ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label *ဏာယကာ့ဂျီး. Show all posts
Showing posts with label *ဏာယကာ့ဂျီး. Show all posts

Wednesday, September 15, 2010

နာယကဂျီး တရေးနိုးမှာပေါ်သောအကြံ အကုန်လိုက်လုပ်ရန်

တနေ့သ၌ ကျွန်ုပ် နာယကဂျီးသည် ပျင်းပျင်းရှိသည်နှင့် ဂျီတော့ချက်ရွန်းခေါ် စကားများခန်းတွင် မည်သည့် ငပေါများ ရှိနေသနည်းဟု ချောင်းကြည့်လိုက်ရာ မမြင်ရသည်မှာ လွန်စွာမှ ကြာလှပြီဖြစ်၍ မနည်းရုပ်ဖမ်းကြည့်ယူရသော ငှက်ကထတကောင်တည်း ရူးချင်ယောင်ဆောင်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုသို့ မြင်လိုက်သည်နှင့်တပြိုင်နက် ခေါ်မည်ဟု ပါးစပ်ပြင်ပြီးမှ “ဒုန့်ဒစ်စတာ့ပ်” ဟူသော ၎င်း၏ စတိတ်တပ်စ်ကို မြင်လိုက်ရာ ငှက်ကထကို မနှောင့်ယှက်ပင် မနှောင့်ယှက်ချင်သော်ငြား အတွင်းကငပေါပိုးများက မနေသာသဖြင့် ၎င်း၏ အမည်ကို နားကွဲမတတ် အော်ခေါ်လိုက် မိလေသည် ....။ ဒန်တန့်တန် ...။

နာယက။ ။ နှောင့်ယှက်တယ်ဟာ ဘာဖြစ်လဲ။

ငှက်ကထ။ ။ ဘာဖြစ်ရမှာလဲ။ ခင်ဗျားကြီးနှောင့်ယှက်တော့ ဂိမ်းဆော့ ပျက်တာပေါ့ဗျ။

နာယက။ ။ အိမ်း ... ဝမ်းသာတယ် ဝမ်းသာတယ်။

ငှက်ကထ။ ။ ကျုပ်ကတော့ ဝမ်းမသာဘူး။ ဂိမ်းဆော့နေတုန်း အဲလို တိန်ခနဲ မြည်မြည်လာတာလောက် စိတ်ညစ်တာမရှိဘူး။

နာယက။ ။ ဒါဆိုလည်း နင့်စကားခန်းကြီး ပိတ်ထားပေါ့ဟာ။

ငှက်ကထ။ ။ ချစ်သူများ လာမလားလို့ပေါ့ဗျာ။ အခုတော့ ချစ်သူမလာဘဲ တောက်ညင်ကပ်စရာကြီးတွေပဲ လာလာနေတယ်။

နာယက။ ။ အေးအေး ... အဲသလို ကိုယ့်အစ်မကို ကိုယ် ရိုသေချစ်ခင်တာ ကောင်းတဲ့အမူအကျင့်ပေပဲ။

ငှက်ကထ။ ။ အင်း ဘယ်လိုပြောပြော ပေကပ်နေမယ့်ပုံပဲ။ ကဲဗျာ ... ပြောစရာရှိတာပြော။ လျှာတော့ သိပ်မရှည်နဲ့ ကျုပ်သည်းခံမှာမဟုတ်ဘူး။

နာယက။ ။ အေးပါဟာ ... နာယကနဲ့ ငှက်ကထ ဆုံတုန်းလေး တိုင်းရေးပြည်ရာ ဆွေးနွေးရင်ကောင်းမလားလို့ပါ။

ငှက်ကထ။ ။ ဟာဗျာ ... ခင်ဗျားကြီး အကြာကြီး ဘယ်ချောင်သွားအိပ်ပျော်နေမှန်းလည်းမသိ၊ ရုံးလည်းမတက်၊ ခွင့်လည်းမတိုင်၊ စကားခန်းဝင်လာလည်း မီးနီပြပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေပြီး အခုမှ ဘာလဲ တိုင်းရေးပြည်ရေး။

နာယက။ ။ ဟ ... ငှက်ကထရဲ့ ... ကျုပ်ရုံးမတက်တာ၊ ခွင့်မတိုင်ဖြစ်တာ၊ စကားခန်း မီးနီပြတာတွေက အလကားမဟုတ်ဘူးကွဲ့ ... တကယ် အရေးကြီးတဲ့ကိစ္စရပ်တွေကို နက်နက်နဲနဲ စဉ်းစားနေရလို့၊ တကယ်ကြီးကို မအားလို့ပါ။ အခုတောင် အိုဘားမားဆိုတဲ့ ချာတိတ်လေးက နေ့လယ်စာစားဖို့ မနည်းတောင်းပန်ခယနေတာကို အတင်းငြင်းပြီး ထွက်လာခဲ့တာ။ ကျုပ်ရဲ့ တကယ်တန်ဖိုးကြီးတဲ့ အချိန်တွေထဲက နင့်ကို ဖဲ့ပေးတာ ကျေးဇူးတင်။

ထိုသို့ ကျွန်ုပ်၏ ခပ်တည်တည်နှင့် အပေါ်စီးဖိဟောက်မှုကို ငှက်ကထ တည်းဟူသော မောင်အန်ဒီမှာ ဖြုံသွားပုံ ရလေသည်။

ငှက်ကထ။ ။ ဟားဟားဟားဟား ... ကျန်တဲ့ငပေါတွေကို သွားရွှီးဗျာ။ အားလုံးထက်ပေါလို့ ငှက်ကထလုပ်နေတာ။ လာမရွှီးနဲ့ ခင်ဗျားဘာသာ ပို့စ်မရေးချင်လို့ ငပေါမြင်တိုင်း ဟိုချောင်ဝင်ပုန်း ဒီချောင်ဝင်ပုန်းလုပ်နေတာ မသိဘူး ထင်မနေနဲ့။

နာယက။ ။ ဟယ် နင့်ကို ဘယ်သူပြောလဲ။

ငှက်ကထ။ ။ အဲဒီချောင်တွေတိုင်းမှာ ဖွင့်ထားတဲ့ အရက်ပုန်းဆိုင်တွေက ပြောတာပေါ့ဗျ။ ပြောလိုက်သေးတယ် ... နာယကကြီး အကြွေးစာရင်း မရှင်းရသေးဘူးတဲ့ဗျား။

နာယက။ ။ ဟာ အာပြဲကြီးနဲ့ အော်နေပြန်ပြီ တိုးတိုးသက်သာ လုပ်စမ်းပါ။ အဲဒါတွေက အတိတ်က ကိစ္စတွေပါဟ။ အခု နာယကဂျီးက အရင်နာယကဂျီး မဟုတ်တော့ဘူး။ အားကျိုးမာန်တက် ပေါရာပေါကြောင်းတွေ ဆောင်ရွက်မယ့် နာယကအသစ်စက်စက်ကြီး ... ရီနယူး နာယကပါ။

ငှက်ကထ။ ။ ကြည့်သေးတာပေါ့ဗျာ ... ကဲကဲ အချိန်ကုန်တယ် ... ဘာပြောမှာလဲ ဘာပေါမှာလဲ ဘာလုပ်မှာလဲ ပြော။

နာယက။ ။ ဒီလိုဟ။ တို့ ငပေါဂေဟာကနေ ဘယ်သူမှ အမတ်ထွက်မလုပ်ကြဘူးလား။

ငှက်ကထ။ ။ ဟိုက် ... ငပေါပါဆိုမှ အဲဒီ လူတည်တွေလုပ်တဲ့အလုပ် လုပ်ပါ့မလား။ လူတည်တွေရူးတိုင်း လိုက်မရူးချင်စမ်းပါနဲ့။

နာယက။ ။ သိဘူးလေဟာ ... ခုဟာက ဟိုနေရာ အမတ် ဒီနေရာ အမတ်နဲ့ ... အမတ်တွေ အရမ်းပေါနေတော့ ငပေါတွေ ခေတ်မမီမှာစိုးလို့။ ဒီလိုလုပ်ဟာ နင် အမတ်လုပ်မလား။ ငါ စပွန်ဆာ ရှာပေးမယ်။

ငှက်ကထ။ ။ ဟား မလုပ်စမ်းပါနဲ့ဗျာ။ စပွန်ဆာဆိုတာ ဘယ်အမတ်ကိုမှ မပေးဘူး။ ပေးချင်းပေးရင် ... မော်ဒယ်လ်ဂဲလ်လေးတွေပဲ ပေးမှာ။

နာယက။ ။ ဒါဆို အမှုရှောင်နန့်ညီတို့ သဘာငတိငဂျဲတို့ မောင်မူးသား အဲလေ ... မောင်မိုးသားတို့ကို လုပ်ခိုင်းရင်ကော။

ငှက်ကထ။ ။ ဘယ်ကဘယ်လို အမတ်ပိုးဝင်လာပြန်ရတာလဲ နာယကဂျီးရာ ... ငပေါတွေအကုန်လုံး ရူးချင်ယောင် ဆောင်နေရတာနဲ့ အားကြတာမဟုတ်ဘူး။

