန့်မသင့်ပဲ ၆ဂိုး သုညနဲ့ ရှုံးသွားတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းက တန်းဇယားရဲ့ အပေါ်ဆုံးမှာရပ်တည်နိုင်တုန်းပါပဲ..တန်းစီဇယားကို ဇောက်ထိုးကြည့်ရင်ပေါ့လေ။ အသင်းရဲ့ တိုက်စစ်က တော်တော်ကောင်းပါတယ် ။ လူတွေပဲ ခဏခဏတိုက်နေလို့ အနီကတ် ၄ ခါတောင်အပြခံလိုက်ရတာပဲ ကြည့် ။ ဂိုးသွားအား ကြည့်မယ်ဆိုရင်လည်း ၃ဂိုးတိတိ ကိုယ့်ဂိုးကိုယ်ပြန်သွင်းနိုင်ခဲ့လို့ ညံ့တယ်လို့တော့ မဆိုနိုင်ပါဘူး။

ခက်တာက ကျွန်တော့်ကစားသမားတွေက အမြင့်ဘော သိပ်မနိုင်ဘူးဗျ ။ ဒီတော့ အမြင့်ဘောလုံးတွေ ထိန်းတတ်လာအောင် ကြိုးချည်ထားတဲ့ မိုးပျံပူဖောင်းတစ်လုံးစီ ကစားသမားတွေကိုကိုင်ခိုင်းပြီး တို့ခိုင်းတယ်ခင်ဗျ။ တော်ပါတယ်..အားလုံးက သုံးလေးငါး ချက်လောက် (ပူဖောင်းမပေါက်မချင်း) မြေကြီးပေါ်မကျအောင် ထိန်းနိုင်သိမ်းနိုင်ကြပါတယ်။

ပြီးတော့ ခေါင်းတိုက်ချက်တွေပျော့နေသေးလို့ တိုက်ချက်တွေပြင်းလာအောင် ကစားသမားတွေကို ဒူးရင်းသီးကို ဘောလုံးလုပ်ပြီး ခေါင်းတိုက်လေ့ကျင့်စေပါတယ်။ အစပိုင်းမှာ အနာတရရှိတာပေါ့နော်..နောက်ပိုင်းကျတော့... အသက်ပါထွက်ရောပဲ..။

ကျန်း - ရာသီကုန် ဖလားရမယ်လို့မှန်းထားသလားဆရာ။ ဖြစ်နိုင်မယ်လို့ထင်သလား...

ပေါ် - ကျွန်တော်လည်း သူတို့လေးတွေကို ဖြစ်စေချင်ပါတယ် (ပြဿနာ) ၊ (သက်ပြင်းချလျှက် ကျော်ဟိန်းလေသံဖြင့်)..ဟင်း..ဒင်းတို့ကို ရစေချင်တယ်ဗျာ (နောင်တ)...
ဖလား ရ၊ မရတော့ မသိဘူး.. မနေ့က ကန်တဲ့ ပွဲမှာတော့ ခွက်တွေ ၊ ရေသန့်ဗူးခွံတွေ အတော်ရလိုက်တယ်။
သူတို့တွေလည်း ပျော်လွန်းလို့ ဘောလုံးတောင်လှည့်မကြည့်ဘူး.. အဲဒါတွေပဲ ၀မ်းသာအားရ လိုက်ကောက်ကြတာပေါ့။ အပြင်မှာဆို တကူးတက လိုက်ရှာကောက်ပြီး ရောင်းနေရတာကိုး ။ ခုတော့ သူတို့လည်း သက်သာ ၊ ကျွန်တော်လည်း သူတောင်းစားတွေဆီက ရောင်းရတဲ့ ပိုက်ဆံကို ပြန်တောင်း..အတော်လေး တွက်ချေကိုက်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ် ဒီအခြေအနေလေးကိုပဲ ။

ကျန်း - ပြိုင်ပွဲမှာ ခိုက်ရန်ဖြစ်ပွားတာမျိုးဖြစ်သေးလားခင်ဗျ ။

ပေါ် - ဒါမျိုးတွေကတော့ ရှိတာပေါ့ဗျာ။ ဒိုင်လူကြီးဆုံးဖြတ်ချက်ကို မကျေနပ်တာက စတာပဲ။ ဒီတော့ နောက်ပိုင်းပွဲတွေမှာ ဒိုင်လူကြီးမထည့်ပဲ ယှဉ်ပြိုင်စေချင်တယ်။ ဒါကိုလည်း ပေါဂေဟာက ကျန်းမာရေးဝန်ကြီးက သဘောတူပါတယ်။

ကျန်း - ဟုတ်ကဲ့.. ခုလို ဘောလုံးကလပ်အသင်းကြီးကို ပိုင်ဆိုင်နိုင်တဲ့အခြေအနေထိ အောင်မြင်ချမ်းသာအောင်အောင် ဦးပေါ်ပေါ် အနေနဲ့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့ရလဲဆိုတာ သိပါရစေခင်ဗျ။

ပေါ် - ကျွန်တော် အသက်၂၅နှစ်လောက်မှာ စက်ပိုင်ရှင်သူဌေးဖြစ်လာပါတယ်။ ဘာစက်လဲဆိုတော့ ခဲတံချွန်စက်ပါ။ ခဲတံ တစ်ချောင်းချွန်ပေးရင် ၁၀၀ကျပ်ယူပါတယ်။ အဲလိုနဲ့ စီးပွားရေးအောင်မြင်မလိုရှိတုန်း ဘောပင်တွေလူသုံးများလာတာနဲ့ ကျွန်တော့် စီးပွားကျပြီး စက်ကိုရောင်းလိုက်ရပါတယ်။ ဒါနဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေး လုပ်ငန်းလုပ်မယ်ဆိုပြီး ရေခဲထုပ်တွေထုပ်ပြီး လမ်းတကာလှည့်ရောင်းပြန်တော့လည်း တွက်ချေမကိုက်တာနဲ့ နောက်ဆုံး ကြံရာမရတဲ့အဆုံး သူတောင်းစားယူနိုက်တက်ဆိုတဲ့ ဘောလုံးကလပ်ဖွဲ့မယ်ဆိုပြီး ငပေါဂေဟာကလူကြီးမင်းတွေကို ခွင့်ပြုချက်ရအောင် ရေခဲထုပ်တစ်ယောက်တစ်ထုပ်စီကျွေးပြီး လဘ်ထိုးလိုက်ပါတယ်။ အဲလိုနဲ့ပဲ ခုလို ကလပ်ပိုင်ရှင်သူဌေးကြီးဖြစ်လာတယ် ဆိုပါတော့ဗျာ။

ကျန်း - အော်..ဦးပေါ်ပေါ် တော်တော်ကြိုးစားခဲ့တာပဲ ။ ခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်။ ဂေဟာသူဂေဟာသားတွေအတွက်ရော ဘာများပြောချင်ပါသလဲ ။

ပေါ် - ဂေဟာအကျိုးကို တတ်နိုင်သလောက်သယ်ပိုးပါလို့။ ပြီးတော့ သူတောင်းစားတွေ ဘောလုံးလေ့ကျင့်ချိန်မှာ ဘောလုံးလိုက်ကောက်ပေးမယ့် လူလိုနေပါတယ်။ အဲဒါ ဂေဟာက အကြီးအကဲတွေ စိတ်ဝင်စားရင် လာရောက်လျှောက်ထားနိုင်ပါတယ်လို့... အားလုံးကို ကျေးဇူးတင်ပါတယ် ။

Monday, October 19, 2009

မိန့်ခွန်းတော်ကြီးချွေခြင်း

ငါတို့ဟာ ငပေါများသာ ဖြစ်ကြတယ်။ ထို့ကြောင့် ငပေါအလုပ်ကိုလုပ်ပါ၊ ငပေါလိုတွေးပါ၊ ငပေါလို ကျင့်ကြံနေထိုင်ပါ။ တခါတရံ လူတည်များ၏ လွှမ်းမိုးမှုကို ခံရ၍ လူတည်များကဲ့သို့ တွေးခေါ်ခြင်း၊ ကျင့်ကြံခြင်းများ ဖြစ်မိသည်ရှိသော် ကိုယ့်ကိုယ်ကို ပြန်လည် ဆင်ခြင်ကြပါ။ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။ ငါတို့ဟာ ငပေါတွေ ... တော်ရုံတန်ရုံလူ လိုက်မမီတဲ့ ဂေဟာသားတွေ၊ အဆုံးစွန် ပေါမယ့်သူတွေ၊ ကမ္ဘာတည်သရွေ့ ပေါမယ့်သူတွေ ဆိုတာ မမေ့ပါနဲ့။

သမိုင်းမှာ မှတ်ကျောက် ကမ္ဗည်းတင်ရမယ်။ နောင်လာနောက်သားများက စွန့်ဦးငပေါကြီးများဟု လေးစား အတုယူနိုင်ရမယ်၊ ငပေါမျိုးဆက်များ မွေးထုတ်ရဦးမယ်၊ နောင်အနှစ် ၁၀၀၀ မှာ ဖြစ်လာတဲ့ လူတွေက လွန်ခဲ့တဲ့ အနှစ် ၁၀၀၀ တုန်းက ရှေးဦးငပေါကြီးတွေပါလားဆိုပြီး အလေးပြုနေရမယ်။ ငပေါ ပြတိုက်ထဲမှာ ငပေါတွေရဲ့ လက်ရာ၊ ငပေါတွေရဲ့ ရုပ်တုတွေ ချန်ရစ်ခဲ့ရမယ်။ ငါတို့ဟာ ငပေါတွေ ဖြစ်တယ်။

ကိုမင်းကိုနိုင်နဲ့ နာယကဂျီး ဆုံတုန်းက သူကပြောတယ် (အဲလို နာမည်ထင်ရှားလူသိများသူနဲ့ ကိုင်ပေါက်မှ တချို့က ဖြုန်တာ မဟုတ်လား) “တချိန်လုံး နိုင်ငံရေးအကြောင်းချည်း ဘယ်စဉ်းစားနေနိုင်မလဲ တခါတလေလည်း အချစ်ကဗျာလေးဘာလေး ရေးချင်သေးတာပေါ့” တဲ့။ အဲဂလို တကယ်ဂျီးပြောခဲ့တာနော် နောက်တာ မဟုတ်ဘူး။

အဲဒီတော့ သူ့စကားကိုပဲ ခိုးချ မော်ဒီဖိုင်းလုပ်ပြီး ပြောရပါဦးမယ် ငါတို့ဟာ လူသားများသာဖြစ်တဲ့အတွက် တခါတလေ မပေါနိုင်တဲ့အချိန်တွေ ကြုံရတတ်တယ်။ အဲဒီလို မပေါနိုင်ရင် ငါတော့ ငပေါဖြစ်ရှုံးပြီ ... ဒီတသက်တော့ ဆက်ပေါလို့မှ ရပါဦးမလား ဆိုပြီး စိတ်ဓာတ် မကျပါနဲ့ ... စာရေးဆရာဟာ စာချည်းပဲ တချိန်လုံးမရေးနိုင်သလို၊ လူရွှင်တော်ဟာ တချိန်လုံး ပြက်လုံးမထုတ်နိုင်သလို၊ နိုင်ငံရေးသမားဟာ တချိန်လုံး နိုင်ငံရေး အကြောင်းချည်းပဲ မစဉ်းစား နိုင်သလို၊ လယ်သမားဟာ တချိန်လုံး စပါးစိုက်မနေနိုင်သလို၊ သီချင်းရေးဆရာဟာ တချိန်လုံး သံစဉ်တွေ ရှာဖွေမနေနိုင်သလို၊ ငပေါတွေဟာလည်း တချိန်လုံး ပေါမနေနိုင်ပါဘူး။ မပေါဘဲ အနားပေးရမယ့် အချိန်လေး တွေလည်း ထားရပါမယ်။ ပေါလပ်ချိန်ပေါ့။ ဒါမှပဲ နောင်တချိန် ပြန်ပေါတဲ့အခါ အရည်အသွေး ပြည့်မီအောင် ပေါနိုင်မှာဖြစ်တယ်။

နာယကကြီး ခုလောက်ပြောလိုက်ရင် ဂေဟာထဲမှာ ဘာတွေ ဖြစ်ချင်နေပြီဆိုတာ တလက်မပြရင် တမိုင်လောက် မြင်တတ်တဲ့၊ တစ်စင်တီမီတာပြရင် ကီလိုမီတာ ထောင်ပေါင်းများစွာ မြင်တတ်တဲ့ ငပေါတွေ သဘောပေါက်လောက်ရောပေါ့ (ဒါကတော့ ဗရစ်တစ်ရှ်သမားကော ဆယ်လီစိတ်သမားပါ သိအောင်လို့ပါ)။ ဂေဟာအကျိုး ကိုယ့်အကျိုးဆိုပြီး အမြဲတစေ စွမ်းစွမ်းတမံ ဆောင်ရွက်လေ့ရှိတဲ့ ငပေါတွေမှာ အနည်းနဲ့အများဆိုသလို အန္တရာယ်ကျရောက်လို့ နေပါပြီ။ နာယကဂျီးအနေနဲ့ ဒါကို တတိယမျက်လုံးနဲ့ အကဲခပ်လို့ သိရှိထားခြင်း ဖြစ်တယ်။ ဒါကြောင့်လည်း ဥက္ကဌနဲ့ တိုင်ပင်ပြီးသကာလမှာ ဒီမိန့်ခွန်းတော်ကြီး ကို အစောတလျင် စီစဉ်လိုက်ရခြင်း ဖြစ်တယ်။

ထစ်ခနဲရှိ “ထွက်မယ်” ဆိုတဲ့ ရောဂါဆန်းတခုဟာ ဂေဟာထဲကို ဘယ်နေရာက ဝင်မှန်းမသိ ဝင်ဝင်လာတတ်ပါတယ်။ ခုချိန်မှာ ခုခံအားကျဆင်းမှု ရောဂါ၊ ဝက်တုပ်ကွေးတို့ထက် ကြောက်စရာကောင်းတဲ့ ဒီရောဂါဆန်းကြီးအတွက် ကာကွယ်ဆေးတောင် မထုတ်လုပ်နိုင်သေးပါဘူး။ (ကျန်းမာရေးဝန်ဂျီးကလည်း ဂေဟာကို ဝင်ပြီးကတည်းက ပျောက်သွားလိုက်တာ ဘယ်ချောင်မှာ သွားအိပ်ပျော်နေတယ် မသိဘူး - ဤကားစကားချပ်) ဆိုတော့ကာ ဒီရောဂါဆန်းကြီးကို နယကဂျီးလို ကိုယ်ခံအားကောင်းသူတောင် တော်တော်လေး ကြောက်လာပါတယ်။ သို့သော် မပူကြပါနဲ့ ... နာယကဂျီးက ခေတ်ဆွေး ငပေါကြီး ဖြစ်တဲ့အတွက် ကာကွယ်ဆေးမရှိသေးတဲ့ ဒီရောဂါဆန်းကြီးအတွက် ဆေးမီးတို တဖုံ တီထွင်ထုတ်လုပ်ဖို့ ကြံစည်နေပါတယ်။ အဲဒီဆေးမီးတိုဟာ ဘယ်လိုဟာလဲလို့ မမေးပါနဲ့ နာယကဂျီး ကိုယ်တိုင် ဘာမှန်း မသိသေးပါဘူး။ အဲသလို ခရီးရောက်နေပြီဖြစ်တဲ့ ဆေးမီးတိုကြီးအတွက် ဂေဟာသူ ဂေဟာသားများအနေနဲ့လည်း ဝိုင်းဝန်းအကြံပေးကြပါ။

တလက်စထဲ စင်ကာပူက ငပေါတွေဖြစ်နေတဲ့ ရောဂါကိုလည်း ကြုံတုန်းလေး ဝိုင်းဝန်းအဖြေရှာကြရအောင်ပါ။ စင်ကာပူမှာ အပုန်းကူးစက်ရောဂါကြီးတခု စွဲကပ်လို့နေပါတယ်။ ငါတို့ရဲ့ တွင်း ၂ ကြီးမှသည် ဆည်မြောင်းဝန်ဂျီး သံလွင်ဟီးရိုးထိ ဒီကပ်ရောဂါစွဲကပ်နေပါတယ်။ အဲဒီရောဂါဟာလည်း “ထွက်မယ်” ရောဂါလောက်မဆိုးပေမယ့် တော်တော်လေး ဆိုးတယ်လို့ ဆိုရပါမယ်။ လူတည်တွေ ဆီက လာတာ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက်ဆေးကိုတော့ ဥက္ကဌကြီးကိုယ်တိုင် ပုန်းပြီးရှာပါလိမ့်မယ်။

ဒီတော့ ချုပ်ရရင် (မချုပ်လို့လည်း မဖြစ်တော့ဘူး ပေါစရာ အဲ ပြောစရာ မရှိတော့ဘူး) ငါတို့ဟာ ငပေါများဖြစ်ကြတယ်၊ တခါပေါရုံနဲ့ တသက်လုံး ငပေါဖြစ်တယ်၊ ဂေဟာမှာ ဝင်ပေါက်သာရှိပြီး ထွက်ပေါက်မရှိဘူး။ အဲဒီထွက်ပေါက်ကို လူကြီးမြင်းများသာသိတယ်၊ သိတဲ့ လူကြီးမြင်းတွေက ထွက်ခွင့်မရှိဘူး၊ တခါတလေ ငပေါတွေအနေနဲ့ နားနားနေနေပေါခွင့်ရှိတယ်၊ ဂေဟာမှာ ပင်စင်မရှိဘူး၊ ခွင့်ယူခွင့်ရှိပေမယ့် ခဏတဖြုတ်ပဲရမယ်၊ ပျင်းခွင့်ရှိတယ်၊ ငိုက်ခွင့်ရှိတယ်၊ ငိုင်ခွင့်ရှိတယ်၊ ငတ်ခွင့်ရှိတယ်၊ ငိုချင်ရင်တော့ ဂေဟာအပြင်ထွက်ငိုပါ။ ငေါက်ခွင့်ကတော့ နာယကဂျီး အပါအဝင် လူဂျီးမြင်းတွေ ဆီမှာရှိတယ် ဟဲဟဲ။

နာယကဂျီးလည်း တော်တော်လေးမောသွားပြီ။ အသက်ကရနေပြီ။

ခုလို နေပြန်ကောင်းခါစမှာ ဂေဟာအကျိုးကို ရည်သန်၍ ဘယ်သူမှ မတောင်းဆိုဘဲ ငပေါပီသစွာနဲ့ မျက်နှာပြောင်တိုက်ရင်း ဒီမိန့်ခွန်းတော်ကြီး ချွေခွင့်ရတဲ့အတွက် ငပေါများအားလုံးကို ကျေးဇူး ဂေါ်ဇီလာလောက်တင်ပါတယ်။

လောင်းလစ်ဗ် သပေါစ်
နာယကဂျီး

Sunday, October 4, 2009

လျှောက်လွှာ လက်ခံခြင်း (၂၇)

လျှောက်လုပ်ရေးဝန်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ်အပြီးတွင် မျက်နှာရသွားသူမှာ ရာထူးမရသေးသည့် ပေါလောင်းလျာ အိဖူးဖြစ်သည် ... ထိုကလေးမသည် ငယ်စဉ်တောင်ကျေး ကလဘဝေး အဲလေ ကလေးဘဝကတည်းက အခွံတွေ အိတ်တွေသိမ်းခြင်း စုဆောင်းခြင်း အလွန်ဝါသနာကြီးသည်ဟူ၏ .. သို့ဖြင့် သို့ဖြင့် .......