နာယက။ ။ စိတ်ညစ်ပါတယ်ဟာ ... ငါက အမတ်ရဲ့သူငယ်ချင်း ဖြစ်ချင်လို့ဟ။ လုပ်ပါဟာ ... နင် အမတ်လုပ်မယ်လို့ ကတိမပေးမချင်း ငါ ဒီ စကားခန်းထဲက မထွက်ဘူး။

ငှက်ကထ။ ။ ဟိုက် ... နာယကဂျီးရယ် ... မလာတော့လည်း မလာလို့ လာပြန်တော့လည်း အမှုကပွေနဲ့ စိတ်ညစ်စမ်းပါဘိ ...။

ငှက်ကထမှာ သူ့ခေါင်းကို တဗျင်းဗျင်းမြည်အောင်ကုတ်ရင်း စဉ်းစားဟန် အကြံထုတ်လေသည်။

ငှက်ကထ။ ။ သိပြီ သိပြီ နာယကဂျီး ... ဒီလိုလုပ်ဗျာ။ ကျုပ်က အမတ်တော့မလုပ်ချင်ဘူး။ ငပေါပီပီ တခုခုတော့ ထူးထူးခြားခြား လုပ်မှ တန်ကာကျမယ်ဆိုတော့ အငတ် လုပ်မယ်။

နာယက။ ။ ဟေ ... အငတ် ဟုတ်လား ... တခါမှ မကြားဖူးပါလား။

ငှက်ကထ။ ။ အခု ကြားဖူးပြီပေါ့ နာယကဂျီးရယ်။ ကျုပ်ကို အိမ်က နှင်ချထားတော့ သူငယ်ချင်းပေါင်းစုံအိမ်ကို လိုက် ငတ်ကြီးကျနေတာလေ။ အမယ် နာမည်လေးက ဆိုးသလိုလိုနဲ့ အတော် ဗိုက်ပြည့်တာဗျ။ ခုတောင် အာလူးဝက်သားချက်ကလေးရယ် ချဉ်ပေါင်ဟင်းလေးရယ်နဲ့ ငတ်ကြီးကျလာသေးတယ် ရှလွတ်။ ငါးပိထောင်းလေးလည်း ပါသဗျ။

နာယက။ ။ ဟား နင့်ဟင်းသံကြားရတာ ငါတောင် ဗိုက်ဆာလာပြီ ... ရှလွက်။

ငှက်ကထ။ ။ ဒါဆို နာယကဂျီးက အငတ်လောင်းလုပ်။

နာယက။ ။ အေး ဟုတ်ပြီ ကျုပ်က အငတ်လောင်း လုပ်မယ်။ နေဦး ငှက်ကထ။ ဟိုလူတွေ ချန်ထားလို့ ကောင်းပါ့မလား။ အမှုရှောင်တို့ ငတိတို့လေ ... စိတ်ဆိုးနေဦးမယ်။

ငှက်ကထ။ ။ အမယ် ... ဒင်းတို့လည်း အငတ်လုပ်လို့ရတာပဲ။ မနေ့က ဆီမီနာဆိုလား ကွန်းဖရန့်ဆိုလားမှာ ဒင်းတို့ကို တွေ့လိုက်ပါ့။ အဲသမှာ အိုင်တီကို စိတ်ဝင်စားသလိုလို ဘာလိုလိုနဲ့လာပြီး အဲဟိုက ကျွေးတဲ့ ပီဇာနဲ့ ကော်ဖီကို အပီတွယ်နေလိုက်တာများ ... ။ ဒင်းတို့လည်း အငတ်လုပ်လို့ရတယ်။ ပေါညီတောင် ပါသေး။

နာယက။ ။ မဆိုးဘူး ... ငပေါတွေ တော်တော်လေး ခေတ်မီလာပြီ။ အားလုံး အငတ်လုပ်ကြတာပေါ့လေ။ ဝန်ဂျီးဂျုပ်တယောက်တော့ ဆူရှီလိပ်တာက တဘက်နဲ့ဆို အငတ်လောင်းလုပ်လို့ ဖြစ်ပါ့မလား။

ငှက်ကထ။ ။ ဖြစ်ပြီလား နာယကဂျီးရယ်။ ဟို ဝန်ဂျီးဂျုပ်ဆိုတဲ့သူကြီးတောင် ... ဝန်ဂျီးဂျုပ်တဘက် အငတ်တဘက် လုပ်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ လုပ်သေးတာပဲ။ ဆူရှီလိပ်ရင်း ငတ်လို့ ပိုတောင် ကောင်းသေး။

နာယက။ ။ ဗီလိန်နဲ့ ခေါင်ခေါင်လည်း ငတ်ရှာပါတယ်။ တခါ သူတို့နဲ့ ဆုံတုန်းက အိုက်စကရင်ကို မသိတဲ့သူက ဝယ်ကျွေးမယ် ဆိုတာတောင် အတင်းလိုက်ငတ်သေးတာပဲ။ ဗီလိန်ဆို အားလုံးစားဖို့ ဝယ်ထားတဲ့ အကြော်ထုပ်ကိုညနေစာအတွက်ဆိုပြီး ယူသွားသေးတယ်။ သူတို့ကိုလည်း အငတ်လုပ်ခိုင်းမယ်။

ငှက်ကထ။ ။ မောင်မိုးသားလည်း ငတ်တယ်နော်။ အရက်ဝိုင်းမှာဆို သူချည်း အမြည်းတွေ စားစားသွားတာ။

နာယက။ ။ ဒါဆို ဒင်းလည်း အငတ်ပေါ့။

ငှက်ကထ။ ။ ကောင်းတယ် ကောင်းတယ်။ ဒါဆို ခွဲလိုက်ရုံပဲပေါ့။ ပြည်နယ်လွှတ်တော် အငတ်၊ အမျိုးသားလွှတ်တော်အငတ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အငတ် ဆိုပြီးတော့ ...။ ကျုပ်ကတော့ အရင်ဆုံး အငတ်ဖြစ်တဲ့သူ ဆိုတော့ အဲဒီ ၃ ခုလုံးအတွက် အငတ်လုပ်မယ်။

နာယက။ ။ ဒါဆို တို့ငပေါတွေ အားလုံး အငတ်ဝင်လုပ်ကြမယ်။

ထိုသို့ အားတက်သရောပြောဆိုနေကြစဉ် ကျွန်ုပ် နာယကဂျီး၏ ဝမ်းဗိုက်အတွင်းမှာ “ဂွီ” ဆိုသော အသံတသံမြည်လာပြီး မခံမရပ်နိုင်အောင် ဆာလာသဖြင့် စကားခန်းတွင်းမှ ငှက်ကထကို နှုတ်ပင် မဆက်နိုင်တော့ဘဲ မီးဖိုချောင်အတွင်းဝင်ကာ ရှိသည့် ထမင်းကြမ်းခဲကို ငါးပိရည်နှင့် နယ်ဖတ် လွေးနေစဉ် ကျွန်ုပ်စိတ်ကျေနပ်ရန် အလိုက်အထိုက် ပြောဆိုနေရသော ငှက်ကထလည်း လွတ်ပြီ ကျွတ်ပြီဟု အော်၍ ပျော်ရွှင်စွာ ဂိမ်းဆက် ကစားနေလေတော့ သတည်း။ ။

မှတ်ချက်။ ။ အငတ်စာရင်းများ စတင် တင်သွင်းနိုင်ပါပြီ။

ပုံ။ ။ နာယကဂျီး

နာယကဂျီး တရေးနိုးမှာပေါ်တဲ့အကြံ အားလုံးလိုက်လုပ်ရန်

Wednesday, May 26, 2010

သံချပ်ကာဦးထုပ် အရောင်းမြှင့်တင်ပွဲ ကျင်းပ

ရုပ်ရှင်သရုပ်ဆောင် ဖလပ်ဖလပ်မိုးပြူးက သတင်းထောက်မလေးတဦးကကို ဆံပင်ဆွဲ လည်ပင်းညှစ်မှု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ဈေးကွက်တွင်း ဝင်လာသည့် သံချပ်ကာ ဦးထုပ်များ အရောင်းသွက်နေကြောင်းသိရသည်။

ထိုဦးထုပ်ကို ဂေဟာမှ ဆောက်လုပ်ရေးဝံဂျီး ပေါငြိမ်က ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး ထောက်ချုပ်နှင့် ပျံကျားရေးဝံဂျီးတို့၏ အကြံပေးမှုဖြင့် ထုတ်လုပ်လိုက်ခြင်း ဖြစ်ကာ ဈေးကွက်အမှာစာများ ပလူပျံနေသဖြင့် ထုတ်လုပ်မှုအင်အား တိုးချဲ့နေရသည်ဟု ပျံကျားရေးဝံဂျီးက ဦးထုပ် အရောင်းမြှင့်တင်ပွဲတွင် ပြောဆိုသည်။