သီတင်းကျွတ်စတိတ်ရှိုးကြီးသည် ပရိသတ်တို့၏ တဖြောင်းဖြောင်းရိုက်ချိုးသံများနှင့် အောင်မြင်စွာပြီးစီးသွားလေသော် ... ဂေဟာတာဝန်ရှိ လူကြီးမြင်းများက မူးမူးရူးရူးနှင့် အေးဆေးနားနေခိုက် ပေါလောင်းလျာသည် သူ့အတွက် အကွက်ချောင်းလေသည် .. လူကြီးမြင်းများကလည်း “ဟယ် သူပျော်သလိုနေပါစေ” ဟု သဘောဒါးကြီးမားစွာ ခွင့်လွှတ်လျှင် ပေါလောင်းလျာသည် စင်ပတ်ပတ်လည်ကို တစ်ပတ်ပတ်ကြည့်ကာ တစ်ကိုယ်ရည်တည်း ငါးသလောက်ပြုံးပြုံးလေသည် .. “ငှင်း ငှင်း ငှင်း”

ထို့နောက် လူကြီးမြင်းများ နားနေရာသို့ တစ်ချက်လှမ်းကြည့်လိုက်သေးသည် .. ပုံစံက လူမသိသူမသိတစ်ခုခုကို အကြီးအကျယ်လုပ်တော့မည့်ပုံစံမျိုး .. လူကြီးမြင်းများမှာလည်း ပေါလောင်းလျာကို သတိမထားနိုင် .. အမှုရှောင်က ပိုးလိုးပက်လက်လန်ကာ အိပ်ပျော်နေပြီ .. နာယကဂျီးနှင့် ထောက်ချုပ်တို့မှာ ညင်းနှင့်ထောင့် ဘယ်ဟာပိုပြီးကြီးသလဲ ဟူသည့်အကြောင်းအရာကို လူသတ်တော့မည်စတိုင်ဖြင့် ငြင်းခုန်လျက်ရှိပေသည် .. တွင်း-၂ မှာလည်း သူ့သီချင်းနှင့်ပတ်သက်ပြီး တစ်ယောက်တည်း စိတ်ကျေနပ်မှုတွေရကာ “အော်ဟောဟော့ဟော်ဟော်” ဆိုသည့် အဆွဲအငင်ကို ထပ်ကာထပ်ကာ လေ့ကျင့်လျက်ရှိနေသည် .. သဘာငတိနှင့်ငှက်ကထမှာလည်း ဟစ်ပ်ဟော့ပ်နှင့်ရော့ခ်ကို တစ်ဖက်တစ်ချက်မှနေကာ အထာအပြည့်ဖြင့် ဂိုက်ပေးကြမ်းလျက်ရှိနေသည် .. ဝန်ကြီးများမှာလည်း လုပ်ချင်ရာလုပ်လျက် ဒိုင်ကိုင်သူ casher လုပ်သူ ထိုးသူ လျော်သူတို့ဖြင့် ကိုယ့်အဖွဲ့နှင့်ကိုယ် စည်ကားလျက်ရှိပေသည် ..

အလို .. သဘာငတိနှင့်ငှက်ကထနားမှာ ဂုန်နီအိတ်တစ်လုံးပါလား .. ပေါလောင်းလျာမျက်စိက ဖျတ်ကနဲတွေ့မြင်လိုက်ရသည့် ဂုန်နီအိတ်ကို စူးစိုက်ကြည့်လျက်ရှိသည် .. အော် ဒင်းတို့က အန်ဖို့ယူထားတာပါလား ဟုသဘောပေါက်သွားချိန်တွင် ပေါလောင်းလျာသည် “ငှဲ ဟဲ ဟဲ ဟဲ” ဟူ၍ စုန်းမလိုလို မြင်းဟီသလိုလို ရီလိုက်ပြီး လူကြီးမြင်းနှစ်ယောက်နားသို့ အသာတိုးသွားကာ အလစ်တွင် ဂုန်နီအိတ်ကိုဆွဲယူလာခဲ့လေသည် .. အိတ်ထဲကို ကပျာကယာငုံ့ကြည့်လိုက်ပြီး စိတ်အေးသွားသည် .. အိတ်ကအလွတ်ကြီးရှိသေးတယ် .. အန်ပေါင်းတွေမပေးသေးဘူး ..

ထို့နောက်တော့ ဂုန်နီအိတ်ကြီးကျောတွင်ထမ်းကာ စင်ပတ်လည်ရှိ ဟိုက်ကော်မရှင်နာပုလင်းများ .. ဂရမ်းပုလင်းများ .. ရှိုင်ရယ်ကလပ်ပုလင်းများ .. ရေသန့်ဘူးများကို တစ်စစီလိုက်ကောက်ကာ အိတ်ထဲသို့သွတ်သွင်းနေလေသည် .. ရှိုးမှာ အတော်အောင်မြင်သည်ဟုပြောရမည်ပင် .. ပုလင်းတွေ တောင်ပုံယာပုံနှင့် စင်တစ်ပတ်တောင် မပြည့်သေး .. ပေါလောင်းလျာ၏အိတ်ကြီးပင်ပြည့်လုပြည့်ခင် .. အတော်လည်းလေးလာပြီဖြစ်ရာ ပေါလောင်းလျာသည် ဂုန်နီအိတ်ဖြင့်အလုပ်မဖြစ်သည်ကို စဉ်းစားမိသည် .. ထို့ကြောင့် စင်နောက်ဖက်မှကြိမ်အမှိုက်ခြင်းကြီး ယူချလာပြီး ပုလင်းအိတ်ကြီးကို အမှိုက်ခြင်းထဲထည့် အမှိုက်ခြင်းကိုကြိုးနဲ့ဆွဲကာ အလုပ်ဆက်လုပ်နေလေသည် ..

ဟိုက်ကော်မရှင်နာနှင့် ရှိုင်ရယ်ကလပ်ပုလင်းများမှာ အများဆုံးဖြစ်သည် .. ပေါလောင်းလျာက ဘယ်ဒိုင်တွင်ပြန်သွင်းရပါ့ဟုစဉ်းစားနေသည် .. ဟိုက်ကော်မရှင်နာအခွံတစ်တောင့်ဆိုလျှင် ဟိုက်ကော်မရှင်နာရှစ်ပက်ပြားတစ်ပုလင်းရသည် .. ရှစ်ပက်ပြားအခွံဆိုလျှင် လေးပက်ပြားတစ်ပုလင်းရသည် .. အခြားပုလင်းများလည်း ထို့နည်းတူ .. သူရထားသည့်အခွံတွေက အတောင့်တွေဖြစ်သောကြောင့် တော်တော်ခိုင်ပြီဟု တွေးမိရင်း ပေါလောင်းလျာ၏မျက်နှာမှာ စပ်ဖြီးဖြီးဖြစ်လာသည် .. ပင်လယ်ကမ်းမှ သဲများပြန့်ကြဲနေသကဲ့သို့ ပုလင်းတွေကလည်း ကောက်မကုန် ..

စင်ကိုတစ်ပတ်ပြည့်ဖို့ တစ်ခြမ်းအလိုတွင် ပေါလောင်းလျာသည် ပုလင်းတစ်လုံးကိုတွေ့လိုက်သည် .. လေဘယ်ပုလင်းအခွံဖြစ်သည် .. ဟယ် ပွတာပဲ ရေမစိမ်ဘဲပွပြီ ဟုကြွေးကြော်လိုက်ရင်း အခွံကိုဝမ်းသာအားရအကောက် ခြေထောက်က ပုလင်းဖုံးလေးတစ်ခုကို တက်နင်းမိပြန်သည် .. ပုလင်းကိုကောက်ကာ တစ်ခါမှမမြင်ဖူးသည့်အလား လှည့်ပတ်ကြည့်ရှုကာ ဝမ်းသာပီတိများဖြင့် မျက်ရည်များပင် ဖြာထွက်လာသည် .. ထို့နောက် ရှေ့ဆက်သွားမလိုလုပ်ပြီးမှ ခြေထောက်အောက် အဖုံးကိုပြန်ငုံ့ကြည့်လိုက်သည် .. ရှိုင်ရယ်ကလပ်ပုလင်းဖုံးဖြစ်သောကြောင့် မျှော်လင့်ချက်တစ်လှေကြီးဖြင့် ကောက်ယူလိုက်ပြီး အဖုံးတွင်းကံစမ်းမဲဖွင့်ကြည့်လိုက်သည် .. ပေါလောင်းလျာသည် သူ့မျက်စိကိုပင်သူမယုံနိုင် .. ပြူးပြဲကြည့် တစ်ပတ်လှည့်ကြည့် မျက်လုံးကိုပွတ်ကြည့် ကင်းမြီးကောက်ထောင်ကြည့်လိုက်ပြန်သည် .. ပြီးလျှင်တော့ “ဟရေး .. ငါဟဲ့” ဟုကမ္ဘာတစ်လွှား ဖိန့်ဖိန့်တုန်အောင် ကြွေးကြော်လိုက်သည် ..

ကြွေးကြော်ပြီးနောက် ကောက်စရာရှိသည့်ပုလင်းခွံများကို အမြန်ဆုံးလိပ်နှုန်းနဲ့ကောက် .. အားလုံးကောက်အပြီး တက္ကစီငှားရန် စတိတ်စင်အဝေးသို့ထွက်လာသည် .. လူကြီးမြင်းများမှာလည်း ပေါလောင်းလျာကို သတိမမူမိသေး .. ပေါလောင်းလျာက မျက်ရည်များဖြင့် ပြည့်လျှံနေသောမျက်လုံးပြူးကြီးဖြင့် လူကြီးမြင်းများကို လေးလေးစားစားကြည့်လိုက်ပြီး “စိတ်ချပါ ဂေဟာအကျိုးကို အသက်နဲ့လဲပြီး ကာကွယ်ပေါသွားမှာပါ” ဟု သစ္စာဆိုသလိုလို တိုင်တည်သလိုလိုလုပ်ပြီး တက္ကစီပေါ်တက်သွားလေသည် ..

လူကြီးမြင်းမှာလည်း အတန်ကြာသည်အထိ နားနေတုန်း .. ခဏနေမှ ငှက်ကထက “သဘာငတိ .. ဒီနားက ဂုန်နီအိတ်ဘယ်ရောက်သွားတုန်း” ဟု မေးလေသည် .. သဘာငတိက ဟစ်ပ်ဟော့ပ်စတိုင်ဖြင့် လက်တခါခါလုပ်ကာ “ကိုယ်ဘယ်သိမလဲ .. မောင်ရင့်နားယူထားတာပဲ .. ပျောက်သွားလို့တော့ မင်းကိုအော်ပြီးဆဲ” ဟု လက်တန်းသီချင်းစပ်လေသည် .. ဘေးတွင် အိပ်နေသောအမှုရှောင်က “ဟမ် ဘာလဲ ဘာပျောက်လို့ ဆဲတာလဲ” ဟု အိပ်မက်ယောင်သလိုဖြစ်ပြီး လန့်နိုးလာသည် .. အမှုရှောင်အသံကြောင့် တခြားလူများကလည်း အာရုံစိုက်မိပြီး ဂုန်နီအိတ်ရှာပုံတော်ဖွင့်ကြလေသည် .. နာယကဂျီးက “ဒီဂုန်နီအိတ်ဟာ သာမန်ကာလျှံကာမဟုတ်ဘူး .. ဂေဟာအထင်ကရလူကြီးမြင်းများရဲ့ အန်အိတ် ဖြစ်တယ် .. တွေ့အောင်ရှာကြလော့” ဟုအမိန့်ပေးလေသည် ..

စင်ကိုပတ်ကာရှာကြလေသည် .. ဗြောင်တောင်တောင် ဗေဗေ့ဂျိချကာ စင်၏ရှေ့ခြမ်းနောက်ခြမ်းခွဲရှာကြသည် .. “ထူးခြားရင် သတင်းပို့ပါ” ဟုလည်း တွင်း-၂ ကပြောသေးသည် .. စင်နောက်ခြမ်းတွင် တာဝန်ကျသူများက ရုတ်တရက်ထအော်လိုက်သည် .. “ ထူးခြားတယ် ထူးခြားတယ်” “သတင်းပို့မယ် ရှေ့ခြမ်းလူတွေ နားထောင်ပါ .. စင်နောက်တွင် ထားထားသော ဂေဟာအမှိုက်ခြင်းမှာလည်း ပျောက်ဆုံးလျက်ရှိကြောင်း” ဟု ငှက်ကထက အသံဗြဲကြီးဖြင့် သတင်းပို့လေသည် ..

လူကြီးမြင်းများ ခေါင်းတောက်လေပြီ .. မည်သူနည်း .. ဂေဟာပိုင်ပစ္စည်းများကို ခိုးယူသူ .. မတော်လို့ အင်တာနက်မှာ တင်ရောင်းလိုက်လျှင် ဂေဟာအမွေအနှစ်များ ပျက်သုဉ်းရချေပြီ .. မဖြစ်ပေ .. “အားလုံးပဲ အစည်းအဝေးလုပ်မယ်” နာယကဂျီးက နှိုးဆော်လိုက်သည် .. အစည်းအဝေးလုပ်ရန် စားပွဲသို့ပြန်သွားကြပြန်သည် .. အစည်းအဝေးလုပ်ရန် အားလုံးထိုင်ကနန်းကျအပြီး “ဒါဟာ သွေးရိုးသားရိုးမဟုတ်ဘူး” ဟု စကားစရုံရှိသေး .. အစည်းအဝေးလုပ်ရာ စားပွဲသို့ဦးတည်မောင်းလာနေသော Light Truck တစ်စီးကိုမြင်ရလေသည် ..

ကားမှာ ကချော်ကချွတ်ဖြင့်မောင်းလာခြင်းဖြစ်သည် .. ဟိုယိမ်းဒီထိုး ကားမှမောင်းတတ်ရဲ့လားမသိ .. ကားမီးကြီးကလည်း ထိုးထားသဖြင့် မည်သူမောင်းလာမှန်း လူကြီးမြင်းများစဉ်းစားမရ .. အခြေအနေလည်းမလှသဖြင့် စားပွဲကိုစွန့်ကာ စတိတ်စင်ပေါ်တက်ပြေးကြလေသည် .. Light Truck ကြီးမှာ စင်ရှေ့နားတွင် fast & furious ထဲက ပြိုင်ကားများလို drift ဆွဲကာ ရပ်လိုက်သည် .. ထို့နောက်ကားမီးကိုပိတ်ကာ မောင်းသူက ကားပေါ်မှဆင်းလာသည် ..

ထိုအခါ “ဟယ်” “ဟာ” “ဘယ်လို” အာမေဋိတ်သံစုံလင်စွာဖြင့် “အိဖူးပါလား” ဟုအဖြေပေါ်သွားလေသည် .. ပေါလောင်းလျာအိဖူးသည် အောင်နိုင်သူ စစ်သူကြီးအပြုံးမျိုးဖြင့် အားလုံးကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး ကားနောက်ခန်းတွင် ဖုံးထားသော တာလပတ်စကြီးကို ဖယ်လှပ်ပြသလိုက်သည် .. တာလပတ်စအောက်တွင်ကား ဟိုက်ကော်မရှင်နာပုလင်းများ ...။ ထို့နောက် အိတ်တစ်လုံးထဲတွင် ပိုက်ဆံများ ..။ ပြီး ဂေဟာ၏ အမွေအနှစ်ဖြစ်သော အန်အိတ်နဲ့အမှိုက်ခြင်း ..။

“ဒီလောက်နဲ့ဆိုလုံလောက်တယ်မလား .. တို့တွေလည်း အိပ်စကပ်ရှင်း (တံတွေးများ ဖြာထွက်သွားသည်) ထွက်ကြမယ် ဒီဂေဟာကားကြီးနဲ့” ဟု ပေါလောင်းလျာက အဆိုပြုလေသည် .. လူကြီးမြင်းများမှာလည်း ဂေဟာရန်ဘုံးငွေလည်းရ ရှိုင်ရယ်ကလပ်က ပေါက်သောကံစမ်းမဲကားနှင့် သောက်လည်းသောက် သွားလည်းသွားရမည့် ခရီးစဉ်ဖြစ်သဖြင့် မငြင်းနိုင်တော့ဘဲ ဟေးကနဲအော်ကာ စင်ပေါ်မှပြေးဆင်းလာကြသည် ..