“အီရတ်စစ်မျက်နှာမှာ သတင်းယူဖို့ပဲ ဖြစ်ဖြစ်၊ ထိုင်းက ရှပ်နီတွေနှိပ်ကွပ်နေတဲ့ ကြားထဲမှာ သတင်းလိုက်ဖို့ပဲဖြစ်ဖြစ်၊ မြန်မာပြည်က ရုပ်ရှင်မင်းသမီးတွေကို အင်တာဗျူးရာမှာပဲဖြစ်ဖြစ် ... ဒီဦးထုပ်က အရမ်းအရမ်းကို အသုံးဝင်မှာပါ။ တကမ္ဘာလုံးက သတင်းထောက်တွေက မှာယူနေကြလို့ အလှည့်ကျစနစ်နဲ့ ပေးမယ်လို့ ပြောထားရပါတယ်။ မြန်မာပြည်က သတင်းထောက်တွေကို ဦးစားပေးမှာပါ။ သူတို့ ကျရောက်နိုင်တဲ့ အန္တရာယ်က ကျန်တဲ့သူတွေထက် ပိုများနေတယ် ဆိုတော့ ပိုပြီး ဦးစားပေးခြင်းဖြစ်ပါတယ်” ဟု ပျံကျားရေးဝံဂျီးက ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ပွဲသို့ နာယကဂျီးအပါအဝင် ဂေဟာရှိ မပါမပြီး လူဂျီးမြင်းများ တက်ရောက်၍ လိုအပ်သည်များကို မှာစားကာ ဦးထုပ် တယောက်တလုံး ယူသွားကြောင်း၊ ထိုပွဲသို့ တက်ရောက်လာသည့် မင်းသမီး ဖလပ်ဖလပ်မိုးပြူးက ဦးထုပ်ကို လက်တွေ့စမ်းသပ်မှု ပြုလုပ်ပြရာ ဂေဟာထောက်ချုပ်ကိုယ်တိုင် ဦးထုပ်ကို ဆောင်း၍ ပါးအရိုက်ခံခဲ့ကြောင်း၊ ဝံဂျီးဂျုပ်က ထိုဦးထုပ် စံချိန်မီရန် ပိုမိုကောင်းမွန်သည့် ပစ္စည်းများ သုံးသင့်သည်ဟု နှမ်းဝင်ဖြူး ပြောဆိုသွားကြောင်း၊ ပြင်ဆင်ထားသည့် အစားအသောက်များ မလောက်ငသောကြောင့် အသင်းသူမမက မီးဖိုချောင်ဝင်၍ ငှက္ကဌ ဖွက်ထားသော လက်ကျန်ပုလင်းများ ထုတ်ပေးလိုက်ရကြောင်း သတင်း ရရှိပါသည်။

 (နာယကဂျီးပေးပို့သည်)

Wednesday, May 5, 2010

ဂေဟာအတွင်း မိုးလေဝသ သတင်း (၅-၅-၂၀၁၀)

အခုအချိန်ကနေ စတင်ပြီး ငပေါများဂေဟာ မိုးလေဝသနှင့် လဒဗေဒ ညွှန်ကြားရေးမှူး၏ ဂျုပ်ကြီးတာဝန်ကို ခေတ္တလွှဲပြောင်းရယူသူ နာယဂျီးက တလအတွင်း ငပေါများဂေဟာ မိုးလေဝသ သတင်းများကို ကြေညာပါတော့မယ်။

ငပေါပင်လယ်ပြင်နှင့် ထိစပ်နေသောနေရာတွင် လေဖိအားများ ရပ်ဝန်းတရပ် ဖြစ်ပေါ်လျှက်ရှိပါသည်။

ထိုလေဖိအားများ ရပ်ဝန်းကို ဖန်းတီးသူများမှာ ဂေဟာသို့ မကြာခဏလာ၍ လေပေါသည့် အမည်မဖော်လိုသူများနှင့် အမည်ပေါ်လိုသူများ ဖြစ်ကြပြီး ထိုလေဖိအားများ ရပ်ဝန်းကြောင့် ငပေါဂေဟာနှင့်အနီးတဝိုက်တွင် မိုးရွာရန် ယောင်တုန်းခန့် ရှိနေပါသည်။ ထိုယောင်တုန်းကို တွင်း ၂ နှင့် ပျံဝံတို့က ဖြတ်ရောင်း၍ ကာစီနိုသွားကာ ဂေဟာရန်ပုံငွေ ရှာရန်ရှိပါသည်။

လေပြင်းမုန်တိုင်း တိုက်ခတ်သွား

ငပေါဂေဟာ နာယကဂျီးသည် လေပုတ်ထုတ်ဆေးအစားများသွားပြီး လေလည်လိုက်ရာ တနာရီလျှင်မိုင် ၈၀ နှုန်းဖြင့် လေပြင်းမုန်တိုင်းတရပ် ချင်းမိုင်နှင့် ဘန်ကောက်တွင် တိုက်ခတ်သွားပါသည်။ မွေးဝံနှင့် တွင်း ၁ တို့မှာ ဘန်ကောက်ဆန္ဒပြပွဲအတွင်း ရောက်ရှိနေသောကြောင့် လေပြင်းမုန်တိုင်းဒဏ်မှ လွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

ထိုလေပြင်းမုန်တိုင်းက ရန်ကုန်သို့ အဖျားခတ်သွားရာ ရန်ကုန်ငပေါများ ဖြစ်ကြသော အသင်းသားချုပ်ကြီး ထဘီအနည်းငယ် လန်သွားခြင်း၊ အမှုရှောင် မျက်လုံးထဲသဲများဝင်ပြီး မျက်လုံးပိုပြူးသွားခြင်း၊ ငှက်ကထ ဂျွမ်းပစ်သွားခြင်း၊ သဘာငတိ လေတွင်လွင့်ပါကာ သစ်ပင်တပင်ပေါ်၌ သွားချိန်ခြင်း ဖြစ်ပေါ်ခဲ့ပြီး ကူးသန်းဝံနှင့် လယ်ယာပျံစားရေးဝံဂျီးတို့မှာ အမြန်ဆုံး နှာခေါင်းများ ပိတ်လိုက်သောကြောင့် လေဒဏ်မှ လွတ်မြောက်သွားခဲ့သည်။ တခြားထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသည်ဟု မသိရပေ။ နောက်ဆက်တွဲကြားသိရသည်မှာ ငှက်ကထသည့် သူ့ဘာသာ အရက်မူး၍ ဂျွမ်းပစ်ခြင်း ဖြစ်ြ့ပီး လေမုန်တိုင်းနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိပေ။

မုန်တိုင်းသတိပေးချက်

ဂေဟာအတွင်း သတိထားရန်မှာ နာဂစ်မုန်တိုင်းထက်ဆိုးရွားသော “နာဂတ်စ်” လေမုန်တိုင်းတရပ် ဂေဟာတွင် ဆက်လက် တိုက်ခတ်မည်ဖြစ်ပြီး လူကြီးမြင်းများကို သီးသန့်ရည်ရွယ် တိုက်ခတ်ရန် ရှိနေသောကြောင့် ဂေဟာလူကြီးမြင်းများ အထူးသတိထားရန်လိုအပ်ပါသည်။

ဤတွင် မိုးလေဝသသတင်းများကို ကြေညာပြီး နာယကဂျီးလည်း လေနာပျောက်သွားပြီ ဖြစ်ပါသည်။

Friday, April 30, 2010

သတင်းကျိုး (၃၀-၀၄-၂၀၁၀)

သတင်းခေါင်းစဉ်

ဂေဟာဝန်ကြီးချုပ် ဘောင်းဘီချွတ်မည် တကဲကဲဖြစ်နေ

အတင်းစုံသည်မှာ

ဝန်ကြီးချုပ်များ ဘောင်းဘီချွတ်သည့် ဖက်ရှင်ခေတ်စားနေသောကြောင့် ငပေါဂေဟာ ဝန်ကြီးချုပ်လည်း ဘောင်းဘီချွတ်မည် တကဲကဲ ဖြစ်နေရာ ဂေဟာ တာဝန်ရှိသူများက တားမြစ်ထားရကြောင်း အတင်းရရှိပါသည်။

ထိုသို့ တားမြစ်သော်လည်း ဝန်ကြီးချုပ်က သူတယောက်တည်း ချွတ်မည်မဟုတ်ကြောင်း၊ တွင်း ၁၊ တွင်း ၂၊ ငှက်ကထ၊ သဘာငတိ၊ ပျံဝံ၊ ပေါညီ၊ ပေါငြိမ် စသည်ဖြင့် ဂေဟာရှိ ဝန်ဂျီးနှင့် ဘုတ်အဖွဲ့ဝင် တချို့လည်း ချွတ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ချွတ်ခြင်းမှာ ဖက်ရှင်ဟု မယူဆစေလိုကြောင်း တပ်ချုပ်ကြီး အောင်သာငယ်က ချွတ်ခိုင်း၍ ချွတ်ရကြောင်း ပြောဆိုသည်။

“ကျုပ် ငိုရပါများတော့ မျက်ရည်တွေ နှပ်တွေ အရမ်းအရမ်းကို ထွက်ပြီး လက်ကိုင်ပုဝါတွေ တစ်ရှုးတွေနဲ့တင် မလောက်တော့လို့ ဝန်ဂျီးချုပ်အပါအဝင် ဂေဟာက တခြားဝန်ဂျီးတွေရဲ့ ဘောင်းဘီတွေချွတ်ခိုင်းပြီး သုတ်ချင်လို့ပါ” ဟု တပ်ချုပ်ကြီးက မပြောသော်လည်း ဂေဟာသတင်းထောက်က သူ့ဟာသူ အထင်နှင့် ရမ်းတုတ်သည်။