ုထို့နောက်တွင်တော့ ဂေဟာကားကြီးသည် လူကြီးမြင်းအားလုံးကိုတင်ကာ မြို့တစ်ပတ်အရင်ပတ်ကြလေသည် .. အားလုံးက ပေါလောင်းလျာကို သူရဲကောင်းဘွဲ့အပ်နှင်းကာ ရာထူးပေးဖို့ စဉ်းစားကြလေသည် .. ပေါလောင်းလျာမှာ ရန်ကုန်မြို့လေညင်းကိုခံယူရင်း ပြုံးပြုံးကြီးလုပ်ကာ ရာထူးကို အားနာစွာဖြင့် လက်ခံလိုက်ရတော့လေသည် ..
(ကောင်းလေစွ ကောင်းလေစွ)

Saturday, October 3, 2009

အသုံးမလို ပိုလျှံယာဉ်များအတွက် လေလံခေါ်ယူခြင်း

ဂေဟာမှ အရာထမ်း၊ အမှုထမ်း၊ ၀န်ထမ်း၊ ကူလီထမ်း၊ ရေထမ်း၊ ဘာထမ်း၊ ညာထမ်းများအားလုံး သွားရေး၊ လာရေး၊ အာရေး၊ ပလာရေး အဆင်ပြေလွယ်ကူစေရန်မှာ ပို့ဆောင်ရေးဝံဂျီးတွင် တာဝန်ရှိသည့်အလျောက် အောက်ပါတန်ဖိုးကြီးယာဉ်များကို လေလံပစ်ရန် ဆုံးဖြတ်လိုက်ပါသည်။ ချိတ်ပိတ်၊ အိတ်ပိတ်၊ စက္ကူပိတ်၊ အကုန်ပိတ် လေလံဖြစ်သောကြောင့် တိတ်တဆိတ်ပေးပို့ လေလံဆွဲဝယ်ယူနိုင်ပြီး နှစ်သက်သလို ဈေးပေးနိုင်ကာ ရချင်သည်သူ ရမည်ဖြစ်ပါကြောင်း။

လေလံတင်မည့် ယာဉ်စာရင်း

၁)စမုတ်တံနှစ်ချောင်းကျိုးနေသော ဆိုက်ကားအသက်စက်စက် တစ်စီးခွဲ

၂)ဘီးတစ်လုံးလျော့ကာ အင်ဂျင်မပါသလောက်ရှိသော ဘီ ၆၀၀ ကိုယ်ထည်နှစ်ခု

၃)လတ်လတ်ဆတ်ဆတ် စက်နုဇုန်ထုတ် နွားလှည်းနှစ်စီး (နဖားကြိုး အလကားပေးမည်)

၎)မလှုပ်တလှုပ်သွားပြီး မအော့်တအော်အော်သော မီးရထားဟု အမည်တပ်နိုင်သည့် လေးထောင့်အရာဝတ္တု(သံချေးသိပ်မတက်သေး) တစ်စီး

၅)အလွန်တရာမှ အဖိုးတန်လှပြီး ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် စက်သုံးဆီကို ချွေတာနိုင်သည့် လန်ချားစစ်စစ် လေးစီး (မိမိစိတ်ကြိုက်ဆွဲယူစီးနှင်နိုင်သည်)

၆)နာဂစ်မုန်တိုင်းလက်ကျန် အင်ဂျင်၊ ကိုယ်ထည်၊ ကုန်းပတ်တို့မှအပ အကောင်းအတိုင်း ကျန်ရှိနေသေးသော သင်္ဘောနှစ်စီးနှင့်တစ်ပိုင်း (မျက်မြင်အခြေအနေအတိုင်း)

၇)ပန်ကာအနည်းငယ်ကျိုးပဲ့ပြီး ကိုယ်ထည်အနည်းငယ်ချိုင့်ကာ ခေါင်းပိုင်းအနည်းငယ်ပိန်၍ စက်ပိုင်းအနည်းငယ်ချွတ်ယွင်းနေသော ရဟတ်ယာဉ်အနည်းငယ် (ဈေးအနည်းငယ်ပိုပေးရမည်)


လေလံပုံစံများကို တစ်စုံလျှင် ကောမန့်နှစ်ခုနှုန်းဖြင့် ဂေဟာရုံးခွဲများတွင် တိုက်ရိုက်ဝယ်ယူနိုင်ပြီး ပုံစံတင်နိုင်သည့် နောက်ဆုံးရက်မှာ မနက်ဖြန် သို့မဟုတ် သန်ဘက်ခါ သို့မဟုတ် ပိတ်ချင်သည့်ရက် ဖြစ်သောကြောင့် အမြင့်ဆုံးဈေးနှုန်းများဖြင့် အမြန်ဆုံးဝယ်ယူနိုင်ပါသည်။

ပုံ

ပို့ဆောင်ရေးဝံဂျီး

Friday, October 2, 2009

ဂေဟာပြန်တမ်း

CrazyVilla သည် “မြန်မာပြည်ဘလော့လောကတွင် နာမည်ကြီးသော blogspot.com” တွင် အကောင့်တခုယူပြီး လက်ဆော့လေ့ရှိသည့် မစ္စတာကေလာ အား CrazyVilla ၏ တွင်းတစ် အဖြစ် တာဝန် ဝတ္တရားများကို စတင် ဆောင်ရွက်သည့် နေ့မှစ၍ ခန့်ထားလိုက်သည်။

ပုံ
ဝန်ဂျီးဂျုပ်

၁။ ဝန်ဂျီးဂျုပ်တို့၏ တာဝန် ပိုင်ဆိုင်သည်နှင့် အညီ (ရှိတာနဲ့ ပိုင်ဆိုင်တာနဲ့ အတူတူပဲမဟုတ်လား) ဂေဟာအတွက် ကနဦး၊ ပိုင်အိုးနီးယား၊ ပထမဆုံးအကြိမ် ရာထူးတိုးခြင်းကို အများသိစေရန် လုပ်ဆောင်ရတော့မည် ဖြစ်သောကြောင့် ဂေဟာပြန်တမ်းကို အထက်ပါအတိုင်း ထုတ်ပြန်နိုင်ရန် ရေးသားလိုက်ရသည်။

၂။ ကေလာကောင်၏ တာဝန်မှာ ဘာမျှ မရှိပေ။ သို့သော်
(က) ပို့စ်များကို ဘုတ်အဖွဲ့ဝင် လူကြီးမြင်းများသို့ ဖော်ဝါ့လုပ်ခြင်း၊
(ခ) ဆင်ဆာ မဲပေးခြင်း
(ဂ) ဆင်ဆာအမိန့်ကျလျှင် ပို့စ်တင်ခြင်း
စသည်တို့ကို သေသေချာချာ၊ တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ ကြိုးကြိုးစားစား၊ ဇွဲနဘဲရှိရှိ (နဘဲဆိုတာ ဘာလဲ သိရန် မလို)၊ လေးလေးမြတ်မြတ်၊ မပျက်မကွက်၊ မလွဲမသွေ၊ တကယ်၊ အတည်ပေါက်၊ အဟုတ်၊ မုချ လုပ်ရမည်။

၎။ ဤရာထူးတိုးခြင်းကို အမှုရှောင်၊ တွင်းတူး၊ ငတိ၊ နာယက တို့ ၄ ဦး သဘောတူသဖြင့် အိုင် ကျွန်ုပ် အတည်ပြုလိုက်သည်။

၎။ ကေလာကောင်၏ လစာကို ဒေါ်လာ ၁ သိန်း ပလပ်စ် ကျပ် ၅၀၀၀ (ယခုထွက်မည့် ငါးထောင်တန် အသစ်စက်စက် တရွက်) သတ်မှတ်ထားသည်။ တာဝန် ဝတ္တရားများ ထမ်းဆောင်မှု၊ အမိန့်နာခံမှု၊ တီထွင်ဖန်တီးမှု၊ ဆက်ဆံရေးကောင်းမှု၊ အတွေးအခေါ်များ စူးရှမှု (ဆိုင်လားတော့ မသိဘူး) စသည်တို့အပေါ် မူတည်ပြီး လစာ တိုးမည် သို့မဟုတ် လျှော့ပစ်မည်။

၅။ ဂေဟာ၏လုပ်ငန်းများအတွက် စရိတ် လိုအပ်ပါက ကေလာသည် သူ၏ ဘဏ်ကတ်ကို ATM ဟု လူသိများသော စက်အတွင်းသို့ ထည့်ပြီး လျှို့ဝှက်နံပတ်ကိုနှိပ်လိုက်လျှင် အားလုံး အဆင်ပြေသွားနိုင်မည် ဖြစ်သည်။ ထို့နောက် စက်တွင်ရှိသော ခလုတ်တချို့ကို ဉာဏ်ရှိသလို နှိပ်ပါက ထိုစက်က သူ့အား ငွေသား (ငွေသား) ထုတ်ပေးစေရန် ကျွန်ုပ်တို့ စီမံထားသည်။

၆။ မစ္စတာကေလာသည် ဂေဟာ၏ လုပ်ငန်းများကို နေ့စဉ် လုပ်နိုင်သည်။ ခံစားခွင့်အဖြစ် လစဉ် ၃၁ ရက်နေ့တိုင်းတွင် နေ့တ၀က် ခွင့်ယူနိုင်သည်။ သို့သော်လည်း ဂေဟာလူကြီးမြင်း တဦးဦး၏ ထောက်ခံမှုဖြင့် အနည်းဆုံး ၁ လ ကြိုတင်ပြီး ခွင့်ယူရမည်။

၇။ တဦးတည်းသော အသင်းသား ကေလာကို တွင်း ၁ ရာထူး ခန့်အပ်ခြင်း ဖြစ်သောကြောင့် အသင်းသားနေရာ လစ်လပ်သွားသည်။ ထို့ကြောင့် ထိုနေရာကို လျှောက်ထားလိုသူများ လျှောက်ထားနိုင်သည်။ လျှောက်ထားသူသည် အမျိုးသား ဖြစ်ရမည်။ အမျိုးသမီးများ လျှောက်ထားရန် မလိုရေးချ မလိုပါ။

ကံကောင်းပါစေ မစ္စတာ ကေလာ

သင့်ရဲ့ - ၀န်ဂျီးဂျုပ်

လက်ထောက်အယ်ဒီတာ ၁ ဦး အမြန် အလိုရှိသည်

၁။ လက်ထောက်ပြီး အိပ်ငိုက်တတ်ရမည်။ အထူးသဖြင့် အစည်းအဝေးအတွင်း၊ အလုပ်ချိန်အတွင်း လက်ထောက်ပြီး ငိုက်တတ်ရမည်။
၂။ ကျား သို့ မဟုတ် မ ဖြစ်ရမည်။ (ကျားမ မကွဲပြားသူများလည်း လျှောက်ထားနိုင်သည်။)
၃။ သတ်ပုံမှားလေ့ရှိသူ ဖြစ်ရမည်။
၎။ စာဖတ်အား၊ လေ့လာအား ကောင်းရန် မလိုပါ (မလိုပါ)။
၅။ အလုပ်လျှောက်သည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီးသူ (သို့မဟုတ်) မပြည့်သေးသူ ဖြစ်ရမည်။
၆။ အလုပ်သမားလက်မှတ် မိတ္တူတစောင် ပူးတွဲ တင်ပြရမည်။ မတင်ပြနိုင်လည်း ရသည်။
၇။ လွန်ခဲ့သော ၆ နာရီအတွင်းက ရိုက်ကူးထားသော ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံ ၁၀ ပုံကို လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည်။
(ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံ ဟူသည်မှာ ၄x၆ လက်မ အရွယ်အစားကို ဆိုလိုသည်။ ၁x၁ လက်မ အရွယ် မဟုတ်ပါ)
၈။ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာ ၁ စောင်ကိုလည်း ပူးတွဲတင်ပြရမည်။ (ထောက်ခံစာသည် ထုံးစံအတိုင်း စာရိတ္တပျက်နေသူများထံမှ ဖြစ်ရမည်။)
၉။ လုပ်အားပေးလိုစိတ် ရှိရမည်။ (လခမယူဘဲ အခမဲ့ တာဝန်ယူ ဆောင်ရွက်လိုစိတ်ကို ဆိုလိုသည်။)
၁၀။ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ကင်းရှင်းရမည်။ (အချစ်ရေး ကင်းရန် မလိုပါ။)

မည်သည့်နေရာသို့ လျှောက်ထားရမည် ဆိုသည်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုံစမ်းနိုင်သည်။

ပုံ - မန်နေဂျာ
Crazy Villa Weekly News ဂျာနယ်

ဒါဟာ ငပေါများဂေဟာက ထုတ်မယ့် ဂျာနယ်အတွက် အလုပ်ခေါ်စာပဲ။
အယ်ဒီတာလား၊ အင်း - အယ်ဒီတာ မလိုဘူး။ မလိုဘူးဆိုတာ မလိုဘူးလို့ ပြောတာ။


ရှင်းရှင်း ပြောရရင် လက်ထောက်အယ်ဒီတာ ဆိုတဲ့ ဝေါဟာရဟာ အယ်ဒီတာ ဆိုတဲ့ ဝေါဟာရထက် ပိုပြီး ရယ်ရတယ်။ ဒါကြောင့် ငါတို့ ဂျာနယ်မှာ “လက်ထောက်အယ်ဒီတာ” က ရာထူးအကြီးဆုံး ဖြစ်မယ်။

ဂျာနယ်ကို အဲသလိုပဲ Crazy Villa Weekly News ဆိုပြီး အင်္ဂလိပ်လို ပေးမယ်။
ဒါမှ ခေတ်မီတယ်။ အရမ်း လန်းတယ်။
လူအထင်ကြီးတယ်။ ဂုဏ်ရှိတယ်။
ကြည့်ရတာ အဆင်ပြေတယ်။ ဆွဲဆောင်မှု ရှိတယ်။
ဂျာနယ် ပီသတယ်။ အဟန့်ကောင်းတယ်။
လူရှိန်တယ်။ မိုက်တယ်။
ထင်ပေါ်ကျော်ကြားတဲ့ ဘလော့တခုရဲ့ နာမည်ကို သုံးတဲ့အတွက် ပြိုင်ဘက်ဂျာနယ်တွေ လန့်သွားလိမ့်မယ်။ ဖျားသွားလိမ့်မယ်။

ကဲ - ဂျာနယ်ထုတ်မယ်။


မြန်မာပြည်ရဲ့ စာနယ်ဇင်းလောကကို ကယ်တင်ဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။
စာဖတ်သူကို ဒုက္ခပေးဖို့ အဲ - ဖတ်စရာ တွေးစရာတွေ ပေးဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။

ပိတ်နေတဲ့ မျက်စိတွေ ပွင့်သွားဖို့၊ ပြူးနေတဲ့ မျက်စိတွေလည်း ပိုပြူးသွားဖို့ ငါတို့ ဂျာနယ် ထုတ်မှ ဖြစ်မယ်။
လူထုသတင်းသမား (citizen journalist) တွေကို အလုပ်အကိုင် အတည်တကျ ရှိစေဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။

ဂျာနယ်ဆိုတာ ဘာမှန်း မသိသူတွေ သိသွားအောင်လို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။
ကြော်ငြာရှင်တွေ ၀မ်းသာဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။

မော်ဒယ်ဘွိုင်းတွေ၊ မော်ဒယ်ဂဲတွေ စိတ်ချမ်းသာဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။
ငါတို့ ရေးချင်တာတွေ လျှောက်ရေးနိုင်ဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။

ငါတို့ ဂျာနယ်ထုတ်ရမယ်။
ငါတို့ ဂျာနယ်ထုတ်ရမယ်။
ငါတို့ ဂျာနယ်ထုတ်ရမယ်။

ငါတို့ ဂျာနယ်ထုတ်ရင် မြန်မာပြည်ကြီးတောင် အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ ။

Thursday, October 1, 2009

လျှောက်လုပ်ရေး ၀န်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ် (ဇာတ်သိမ်း)