အတည်မပြုနိုင်သော သတင်းရပ်ကွက်များ၏ အဆိုအရ ဂေဟာဝန်ဂျီးဂျုပ်အပါအဝင် ဝန်ဂျီးအဖွဲ့ဝင်တချို့မှာ ရွေးကောက်ပွဲဝင်မည်ဟု သိရသည်။ ဝန်ဂျီးဂျုပ်ခေါင်းဆောင်သော ပါတီအမည်မှာ “ဂေဟာ ဖဲဝိုင်းနှင့် အရက်ဝိုင်းဖွံ့ဖြိုးရေး” ပါတီ ဟူ၍လည်း သတင်းရရှိသည်။

ထိုကိစ္စအရပ်ရပ်နှင့်ပတ်သက်၍ ဂေဟာသတင်းထောက်က ဝန်ဂျီးဂျုပ်အား မေးမြန်းရာ ဝန်ဂျီးဂျုပ်က မည်သည့်အဖြေမှ မပေးပေ။ သို့သော် သူနှင့်အလွန်ရင်းနှီးပြီး ကြုံရင်ကြုံသလို နေ့လယ်စာ မကြာခဏ ဝယ်ကျွေးခိုင်းလေ့ရှိသူ နာယကဂျီးကိုမူ “ဘယ်ဖြေလို့ရမလဲဗျ ... ညက ကျုပ်မိန်းမ ပိတ်တီးလိုက်လို့ ပါးတဖက်ယောင်နေတယ်။ ဘာစကားမှ မပြောနိုင်ဘူး” ဟု တိုးတိုးတိတ်တိတ် ဂျီတော့ခ်မှ ပြောကြားလိုက်ကြောင်း သတင်းရရှိပါသည်။

ဤတွင် ဂေဟာသတင်းကျိုးကို ကြေညာလို့ပြီးပါပြီ။

နာယကဂျီးရေးသည်

Thursday, March 11, 2010

ငပေါများဂေဟာ တီရှပ်ဒီဇိုင်း

လျှောက်လုပ်ရေးဌာနမှ လျှောက်လုပ်၊ ဆောက်လုပ်စရာ များမရှိသည့်နောက်. ကြံရာမရပါသည့်အဆုံး... တိုက်ပေါ်မှ တီပေါ်သို့ ပြောင်းသော စီမံကိန်းအရ တီရှပ်ထုတ်ရန် စဉ်းစားမိလေတော့သည်။ ဤသို့ဖြင့် လျှောက်လုပ်ရာမှ တီရှပ် ပုံစံ ၃မျိုး ထွက်လာပါတယ်။ အကြမ်းစဉ်းစားတာပါ။

ဓာတ်ပုံထဲက ငပေါတွေက သူများပုံကို ယူသုံးထားတာမို့ အသစ် ပြန်ဆွဲချင်ပါတယ်။ အနုပညာတို့ အနူပညာတို့ ကျွမ်းကျင်တဲ့ အမှုရှောင်နီညန်းတို့ ဘာတို့ ကူညီကြရန် ဏာယကဂျီးမှ အထုတ်မိန့်... အဲ... အမိန့်ထုတ်ပါရန်... (ဏာယကဂျီးအား ပြန်အမိန့်ထုတ်သည်ဟု မယူဆပါရန်၊ ခိုင်းသည်ဟုလည်း မယူဆပါရန်...)

ငပေါတွေပုံကို ဓာတ်ပုံကြီး ဒီတိုင်း မသုံးဘဲ၊ ဖိုတိုရှော့ပ်ဖြင့် ပန်းချီပုံစံဖျက်လျှင်ဖြစ်ဖြစ်၊ ဖြစ်နိုင်လျှင် ကယ်ရီကေချာဆွဲတတ်သူ တစ်ယောက်အား ဆွဲခိုင်းလျှင် ပို ကောင်းမည်ဟု ထင်မိပါသည်။

ဆက်လက်ပြီး အကျန်များ၊ အကြွင်းများ ပေးကြပါရန်...

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်


၁။ နာယကဂျီး မွေးနေ့တုန်းက ဆွဲပေးတဲ့ မြောင်းပေါက်စကို ပုံအပ်ရင် ဘယ့်နှယ်လဲ
၂။ ပုံအပ်ခကတော့ တီရှပ်တထည်နဲ့ အတူ ငပေါများနဲ့ အချိန်မရွေးဝင်ပေါခွင့် ၁ နှစ်စာ ပေးလိုက်မယ် (ဟီဟိ)
၃။ အပေါ်က ၃ ခု သဘူမတောရင် ကြိုက်သလို ပြင်ဆင် ဖြည့်စွက် ပြောင်းပြန်လှန် ပြုလုပ်နိုင်ကြောင်း

ပုံ - ဏာယကကြီး အမိန့်ထုတ်သည် (ထိုအမိန့်ကို ဘယ်ငပေါမဆို မလိုက်နာဘဲ နေနိုင်သည်) ငပေါကွ


Wednesday, February 10, 2010

စကားပြော သင်တန်း

ဤသင်တန်းကြီးကို ငပေါဂေဟာ၏ ဂရိတ်မဟာ နာယကဂျီးကိုယ်တိုင် ဦးစီး ဖွင့်လှစ်မည်ဖြစ်သည်။

ထိုသို့ ဖွင့်လှစ်ရသည့် အကြောင်းရင်းကို ဇာတ်ကြောင်းပြန်လှန် ရမည်ဆိုလျှင် တနေ့သ၌ ... မှတ်ချက်။     ။ ထိုနေ့က မိုးမရွာပါ (ဘယ်ရွာမလဲ ဒီဇင်ဘာ လကုန် ဇန်နဝါရီလကို ကူးခါစအချိန်ကြီးကိုး) စာ စရေးတာနဲ့ မှတ်ချက်က စပြီ (ဒါက ဥက္ကဌတို့ အမှုရှောင်တို့ မဝေဖန်ခင် ကိုယ့်ဘာသာ ဝေဖန်တာ။ အဲဂလို ကိုယ့်ကိုယ်ကိုယ်ဝေဖန်သူမှ ပညာရှိ ဆိုသကိုး) ... အချိန်က ညဥ့် ၁ ချက်တီး၊ အဲ နံနက် ၁ ချက်တီးလို့ ပြောချင်လည်း ပြောပေါ့လေ။ အဲဒီအချိန်မှာ ငပေါဂေဟာရဲ့ ဂရိတ်မဟာ နာယကဂျီးနဲ့ ချင်းမိုင်မြို့သူ ထိုင်းမလေးတယောက် အားရပါးရ စကားတွေ ပြောနေကြလေရဲ့။ အဲဒီလို ပြောနေတာကို မြင်တဲ့သူတွေလည်း မြင်ကြတယ်ဆိုပဲ။ ဖြစ်ချင်တော့ အဲဒီထိုင်းမလေးက ဗရစ်တစ်ရှ်လို တလုံးမှ မတတ် ... အင်း ... အဲ လောက်တော့ တတ်မှာပေါ့လေ။ နာယကဂျီးကကျတော့ ဗရစ်တစ်ရှ်လို သူ့ထက်တော့ သာတယ်....။ နေ့တိုင်းလေ့ကျင့် ကွင်းဆင်းနေတာပဲဟာ ဘယ်ခေလိမ့်မလဲ။ ဂျီတော့ ခ် ချက်တင်မှာ ဟိုဘက်က အိုင်ကန့်စီး မြန်မာဖောင့် လို့ ဆိုလာရင် ဒီဘက်ကနေ အိုး ဆောရီး လောက်တော့ အေးဆေး။

နောက်ရှိသေးတယ်၊ ဟောင်းအာယူ ... ဗဲရီးဝဲလ် ...၊ နောက်တော့ မပြောချင်တဲ့ သူတွေကိုဆိုရင် အိုင်အမ် ဗဲရီးဘီးဇီး ... တော်တော်ကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာ။ ကိုယ်က ဘယ်လိုပင် ကျွမ်းသော်ငြားလည်း သူက တလုံးမှ မတတ်။ သူက ထိုင်းလိုပဲတတ်တာလေ။

နာယကဂျီးကတော့ ထိုင်းလို မွှတ်နေတာပဲ ...။ ဆဝါဒီခါး ကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်နေပြီ။ ဆမ် နဲ့ ဆောင် (၂ နဲ့ ၃) ကို အမြဲမှားတာတော့ ချွင်းချက်ပေါ့ ... ခုလည်း မှားပြန်ပြီထင်တယ်။ အဲဒီလို ကျွမ်းကျင်တဲ့ နာယကဂျီးနဲ့ ထိုင်းမလေး ဘာတွေ ပြောနေတယ် ထင်ပါသလဲ။ ဘာတွေပြောနေလဲဆိုတာ နာယကဂျီးလည်း လုံးဝ မမှတ်မိတာ အမှန်ပဲ (ဒါကတော့ ပုလွေ ၁၀၀ ကြောင့်ပါ၊ ငှက်ရေ မနာလိုမရှိနဲ့နော်) သို့သော် ပြောတာတော့ တကယ်ပြောတာ။

ဘေးက ဘော်ဒါတွေကလည်း အံ့သြလို့ သူတို့ ၂ ယောက် တယောက်နဲ့ တယောက်လုံးဝ စကားနားမလည်ဘဲ ဘယ်လိုများ ဘာတွေ ပွားနေကြပါလိမ့်ပေါ့လေ။ နောက်တနေ့ကျတော့ အားလုံးက တအံ့တသြ ဝိုင်းမေးကြတယ်။ “နင်တို့ ၂ ယောက် ဘာစကားတွေ ပြောနေတာလဲ။ တကယ်ကို စကားတွေ ပြောနေကြတာနော်” ဆိုပြီး မေးကြတော့ နာယကဂျီးလည်း နည်းနည်း စဉ်းစားလိုက်တယ်။

ဒီလောက်တောင် ဘာသာစကားမတူတဲ့သူကို တလုံးမှ မပြောတတ်ဘဲ ခုလို စကားတွေ ပြောနိုင်တယ်ဆိုတော့ တယ်တော်တဲ့ ငါပါလားပေါ့ ... သြော် တော်လိုက်တာ ... ဒီလို တော်တယ်ဆိုမှတော့ တခြား ဘာစကားပဲဖြစ်ဖြစ် ပြောလို့ရမှာပဲ။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်၊ အင်တာနေရှင်နယ်က ဘယ်သူပဲလာလာ … အိုဘားမားကစလို့ ဘန်ကီမွန်းအလယ် ရှရွတ်ခန် အဆုံး … ဘေယောင်ဂျွန်း၊ အွန်စော၊ ဂေါင်းလီ … လာချင်တဲ့သူလာခဲ့ အကုန်ပွားပစ်မယ် ငှဲငှဲ ...။

အဲဂလို စဉ်းစားမိလိုက်တော့ အရင်ဆုံး ခေါင်းထဲဝင်လာတာက ဂေဟာကြီးပါပဲ။ ငပေါဂေဟာမှာ ဝင်ငွေက တပြားမှ မရှိဘဲ လစာတွေ ဒေါ်လာသန်းနဲ့ချီ ထုတ်ယူနေကြတာဆိုတော့ ကြာရင် ဒေဝါလီ ခံရနိုင်တယ်။ ဒီတော့ နာယကဂျီး ဝင်ကယ်မှ ဖြစ်တော့မယ်။ ဘာသာစကား သင်တန်းကြီး ဖွင့်လှစ် ပို့ချလိုက်ရင် ဝင်ငွေတွေ သောက်သောက်လဲ ရပြီး ဝန်ဂျီးတိုင်းကိုလည်း လစာ မှန်မှန်တိုးပေးလို့ရမယ်။ ကောင်းလိုက်တဲ့စိတ်ကူး ...။

ကဲ သင်တန်းကြီးဖွင့်ပါပြီ

ဦးစီးသင်မယ့် သူကတော့ နာယကဂျီးပဲ။

လစာမှန်မှန် မပေးမယ့်သူတွေကို သွားဖြဲပြီး တောင်းဖို့အတွက် ဂေဟာမှာ ကြောက်စရာ အကောင်းဆုံးသူတွေကို ရှာလိုက်တော့ ၂ ယောက်တွေ့တယ်။ နာမည်ကြားလိုက်တာနဲ့ ဖိန့်ဖိန့် တုန်သွားမယ်။ တယောက်က ဗီလိန်၊ နောက်တယောက်က ကေလာ … ကဲ ကြောက်သွားပြီ မဟုတ်လား။ သူတို့က တွင်း ၁ နဲ့ တွင်း ၂ ဆိုတော့ တာဝန်လည်း ရှိတယ်လေ။ သူတို့လစာကလည်း မနည်းဘူး တယောက်ကို ဒေါ်လာ ၁ သန်းတဲ့။

အပေါက်စောင့်ကတော့ ငှက်ကထလုပ်လိမ့်မယ်။ သူက အမြဲတမ်း သောက်ပြီး များနေမယ့်သူ ဆိုတော့ အဝမှာထိုင်ပြီး ငိုက်ခိုင်းလိုက်ရင်ရပြီ။ အမှုရှောင်နဲ့ အသင်းသားချုပ်ကြီးကိုတော့ သင်တန်း ပရိုမိုးရှင်းလုပ်ခိုင်းမယ်။ တခုတော့ရှိတယ် လာတက်မယ့် ကောင်လေးတွေ မလန့်အောင် အမှုရှောင်က မျက်လုံးသိပ်မပြူးပြနဲ့၊ အသင်းသားချုပ်ကြီးက သွားသိပ်မဖြဲပြနဲ့။ ဒီလောက်ပဲ။ အဝမှာ ပြုံးပြုံးလေး ရပ်နေရင် ရပြီ။

ဂေဟာမှာ လျှောက်လွှာကလွဲလို့ ပို့စ်တခုမှ မရေးရသေးတဲ့ တပ်ချုပ်ကြီးကိုအောင်သာငယ် ရှိတယ်။ သူ့ကိုတော့ သင်တန်းမှာ အပိုသင်ပေးတဲ့ အနေနဲ့ စစ်ရေးပြသင်တန်း ပို့ချခိုင်းရင် ကောင်းမလား။ သိပ်တော့မလွယ်ဘူး သူက စစ်ရေးပြသင်တန်းပေးမယ် ဆိုပြီး ကဗျာပဲ ရွတ်ရွတ်ပြ နေမှာ၊ ဒီတော့ ကဗျာရေးနည်းသင်တန်းကို အပိုအနေနဲ့ သင်ခိုင်းလိုက်မယ်။ အဲလိုကျပြန်တော့လည်း ငတိက စိတ်ဆိုးဦးမယ်။ သူက ကဗျာသေးသေးလေးတွေ ရေးတဲ့သူ ဆိုတော့ သူပဲသင်မယ် လုပ်ရင် ပြဿနာ ...။ ဒီတော့ ငတိနဲ့ တပ်ချုပ်ကြီး တယောက် တလှည့်သင်ရမယ်။ နာယကဂျီးရဲ့ အချိန်ထဲကတော့ ခိုးလို့မရဘူး။

ဝန်ဂျီးဂျုပ်ကတော့ အသင်းသူ မမ ဆေးမယ့် ပန်းကန်တွေ လုလု ဆေးနေမှာနဲ့ အားမှာ မဟုတ်ဘူးဆိုတော့ မခိုင်းတော့ပါဘူး။ ပညာရေးဝန်ဂျီးကိုတော့ သင်တန်းမှာ တပတ်တခါ မိန့်ခွန်းလာပြောခိုင်းမယ်။ သူ မိန့်ခွန်းလာပြောတဲ့ အချိန်မှာ သင်တန်းသားတွေ အတွက် အထူး စပယ်ရှယ် ဒရင်းမ်ဘတ်ဒ် တွေ ခေါင်းအုံးတွေ စီစဉ်ပေးထားမယ်။ တပတ်ကို ၁ နာရီခွဲ မိန့်ခွန်းပြောခွင့်ရှိတယ်။

ပြန်ကြားရေးချန်းရဲကတော့ သင်တန်းပြီးစီးမှု၊ အောင်မြင်မှု အခြေအနေကို ထောက်ချုပ် မိုးသားနဲ့ အတူ သတင်းပေးပို့ ပြန်ကြား ရမယ်။

နာယကဂျီးက သင်တန်းအတွက် လိုအပ်မယ့် သင်ထောက်ကူ ပစ္စည်းတွေ ဂေဟာက ထုတ်မယ်။ အဲဒါကတော့ သင်တန်းသား တယောက်စီအတွက် တပတ်စာ ပုလွေ ၁၀၀ ဝီစကီ ၇ လီတာ ဖြစ်ပါတယ်။ ၇ လီတာ ဆိုရင် နည်းနည်း များနေတယ်လို့ ဆိုနိုင် ပေမယ့် ငှက်ကထကို ရှယ်ရာခွဲပေးရမှာရယ်၊ အမှုရှောင်နဲ့ ငတိက ဖြတ်ခုတ်မှာရယ်၊ ဗီလိန်နဲ့ ချန်းရဲက ဘုန်းမှာရယ်၊ မိုးသားနဲ့ ကေလာက ပြောင် လာတောင်းသောက်မှာရယ် ပေါင်းလိုက်တော့ နာယကဂျီးအတွက်တောင် ရှယ်ရာ မကျန်လောက်ဘူး။ တကယ်လို့ မလောက်ငရင် နာယကဂျီးက ထပ်ထုတ်ပိုင်ခွင့်ရှိတယ် … ခြွင်းချက်ပေါ့။

သင်တန်းမှာ အသုံးပြုဖို့အတွက် မွေးဝန်က သူ့ရဲ့မွေးမြူရေးလုပ်ငန်းကနေ ရေသူမ လိုသလောက် ထုတ်ပေးပါမယ်။ ရေသူမသားနဲ့ မမြည်းဖူးသေးသူများအတွက် ဝမ်းမြောက်ဖွယ် (ဒါက ကြော်ငြာဝင်တာ)

ကဲ နာယကဂျီး ဦးစီးတဲ့ အင်တာနေရှင်နယ် လင်းဂွစ်ရှ် စကားပြောနည်း သင်တန်းကြီး စဖွင့်ပါပြီ … စိတ်ဝင်စားသူများ ပုလွေ ၁၀၀ 1.5 တလုံးစီနဲ့အတူ လျှောက်လွှာများကို ဂေဟာသို့ ပေးပို့နိုင်ပါပြီ။

မှတ်ချက်။     ။ ပုလွေ ၁၀၀ မရသော်လည်း တခြား တန်ဖိုးခြင်း ညီမျှသည့် မည်သည့် ဝီစကီကိုမဆို ထည့်သွင်း စဉ်းစားပေးမည်။

ပုံ။    ။ နာယကဂျီး (ခေတ္တ သူများအိမ်)


Friday, October 30, 2009

ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၁ (ဒီဗီဒီ ဗားရှင်း)


ငပေါဦးတည်ချက် ၄-ရပ်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

(သရုပ်ဆောင် မာမီအာနိုး၊ ဂေါ်လီ စတားပြား)
ဒက်ဒက်ဒက်ဒက်ဒက်....