လူကြီးမြင်းများလည်းကုန်ပြီ။ အခုထိတစ်ယောက်မျှ အရေးမလှ။ နောက်ဆုံးလက်နက်တစ်ခုထုတ်သုံးရန် ကြံရသည်။ ငပေါများအားလုံးထဲမှာ ဆိုသက်ကော သဘာရောပညာရောအရင့်ဆုံးဖြစ်သော နာယကကြီးကို ပွဲထုတ်ရတော့မည်။ အခမ်းအနားမှူးက
“ယခုနောက်ဆုံးပိတ် အထူးအစီအစဉ်အနေနဲ့ ခေတ်ဆွေးငပေါနာ…”
အခမ်းအနားမှူးအသံပင်မဆုံးလိုက်ရပါ။ စင်နောက်မှဖိုးယိုးဖားယားဖြင့်ထွက်ချလာသည်။ နာယကကြီးတော့မဟုတ်။ ခုဏက အခြေမလှသဖြင့်ဆင်းသွားရသော ငှက်ကထပင်ဖြစ်လေ၏။ ရုတ်တရက်မမှတ်မိအောင် စတိဗိုင်းလို အင်္ကျီကိုးယိုးကားယားကြီးဝတ်ထားသည်။ ခေါင်းပေါ်တွင်မူ ဘယ်ဗျူတီးစလွန်းမှ ငှားလာသည်မသိရသော ဆံပင်ရှည်အတုကြီးနှင့်။ ထပ်တင်ထားသည်မှာလည်း အရက်အိုးထဲ ဂျာကူဇီဆင်းစိမ်လာသလားမှတ်ရသည်။
“ဟင်…”
ငှက်ကထကတော့ ဂရုစိုက်ဟန်မရှိပဲ… လျှာလေးအာလေးဖြင့်…
“ဟုတ်ကဲ့… ကျွန်တော် အခု တွင်း၂ လိန်လိန်က ဒီလောက်နဲ့မရဘူး။ အရပ်ကကျွန်တော့်ပညာခန်းတွေ ကြည့်ချင်နေကြတယ်ဆိုတာနဲ့ တတ်သည့်ပညာမနေသာဆိုသလိုပေါ့ခင်ညာ... ကဲ… ဆရာချစ်”
“ဂွမ်း”
ဆရာချစ်ဟုအပြော နောက်မှဒရမ်မာကိုခရမ်းကလည်း ဂွမ်းကနဲအတီး ဆရာချစ်မှာလည်း အကျင့်ပါပြီး သူတီးနေကျ လက်စွမ်းပြတော့မည်အပြု
“ပေး… ဂစ်တာ” ဟုဆိုကာ ဂစ်တာကြီး ရုတ်တရက်လုသွားလေရာ… ဆရာချစ်ခမျာ မျက်လုံးလေးကြောင်ဂလုလုဖြင့် လက်ကြီးတစ်ဖက် မိုးပေါ်မြှောက်ကာ တောင်ကြည့်မြောက်ကြည့် ဖြင့်ကျန်ရစ်ရှာ၏။
“ကဲ မစ်ဆာဆရာရေ့ ပြောထားတဲ့အတိုင်း တစ်ဆုံးနော်.. ဟိုက်တစ်လုံး”
မစ်ဆာဆရာမှာလည်း ဟိုက်တစ်လုံးဆိုသဖြင့် ဗော်လူးမ်ကို တစ်ဆုံးထိတင်လိုက်၏။
“ဗွမ်းးးးးးးးးး”
မက်တယ်အဖက်ကို ဗော်လူးမ်တစ်ဆုံးမြှင့်ထားသော ဂစ်တာသံကြီးက ကြောက်ခမန်းလိလိ ထွက်ပေါ်လာလေ၏။ ရှေ့ဆုံးတန်းမှ လူကြီးမြင်းများမှာ မည်သို့မည်ပုံလုပ်လိုက်ကြသည်မသိ။ လူရောခုံများပါ ပျောက်ခြင်းမလှပျောက်သွားကာ နောက်ဆုံးတန်းတွင် ခုံများကိုကွယ်ကာ နားများကို လုံအောင်ဆို့ထားကြကုန်၏။
“ငှက်ကထ!!!”
အခမ်းအနားမှူးစိတ်မရှည်တော့ မိုက်ကိုပါးစပ်ထဲဝင်လုခမန်းကပ်ကာ ဖင်ကိုရှုံ့၍ လည်ချောင်းကိုညှစ်ကာ အသံကုန်အော်ထည့်လိုက်၏။
“ငှက်ကထတီးမှာလား နာယကကြီးအလှည့်ရောက်မှာလား”
“အဟား… နာယကကြီးဆိုမှာကို ငှက်ကထကတီးပေးမှာဗျား… ကိုယ့်အစ်မကြီးတစ်ယောက်လုံးဆိုတာ ကျုပ်မှတီးမပေးရင် ဘယ်သူကတီးပေးမှာလည်း… မဟုတ်ဘူးလား ကိုမိုးသား…”
မူးကြောင်ရူးကြောင်ဖြင့် ဘေးမှ ဘယ်အချိန်ကရောက်နေမှန်းမသိသော ခွေခွေလေးအိပ်နေသည့် ထောက်ချုပ်အား လှည့်မေးလိုက်ရာ ဟိုကလည်း အူကြောင်ကြောင်ဖြင့် ခေါင်းငြိမ့်လေ၏။
“ဟုတ်ကဲ့ခင်ဗျား အခုဆိုရင်ဖြင့် ကျွန်တော်တို့ ငပေါများဂေဟာရဲ့ ခေတ်ဆွေးငပေါနာယကကြီးက ဖျော်ဖြေတော့မှာဖြစ်ပါတယ်ခင်ဗျား”
လက်ခုပ်သံ မဖြစ်ညစ်ကျယ် တစ်ဖျောက်ဖျောက်နှင့်အတူ ခေတ်ဆွေးနာယကကြီးတစ်ယောက် စင်ပေါ်တစ်လှမ်းခြင်းတက်လာလေ၏။ ရှုလော့။ နာယကကြီးမှာ ရေမရောသော ရော့ကာစစ်စစ်ကြီးဖြစ်လေရာ အမျိုးသမီးရော့ကာနှင့်တူအောင်ဆို၍ခါတိုင်းဝတ်နေကျပုံစံမဟုတ်ပဲ Amy Le လိုလို ဖြူဖြူကျော်သိန်းလိုလို ဂါဝန်ရှည်အမည်းကြီး ဝတ်ထားလေ၏။ နဂိုကပင် ပုညှက်သေးကွေးရသည့်အထဲ ယခုမူ ဂါဝန်ကလူထက်ကြီးနေသဖြင့် ရုတ်တရက်ဆိုသော် တောင်ကြီးမီးပုံးပျံကြီးများ စင်ပေါ်လွင့်လာသလားထင်မှတ်ကာ လုံခြုံရေးတွေ အတော်အလုပ်ရှုပ်သွားကြသေး၏။
“ဟတ်ကဲ့ အခုကျွန်မအနေနဲ့ ခေတ်ဆွေးနာယကကြီး ပီသစွာ ခေတ်ဆွေး ရော့သီချင်း.. ချင်း…”
စကားပင်မဆုံးသေး… ကွတကွတရက်ပါစတိုင်ဖြင့် သဘာငတိစင်ပေါ်ရောက်ချလာပြီး လက်နှစ်ဖက်ကို နာယကကြီးမျက်လုံးထဲဝင်လုခမန်းထိုးကာ …
“ဘာလဲ ခေတ်ဆွေးရော့ခ်… လုပ်စမ်းပါ ဟစ်စ်ဟော့ပ်စ်စ်စ်စ်စ်…. အခုခေတ်က ဟစ်စ်စ်ဟော့ပ်စ်စ်စ်….”
ပြောရင်း တံတွေးအတောင့်လိုက် နာယကကြီးဆီပြေးဝင်လာရာ နာယကကြီးမှာ စာနယ်ဇင်းသမားပီသလှစွာပင် ဖတ်ကနဲရှောင်လိုက်ရ၏။
“ဆိုစမ်းပါ ဟစ်ဟော့။ နာယကကြီးလို ရော့ကာကြီးတစ်ယောက်က ဟစ်ဟော့ဆိုတယ်ဆိုရင် စတီဗင်တိုင်လာ ရက်ပ်ဆိုတာထက် ပိုနာမည်ကြီးသွားမယ်… အကုန်ဖျားသွားမယ်… ညင်းညင်း”
“ဟင် ဟုတ်လား..” နာယကကြီးမှာလည်း သူ့အလှည့်မရောက်မချင်း ထိုင်သောက်နေသဖြင့် အတော်ယိုင်နေပြီ။ ငတိပြောတာ အဟုတ်မှတ်လေပြီ။ အမှန်မှာ ဟိုက သူ့အလှည့်တုန်းက ခံလိုက်ရသဖြင့် သူ့လိုပင် သူများလည်း ခံရစေသော်ဝ် ဟု အဆင်းဘီးတပ်ဆီထည့်ရုံမက လမ်းကိုပါရေစွတ် လွှတ်လိုက်ခြင်းဖြစ်၏။
“ဟစ်ဟော့ဆိုတော့ ဂစ်တာကဖြစ်ပါ့မလား”
ငှက်ကထကဝင်၍
“ဟာာ. ဖြစ်တယ်… လာချင်တာသာလာခဲ့” ဟု နေ့တွက်မကိုက်သေးသော အလှူခံမဏ္ဍပ်မှ ဆရာကြီးလေသံဖြင့် မိန့်ကြား၏။
“ဒါဆိုစမယ်.. ငါရတာဆိုမှာနော်… ရယ်ဒီ.. ဝမ်း …တူး… သရီး”
“ပကျိ ပကျိ ဗျိဗျိဗျီးးးး” ဂစ်တာကြိုးကို ဒီဂျေသံနှင့်တူအောင် ပွတ်ခြင်းဖြစ်၏။ မပွတ်တတ်သဖြင့် လက်သမားများ စက်ရွှေဘော်ထိုးသည့် အသံကြီးသာထွက်ပေါ်လာလေသည်။

ပေါတာလေးတွေ ထူးခြားလို့ ပေါချင်စိတ်ကထွက်
ပေါနေရင်းနဲ့ ပေါလို့ကောင်းလို့ ထပ်ပေါချင်ပြီကွယ့်
လူကြီးမြင်းတွေ ပေါလွန်းလို့ ခဲနဲ့ပေါက်တယ်ကွယ့်
အခုပေါမိရင် နောက်ထပ်ပေါချင် တို့လျှာလည်ပြီကွယ့်


ဆိုနေရင်း ရုတ်တရက်ရပ်သွားသည်။ အားကြိုးမာန်တက်တီးနေသော ငှက်ကထတစ်ယောက် ဆန့်ငင်ဆန့်ငင်ဖြစ်သွားလေ၏။
“ဘာသီချင်းကြီးလဲဗျာ… ပြီးတော့ဆက်လဲမဆိုပဲ ဘာလုပ်တာလဲ”
“ဟဲ့.. ဟစ်ဟော့ဆို ကျုပ်ရတာ ဒါပဲရှိတာကိုဟဲ့ ရှေ့ဆက်လဲမရတော့ဘူးဟဲ့”
“ဒါဆိုလဲရတာဆိုဗျာ.. ကျွန်တော်လဲရတာတီးမယ်”
“တော်ပြီ ငါ့ဟာငါ ခေတ်ဆွေးရော့ပဲ ဆိုတော့မယ်” ဟုဆိုကာ ဘိုဘိုဟန်သီချင်းတစ်ပိုဒ်ကို ကောက်ဟဲလေ၏။

ခြေအစုံကို ရပ်လို့ တွေဝေနေဆဲကွယ်
ထပ်ပေါရမှာကို တွေးလဲ မပြတ်သားသေးပါ မေးပါရစေဦး
ဒီကစပြီး ရှေ့ဆက်ပေါဖို့ အကြောင်းတွေရှိနေချင်သေးတယ်
လူတည်တွေ အများကြီးထဲ တော်သလို ဆက်ပေါမလား…
ဒီကပေါလိုက်ရတာ မင်းအသိဆုံးပါ ငပေါထဲမှာ ငါပဲကွယ်
ချာလီချက်ပလင်ဝင်စားသလား… ပေါလွန်းတဲ့သူရယ်
လမ်းတစ်ဝက်က ရှေ့ဆက်မရ….
လမ်းတစ်ဝက်က ရှေ့ဆက်မရ…
လမ်းတစ်ဝက်က ရှေ့…ရှေ့..


“ရှေ့ဆက်လေဗျာ…” ဆိုနေရင်း ရှေ့ဆက်မရရာကနေ ရပ်သွားသဖြင့် အခုထိ တစ်ပုဒ်မှ ကောင်းကောင်းမွန်မွန်မတီးရသေး၍ စိတ်မရှည်ဖြစ်နေသော ငှက်ကထက လှမ်းငေါက်သည်။
“အဟီး ရှေ့ဆက်မရတော့လို့… အဟဲ”
စင်စစ်တော့ နာယကကြီးခမျာမှာ အသံကောဆိုပေါက်ပါ သိပ်မဆိုးလှသော်လည်း မည်သည့်သီချင်းကိုမှ အဆုံးထိမရသော ရောဂါဆိုးကြီးရှိ၏။
“ဟာဗျာ… တယ်ရှုပ်တာပဲ… ဘာရသေးလဲ… ဟမ်းဟမ်း ဒီမှာတီးချင်နေတာနော်… ” ပြောပြောဆိုဆို အံကိုကြိတ်ကာ ဂစ်တာကို ဗျီးကနဲ တစ်ချက်တီးလိုက်၏။ ငှက်ကထစိတ်မရှည်တော့သဖြင့် နာယကကြီးခမျာလည်း ထိတ်လန့်လာကာ ယောင်ယောင်ကန်းကန်းဖြင့် ပါးစပ်ထဲရှိတာ ကောက်ဆို၏။

ပေါလွန်းသည့် သီချင်းဟင်းဟင်း…..
မဗျင်းဝံ့ပြီ ဟီဟီ…(အမယ် အဆွဲအငင်ကလည်း အကျဗျ)
ရူးလွန်းသည့် သီချင်းငှင်းငှင်း…
မဆင်းဂ်(Sing) ဝံ့ပြီ…
မာယာ ပရိယာယ် အသွယ်သွယ် ယှက်လို့…ဟို့ဟို့
ပေါရက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ။
ပေါလွန်းသည့်သီချင်း မဆင်းဂ်ဝံ့ပြီ။
မဆင်းဂ်…မဆင်းဂ် ဆင်းဂ်း
အကောင်းဆင်းဂ် (ဟင်ဟုတ်ပါဘူး) အကောင်းဆိုနေရာမှ ရောဂါဖောက်လာပြန်သဖြင့် မေ့သွားပြန်သည်။
“တော်ပါတော့ဗျို့… မဆင်းဂ်ဝံ့လဲ ဆင်းပါတော့ဗျို့”
“ဟုတ်ပါတယ်ဗျို့ မဆင်းဂ်ပါနဲ့တော့ဗျို့”
“ဆင်းပါတော့ဗျို့” အောက်မှသြဘာပေးကြကုန်သည်။ အခြေမလှမှန်းသိသဖြင့် နာယကကြီးခမျာလည်း ပါးစပ်မှ “အလကား ဂီတကို မခံစားတတ်တဲ့သူတွေ.. ကလပ်စစ်ကို မသိတဲ့သူတွေ.. မော်ဒန်ကို နားမလည်တဲ့သူတွေ” စသည့်ဖြင့် ပွစိပွစိရေရွတ်ကာ ဆင်းသွားလေ၏။
နာယကကြီး ဆင်းသွားသော်လည်း ငှက်ကထမှာ မဆင်းသေး။ တကွိကွိ တကွကွ တဗျီးဗျီးတဗျစ်ဗျစ်ဖြင့် လက်စွမ်းပြသောင်းကျန်းလို့ကောင်းတုန်းရှိသေး၏။ တီးတတ်လို့တော့မဟုတ်။ အီလက်ထရစ်ဂစ်တာကို အဖက်နှင့် အမ်ပလီဖိုင်ယာနှင့် ဆောင်းဘောက်နှင့် ကျကျနန အခုမှတီးဖူးသဖြင့် ရသမျှအမြတ်ပဲ သဘောထားကာ တီးချင်ရာလျှောက်တီးနေခြင်းသာဖြစ်၏။ နောက်မှဒရမ်မာကြီးကလည်း “အင်း… ငါမှာခဲရာခဲဆစ် Stroke တွေလက်စွမ်းမပြရတာကြာချေပြီ။ အခုမှအခွင့်ကြုံတော့သည်” ဟုသဘောထားသည့်လက္ခဏာနှင့် ငှက်ကထတီးသမျှ ပံ့ပိုးချေ၏။ စင်ပေါ်တွင်မလည်း ပြောင်းဖူးရိုး၊ ဂေါ်ဖီရိုး၊ လိမ္မော်ခွံ စသည့် သစ်သီးဝလံ ဟင်းသီးဟင်းရွက်တို့မှာ သီရိမင်္ဂလာဈေး ကြမ်းပြင်ကဲ့သို့ရှိနေချေပြီ။ “တော်ပါတော့ဗျို့၊ နားညီးလှပြီဗျို့” ဆိုသောအသံများမှာလည်း တားမနိုင်ဆီးမရချေပြီ။ အပေါ်မှ ငှက်ကထမှာလည်း ဘယ်သူဘာပြောပြော တို့ကတော့တီးမှာပဲ ဆိုသောအထာကိုင်လေပြီ။ ထိုစဉ်မှာပင် တွင်း၂ခမျာ “ငါပင့်မိတဲ့ ဂြိုလ်ငါပဲပြန်နှင်ရတော့မပေါ့” ဟုသဘောပိုက်ကာ မစ်ဆာကိုပိတ်မည်ဟူ၍ အရပ်ကြီးကလန်ကလားဖြင့်အပြေးသွားရာ စင်ပေါ်မှရှုပ်ယှက်ခပ်နေသော ကြိုးများကို ခလုတ်တိုက် မှောက်ရက်လဲ၏။ ကံအားလျှော်စွာပင် မစ်ဆာကြိုးကို တိုက်မိသဖြင့် စင်ပေါ်မှာသောင်းကျန်းနေသော တဗျီးဗျီးတဗျစ်ဗျစ်အသံ တိတ်လေ၏။ ထိုအခါမှပင် ငှက်ကထလည်း ဂစ်တာကိုနောက်ပြန်လွယ်ကာ လေးဖြူစတိုင်ဖြင့် စင်ရှေ့သို့ စောင်းငန်းစောင်းငန်းဖြင့် ထွက်လာပြီးသကာလ “ကျွန်တော်ကတော့ ပြင်းပြင်းပဲကြိုက်တယ်ဗျာ” ဟုမှုတ်လေ၏။ ထိုစဉ်မှာပင် “အေး… ငါတို့ကလည်း ပြင်းပြင်းပဲ ဆော်တယ်ကွ” ဟူသောအသံဖြင့် အုတ်နီခဲတစ်လုံး ငှက်ကထထံသို့ အရှိန်ဖြင့် တူရှုလာလေ၏။ ငှက်ကထမှာလည်း တစ်ခါသေဖူး အသုဘစရိတ်နားလည်နေသဖြင့် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ဖတ်ကနဲကိုယ်ကိုတစ်ပတ်လှည့်ရှောင်ကာ ဂစ်တာကိုလည်း တစ်ပတ်လှည့်၏။ လှည့်တာနှင့်အတူ လွယ်ကြိုးကလည်း ဖြတ်ကနဲပြတ်၏။ ထို့နောက် စင်နောက်မှ ယိုင်တိုင်တိုင်ဖြင့်ထွက်လာသော အမှုရှောင်နှဖူးကို ဒေါင်ကနဲမှန်သဖြင့် အမှုရှောင်ပက်လက်လန်လေ၏။ တဆက်ထဲပင် အနောက်က ဒရမ်မာကြီးထံမှ အုံးကနဲ တကယ့်အပြင်းစားပွဲသိမ်းရိုက်ချက်ကြီးထွက်ပေါ်လာလေ၏။ ငှက်ကထမှာ “ဟင်.. အခုမှ တကယ့်အပြင်းစား Beat ကြီးထွက်လာပါကလား” ဟုလှည့်ကြည့်လေရာ အုတ်ခဲမှန်သဖြင့် ပေါက်ပြဲနေသော ဘေ့စ်ဒရမ်ကြီးကို ငိုမဲ့မဲ့မျက်နှာငယ်လေးဖြင့် ပွတ်သပ်နေသော ဒရမ်မာကြီးကို တွေ့ရလေ၏။ ထိုသို့စင်ပေါ်တွင် ပက်လက်လန်သူ၊ မှောက်ရက်လဲသူ နှမြောတသငိုချင်းချနေသူတို့ဖြင့် ဗြုတ်စဗျင်းတောင်းဖြစ်ချင်တိုင်းဖြစ်နေသည်ကို ကြောင်တောင်ကြည့်နေသော အခမ်းအနားမှုးခမျာမှာ လမ်းချော်လာသော ပြောင်းဖူးရိုးတစ်ရိုးသူ့ဆီရောက်လာကာမှပင် သတိဝင်လာကာ
“ငပေါများဂေဟာ နှစ်ပတ်လည်စတိတ်ရှိုးအစီအစဉ်ကြီး အောင်မြင်စွာပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်ခင်ဗျား”
ဟုကြော်ငြာလိုက်သောအချိန်မှာပင် “ဖြောင်းဖြောင်းဖြောင်း” ဆိုသော ပရိသတ်များ၏ တွေ့သမျှကို ရိုက်ချိုးသော အသံများကို ကြားလိုက်ရလေသတည်း။