တို့ဂေဟာကလူသည်.... ငပေါဘက်က အမြဲရပ်တည်.... အမှန်ပင် ကာကွယ်မည်... တယ်တဲတဲ့တဲ့ တယ့်တဲတဲ့
သတ္တိခဲတွေသည်.... ပုရွက်ဆိတ်လောက် တို့မမှုပြီ.... ဂေဟာက တို့ဖြစ်သည်....

>>
တီဗွီ ။ ။ အာာ... ကျော်လိုက်ပြီလား။ မကျော်နဲ့လေ။
ပရိသတ် ။ ။ ကျော်မှာပဲ အကျင့်ပါနေပြီ။ ငပေါဦးတည်ချက် ဆိုကတည်းက ကျော်ချင်နေတာ။ ရီမုရှာမတွေ့လို့။ အငြိမ့်ကြည့်မလို့ပါ ဆိုမှ စစ်လာ တိုက်ပြနေတယ်။ စစ်တိုက်ချင် စစ်ကားရိုက်ပေါ့။
တီဗွီ ။ ။ အင်းပါကွယ်။ အင်းပါ။ ကော်ပီခွေ မဝယ်တာပဲ ကျေးဇူးတင်ပါတယ်။ သည်းခံရမပေါ့။

-----------------------------------------------------------

ပေ ၂၀၀ ပတ်လည်ရှိသေး ရွှေအိုရောင် လိုက်ကာကြီး ရှေ့တွင် လှပသော ရောင်စုံ ကနုတ်ပန်းဖြင့် ထိုးထားသည့် ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး ဟူသည့် စာတမ်းက ငပေါများအားလုံး၏ နှလုံးသားကို ၂၀၁၂ အလား (ရုပ်ရှင်ထဲကလို) ဖြစ်ကုန်လေတော့သည်။

ခေါင်းဆောင် မင်းသမီး ... ဂန်းစတား စွန်မု (မွေး/ရေ စုမွန်)
ရှေ့ထွက် မင်းသမီး ... ထမင်းတူးဟင်းတူး (နာယကဂျီး
တူးတူးသာ) (ကချင်လွန်းလို့ စောင့်နေတာ အိမ်က ထမင်းအိုးတူးနေတာ မသိ။) နဲ့ ဇင်ဇင်ဇော် (ပညာရေး) (Shift ပျက်နေလျှင် မရိုက်ရ)

ပေါလူရွှင်တော်များ
အင်ဒီ၊ ဗီလိန်၊ ဇာနည်၊ အောင်သာငယ်၊ ဟန်သစ်ငြိမ်၊ ချမ်းရဲ

ဆိုင်းဝိုင်း
ဆိုင်း
သံလွင်ဟီးရိုး
DJ
ဖိုးဂျယ်
ပလက်ကင်
ကေလာ
ကီးဘုတ်
ခေါင်ခေါင်

စာတမ်းထိုးပြီးသည်နှင့် သံလွင်ဟီးရိုး၏ အဖွင့်ဆိုင်းနှင့်အတူ ရွှေရောင်ကားလိပ်ကြီးကို ဖွင့်ချလိုက်သော် ပေါရွှင်တော်များက လက်အုပ်ချီလျက် မင်္ဂလာရှိစွာ ဦးညွှတ်ဂါရဝ ပြုလိုက်သည်။ သံလွင်ဟီးရိုးက ပတ်ကမကြီးကို “ဂျိ” ကနဲတီးလိုက်သော်လည်း “ဂျိ” ဟု မြည်ရမည့်အစား “ဗျိ” ဟု မြည်သွားလေသည်။ အကြောင်းမှာ အတွင်းရေးမှူး၂ ဗီလိန်သည် ဖဲဝိုင်းမတည်ငွေ မရှိတော့သဖြင့် ပတ်မကြီးမှ သားရေများကို ခွာကာ ပေါင်ထားသဖြင့် လေကို တအားကုန်း၍ အတွင်းအားဖြင့် တီးလိုက်ရာ သံလွင်ဟီးရိုး၏ ပုဆိုးကွဲသွားသည့် မြည်သံ ဗျိ ဖြင့်သာ အသုံးတော်ခံလိုက်ရလေတော့သည်။ ပတ်မကြီးသားရေကိုရွေးရန် သံလွင်ဟီးရိုး အပေါင်ဆိုင် ပြေးနေစဉ် ဖိုးဂျယ်၏ ဒီဂျေဖြင့် ဆက်ကမည်ဖြစ်သည်။

ရွှေရောင်ကားလိပ်ကြီးမှာ အမှန်တော့ ဖွင့်စရာမလိုအောင် ဖွင့်ပြီးသားဖြစ်နေသည် ... အဘယ်ကြောင့်ဆိုသော် ထိုကားလိပ်ကြီးလည်း အပေါင်ဆိုင် ရောက်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လက်အုပ်ချီပြီး ထွက်လာသော ပေါလူရွှင်တော်များ ဒီတိုင်းပင် မိုက်ကရိုဖုန်းရှေ့ သွားရပ်လိုက် လေတော့သည်။ ဗီလိန်က ခွန်းထောက် အဖွင့်ကို စဆိုရန် ဟန်ပါပါဖြင့် ရပ်လိုက်သည်။

ဗီလိန် ။ ။ များကလျာနော် လိုအင်တွေ ပြည့်ကြစေဖို့ ... (ဂျစ်ဂျစ်ဂျစ် ..ခင်မောင် ခင်မောင် - ဖိုးဂျယ်၏ ဒီဂျေပွတ်သံ) များကလျာနော် လိုအင်တွေ ပြည့်ကြ စေဖို့ ... (ယို့ယို့ .. ယက်စ်နိုး အေဘီစီဒီ ခင်မောင်) စားစရာ ချိုချဉ် တရွေးရယ်နဲ့ လာသမျှကိုတဲ့ ဧည့်တော်ခံမယ် ...မယ် ..

ဇာနည် ။ ။ ဟာ ချိုချဉ်မလုပ်နဲ့ ... နေကြာစေ့ပဲလုပ်။ ကျုပ်က နေကြာစေ့ပဲကြိုက်တာ။

အင်ဒီ ။ ။ ဟာ ... ဒါမျိုးဧည့်ခံပွဲဆိုတာ ယမကာလေးပါမှဗျ။ ဟိုက် ကလေးဘာလေးနဲ့ လုပ်ပါဗျာ (မူးသံလေး စွက်၍)

အောင်သာငယ် ။ ။ ညီလေးတို့က ကဗျာမဆန်ပဲကိုး ... အစ်ကိုကြီး သဘောပြောရရင်ဖြစ် ... အော့အော်အော် ပြောရ.. ပြောရရင်ရင်းဖြင့် ...။

ဟန်သစ်ငြိမ် ။ ။ ရိုးရိုးပဲ လုပ်ပါလား တို့ကိုကြီးသာရေ .... ရိုးရိုး လေးသာ လုပ်ပါဗျ။ ကျနော်ကတော့ အန်ဒီကို ထောက်ခံပါတယ် (ဇာတ်သံမှာ နှာသံလေးစွက်၍)

အောင်သာငယ် ။ ။ အစ်ကိုကြီးပြောလို့ မပြီးသေးဘူးလေကွယ် ... ဒီလိုရှိတယ်ကွဲ့ ... ကဗျာဆန်ဆန်ေ ပြာရရင်ဖြင့် ချိုချဉ်ယမကာ နေကြာစေ့နဲ့ ဒီလိုပွဲမျိုး လားလားမှ မဆိုင်ပါတယ် ... လားလားမှ မဆိုင်ပါတယ် ... ။ ဒီတော့ကာ ... ပြင်သစ်ဝိုင်ကလေးနဲ့ လာသမျှကို ဧည့်တော်ခံပါလားကွယ် ဗီလိန်လေးရယ် .. အဲငှယ် အဲငှယ်။

ဗီလိန် ။ ။ သည်းခံပါခင်ဗျာ သည်းခံကြပါခမျ ... တကယ်ဧည့်ခံတော့ ကြိုက်ရာနဲ့ဧည့်ခံကြပါ။ ကျုပ်ကတော့ အလွတ်ကျက်ထားတာ ဒါပဲရပါတယ်။ (အားလုံး မဲ့ရွဲ့လိုက်ကြ) ကဲ ဆက်မယ်။ စားစရာချိုချဉ် တရွေးရယ်နဲ့ လာသမျှကိုတဲ့ ဧည့်တော်ခံမယ် ... ပွဲခေါ်ရန် အငြိမ့်ဆိုင်းတွေနဲ့ ... အလိုဗျာ ... ငပေါဂေဟာရဲ့ ရာဇဝင်တွင်မယ့် နှစ်ပါတ်လည်ပွဲ ဟယ် ပွဲဟယ် ပွဲ ..... ဟဲ ငှဲငှဲ ....... ပွဲ .. (ကိညောင်ကိညောင်ကိညောင် ကွမ်ကွမ်းကွမ်) ရှေ့က ကိညောင်မှာ ကေလာ့ လက်သံဖြစ်၍ နောက်က ကွမ်ကွမ်းကွမ်မှာ ခေါင့်ခေါင် အိမ်မှုံစုံမွှားဖြင့် ထ တီးလိုက်သော ကီးဘုတ်သံဖြစ်သည်။

နောက်ဆုံးက “ပွဲ” ကိုသံရှည်ဆွဲဆိုသည့်နေရာတွင် အကုန်လုံးလိုက်ဆိုသော်လည်း တယောက်တပေါက် ကီးမဝင်သဖြင့် ကီးကို အလွန်ဂရုစိုက်သော ကိုအောင်သာငယ်က လိုက်မဆိုပေ ...။

ပေါငြိမ် ။ ။ ကဲကဲ ... ခွန်းထောက်တော့ အလွတ်ကျက်ထားလို့ ပြီးသွားပြီး ခုဘာဆက်လုပ်ရမှာလဲ။

ဗီလိန် ။ ။ စင်နောက်မှာ ဝိုင်းကကောင်းနေတာတဲ့ သိလား။

ဇာနည် ။ ။ ဟာ ချော်တောက ငေါ့ပြီ ဘာဆက်လုပ်မလဲ မေးတာ ဒီကစားသမားနဲ့တော့ (ပြောရင်း ဇက်ပိုးကို တချက်တီး)

ဗီလိန် ။ ။ သိတယ်လေ ... ခုဏ မမ က ဝိုင်းကောင်းတယ်တဲ့ အချက်ပြနေတယ် .. အဲဒီတော့ ကျနော်တို့လည်း ခဏ အနားရအောင် မင်းသမီးကို ကခိုင်းထားလိုက် မကောင်းဘူးလား။

အင်ဒီ ။ ။ အင်း အာကလည်း ချောက်လာပြီ ... ကောင်းတယ်။ မင်းသမီးခေါ်မယ်။

အောင်သာငယ်။ ။ ကဲ...ဟန်သစ်ငြိမ်... ရှေ့ထွက် မင်းသမီးလေး ဇင်ဇင်ဇော်ကို ခေါ်ချေဗျာ...

ဟန်သစ်ငြိမ်က လက်အုပ်ကို နတ်ပူးသလိုချီရင်း... ပရိသတ်ကို အရိုသေပေးလိုက်သည်။ ပြီးတာနဲ့...

ဟန်သစ်ငြိမ်။ ။ အသွင်မချော် နင်တော်ကာထက်စေဖို့... အဟမ်း... ဘ၀င်မရှော် အစင်မျှော်ကာ တက်နေသို့... အဟမ်း၊ ဟမ်း... ရင်မော်ကာ စင်ပေါ်က အော်လိုက်မယ်... နင် ဖင်ပေါ်သလေ... အေ အေအေ...

ဖြောင်း၊ ဖြောင်း၊ ခွပ်... ဖုံး... ခွပ်... ကျန်လူရွှင်တော်တွေ ၀ိုင်းသမလိုက်ခြင်းဖြစ်သည်။

အောင်သာငယ်။ ။ `ဘယ့်နှယ် ဇင်ဇင်ဇော်ပါဆိုမှ နင်ဖင်ပေါ်သလေး ဘာလေးနဲ့... ကဲ... နင်မရဘူး... ဗီလိန် နင်ခေါ်စမ်း...´

အားလုံး။ ။ `ဟ၊ ဟ... ကန့်ကွက်တယ်... ဘယ့်နှယ်ဗျာ... မင်းသမီးကို ဗီလိန်သွား အခေါ်ခိုင်းရတယ်လို့ စဉ်းစားသာကြည့်...´

အောင်သာငယ်။ ။ `အိုကေ... ဒါဆို ချမ်းရဲ နင်ခေါ်...´

ချမ်းရဲ။ ။ `အဟမ်း၊ ဟမ်း...´

ချမ်းရဲက ချောင်းကို အကျယ်ကြီးဟန့်ပြီး မိုက်ကို မိုက်ကယ်ဂျက်ဆင်စတိုင် ကိုင်လိုက်တယ်... ပြီးတော့မှ...

ချမ်းရဲ ။ ။ “ရင်တင်တွေ အတော်ကြွတာမို့... နင်အပြင်ဆင် ဖော်လှသာမို့... ခင်မင်ချင် အဖော်များလေတဲ့... အင်ဂျင်ညှော်... အော်အော်...”

ဖုံး၊ ခွပ်၊ ခွပ်၊ ဖုံး... ဖြောင်း... သူ့ကိုလည်း ကျန်လူတွေ ၀ိုင်းသမခြင်းဖြစ်သည်။

အောင်သာငယ် ။ ။ “ဘယ့်နှယ်... ဇင်ဇင်ဇော်ပါဆို အင်ဂျင်က ညှော်ရသလား...”

ချမ်းရဲ ။ ။ “ဟ... ညှော်တော့မပေါ့... မီးမှမလာတော့ ၂၄ နာရီ ဒီမီးစက်ကြီးမောင်းနေတာ အင်ဂျင်က မညှော်ပဲ နေမလားဟ...”

အောင်သာငယ် ။ ။ “တော်တော်၊ နင်လည်း မဖြစ်ချေဘူး... နောက်လူဆက်ခေါ်”

အင်ဒီ ။ ။ ကဲပါဗျာ။ ကျနော်ခေါ်ပါမယ်။ ဟိုက်ကော်မရှင်နာလို ရင်လှိုက်ငင်ကာ အသုံးတော်ခံဖို့၊ ဂရန်းရွိုင်ရယ်လို တသျှမ်းလှိုင်လှိုင် ဂုဏ်သတင်း ကျူးရင့်ပါတဲ့၊ မယ်ဂေါင် သုံးပက်နဲ့ ပရိတ်သတ် အရယ်မရပ်ခင်၊ ဆော်ဒါ ၂ ခွက်နဲ့ ဗော်ကာ စပ်လိုက်မယ်။ အပီအပြင်ဆော်ပါမယ့် ဇင်ဇင်ဇော်ရေ့။

အင့်... (အောင်သာငယ်က စောင့်ကန်လိုက်ခြင်းဖြစ်သည်။)

အောင်သာငယ် ။ ။ “ဘာကို အပီအပြင်ဆော်မှာတုန်း။”

အင်ဒီ ။ ။ “က ကတာကိုပြောတာလေ။”

ဇာနည် ။ ။ “ကဲဗျာ ကဲဗျာ။ ဂေဟာက လူတွေ ဖြစ်ပြီး မင်းသမီးတောင် အဖြစ်ရှိအောင် မခေါ်တတ်ဘူး။ ခေတ်ရေစီးကြောင်းနဲ့ ညီသွားအောင် ကျနော်က ဟစ်ဟော့နဲ့ ခေါ်မယ် ဟစ်ဟော့နဲ့”

အောင်သာငယ် ။ ။ “အောင်မာ အောင်မာ။ ကြီးကြီးကျယ်ကျယ်တွေ လုပ်ပြန်ပြီ။ ခေတ်ရေစီးကြောင်းလေး ဘာလေးနဲ့။ ကဲ ခေါ်စမ်းပါဦး ခေါ်စမ်းပါဦး။”

ဇာနည် ။ ။ “ကဲ ဒီဂျေ ဖိုးဂျယ်ရေ့။ အိုးလေး တစ်ချက်လောက်။”
“ခွန်းထောက်ကို စပ်ကာဆို၊ တချို့ငပေါတွေ မျက်နှာညို ပေါခြင်းကို ရှက်စရာလို့ အတွေးမှားရင် ပြဿနာဗျို့......”
အားလုံး ။ ။ “အိုးလေး လှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့”

ဇာနည် ။ ။ “ဇဂွဲရေး ငတ်သတ်နဲ့ ဇဂွဲရေး ငတ်သတ်နဲ့ ဇော်လေး ထပ်ကပ်ထည့်၊ ထပ်ခေါ်ရင် Shift တော့ မမေ့နဲ့ ချစ်တော့ ချစ်သဟေ့ ပေါတော့ ပေါသဟေ့။ အကျင့်ကတော့ ငပေါလိုမျိုး လူကြီးမိဘတွေ စိတ်တွေဆိုး၊ အလုပ်အကိုင်ရာထူးက ပညာပေးလိုက်မယ်။ အငေါက်အငမ်း ကြမ်းတယ်နော်။ ဗိုက်ကလေးကပူ ချက်ကလေးကစူ.................
အားလုံး ။ ။ ”အိုးလေး လှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့”

ဖျောင်း....... ဖျောင်း..... ဒိုင်း...... ဘုန်း..........
အောင်သာငယ် ။ ။ “ဒီဗိုက်ပူတာက မတက်တော့ဘူးလား ဆက်ဆိုရင် မင်းသမီး စိတ်ဆိုးပြီး ထွက်မလာပဲ နေတော့မပေါ့။”

ဗီလိန် ။ ။ အိုးလေးလှုပ်ပါဟေ့.... ဟေ့ဟေ့.. လှုပ်ပါဟေ့.... (အရှိန်မသေသေးသည့် ဗီလိန်က ရာဇာနေဝင်း ဒီဇိုင်းဖြင့် ဆက်ကနေသေးသည်။)
အင့်....... (အောင်သာငယ်က ဖနောင့်နှင့်ပေါက်လိုက်တော့ ခွက်ပုန်းအရှိန်နှင့် လဲကျသွားသည်။)

အောင်သာငယ် ။ ။ “ကဲ ဘယ်သူမှ မခေါ်နိုင်ရင် ငါပဲ ခေါ်တော့မယ်။ ကဲ.... မြင်သူတကာ မော်ကြွားစေဖို့၊ ရင်ဖိုကာ ရှုစားလေမယ့်၊ အကြင်နာရှင် ဇင်ဇင်ဇော်ရေ့။ စင်ပေါ်တင် ကပြပါစို့... ကလေးနှမပျို......... ရေ။” (ပလို့ဂျိ... )

မျက်စိကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မင်းသမီး ဇင်ဇင်ဇော် ထွက်လာသည်။ ရှိသမျှ ပစ္စည်းတွေကို အသားကုန် လှုပ်ခါ လှုပ်ယမ်းယုံမျှ မက လက်ကလည်း ယပ်တောင်ကိုပါ ယမ်းနေသေးသည်။

ဇာနည်။ ။ `ဟ… ဟ... မင်းသမီး၊ အရမ်းမယမ်းနဲ့လေ... ´

ဇင်ဇင်ဇော်။ ။ `အရမ်းယမ်းတော့ ဘာဖြစ်သလဲရှင့်...´

ဇာနည်။ ။ `အရမ်းယမ်းတော့ အရမ်းယမ်းတာပေါ့...´

အင်ဒီ။ ။ `အရမ်းအရမ်းကို ယမ်းတာပါပဲချဉ်... အင်...´

ဟန်သစ်ငြိမ်။ ။ `ဒီလိုလေ မင်းသမီးရဲ့... သိက္ခာကျတယ်ဆိုတာ ရှိတယ်လေ...´

ဇင်ဇင်ဇော်။ ။ `ဘယ်လိုလဲရှင့်... ပြောပါဦး´

ဟန်သစ်ငြိမ်။ ။ `သိက္ခာကျတယ်ဆိုတာ သိပ်ခါရင် ကျတယ်လို့ ပြောတာ...´

ဖောင်း၊ ဖြောင်း၊ ဖုံး... ခွပ်... ဖြောင်း... ကျန်လူတွေက စောင့်နေတာ ကြာပြီ။ ချက်ချင်းကို ၀ိုင်းသမတော့သည်။

ဇင်ဇင်ဇော်။ ။ `အဟီး ဟီး... မီးက အကောင်းမှတ်လို့ နားထောင်နေတာ...´

အောင်သာငယ်။ ။ `ကဲ... ကဲ... မင်းသမီး အကောင်းတွေ အဆိုးတွေ မှတ်မနေနဲ့ ဒါ တရားစခန်း မဟုတ်ဘူး... နင်က ရှေ့ထွက်နော်... နင့်နောက်မှာ... တပြုံကြီး ကျန်သေးတယ်... ကစရာရှိက... ဆိုစရာရှိဆို... ပြီးရင် ဆင်း...´

ဇင်ဇင်ဇော်။ ။ `အဟင့်... မီးကို ကပြီးရင် ဆင်းတဲ့... အစ်ကိုတို့ရေ ကယ်ပါဦး´

အင်ဒီ။ ။ `ဒီမယ် ကိုအောင်သာငယ်... ကောင်မလေးကို လွှတ်လိုက်´

ဟန်သစ်ငြိမ်။ ။ `ကဲ... ခင်ဗျားတို့ ရန်ဖြစ်နေတာနဲ့ ပရိသတ်က မောတော့မယ်... ကဲ... မင်းသမီး စချေဗျာ...´

ဇင်ဇင်ဇော်။ ။ `မီး သီဆိုကပြမယ့် သီချင်းကတော့ `ချစ်အာရုံ´ ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်... အဲဒါကို တေးရေးဆရာက ဒီဘက်ခေတ်နဲ့ လျှော်ညီအောင် `Love Feeling´ ဆိုပြီး ပြင်ဆင်ရေးဖွဲ့ပေးထားတာပါ။ အားပေးကြပါနော်...´

ပြောပြီးသည်နှင့် မင်းသမီး ဇင်ဇင်ဇော်မှာ တစ်ကိုယ်လုံး ခြေဆုံးခေါင်းဆုံး လှုပ်ခါယမ်းကာ ကတော့သည်။

ကျွန်မရဲ့ ဖြစ်ပုံ... ဖြစ်ပုံ အဆန်းစုံ
Night Club တက်မိတော့ မောင်ကြီးနဲ့ ဆုံသလေတော့
မြင်မြင်ချင်းအသိ မောင်ကြီးအစိ ကလိနေပုံ
ပျိုလေးမိ Feeling တွေ တသိမ့်သိမ့်ရှိုက်လို့တုန်
မြန်လှချည်ရဲ့ Love မိတဲ့ Love Feeling

ကျွန်မရဲ့ ဖြစ်ပုံ... ဖြစ်ပုံ အဆန်းစုံ
Night Club တက်မိတော့ မောင်ကြီးနဲ့ ဆုံသလေတော့
မြင်မြင်ချင်းအသိ မောင်ကြီးအစိ ကလိနေပုံ
ပျိုလေးမိ Feeling တွေ တသိမ့်သိမ့်ရှိုက်လို့တုန်
မြန်လှချည်ရဲ့ Love မိတဲ့ Love Feeling

နုထွားပျို Body သူ့အသည်းမှာ Like နေပါသတဲ့
သည်းလိုက်တဲ့ ဖြစ်ပုံ...
နုထွားပျို Kissing သူ့ပါးမှာ Want နေပါသတဲ့
သည်းလိုက်တဲ့ ဖြစ်ပုံ

ဘီယာကုန်ရင် လိုက်ခဲ့ပါလား ဖိတ်ခေါ်ပါရဲ့ ယုံ
လူယိုင်နေတာတောင် လိုက်လို့လာမလား ဖိတ်ခေါ်နေတဲ့သူ
ဘီယာကုန်ရင် လိုက်ခဲ့ပါလား ဖိတ်ခေါ်ပါရဲ့ ယုံ
လူယိုင်နေတာတောင် လိုက်လို့လာမလား ဖိတ်ခေါ်နေတဲ့သူ

မူးပြီး ကဖို့အတွက် ဟိုနေရာမှာ လူတွေပြုံ
ပျိုလေးတို့ မအိပ်ဘူးဆို တစ်ညလုံးပဲ ခုန်ခုန်
သောက်လို့မူးရိုးမရှိဘူး မယုံချင်နေ ယုံ
ကကြပါစို့ ဒီ Club မပိတ်သေး ခင်လေးပါကွယ့်

အရက်ဘီယာ မှာချင်သလိုမှာ
Pepsi သောက်ချင်လည်း
ကြိုက်သလောက်သောက်တဲ့ ကြိုက်သလောက်သောက်တဲ့
အရက်ဘီယာ မှာချင်သလိုမှာ
Pepsi သောက်ချင်လည်း
ကြိုက်သလောက်သောက်တဲ့ ကြိုက်သလောက်သောက်တဲ့

ကလိုက်တာအမူးပဲ စိတ်ကတော့ သိပ်မလုံပါရှင်
မောင်ကြီး လာမယ့် Club မျှော်မှန်း ပျိုလေး ချစ်အာရုံ


မင်းသမီးဇင်ဇင်ဇော် ကပြီးတော့ ပရိသတ်ကို လက်အုပ်ချီ အရိုအသေပြုကာ ထုံးစံအတိုင်း လှုပ်ခါ လှုပ်ယမ်းပြီး စင်ပေါ်မှ ဆင်းသွားတော့သည်။
ဒီလိုနဲ့ လူရွှင်တော်ခြောက်ယောက် စင်ပေါ်သို့ ကို့ရိုးကားယားနဲ့ ပြန်တက်လာသည်။

ဟန်သစ်ငြိမ်။ ။`ကဲ... ဘော်ဒါတို့ရေ... အငြိမ့်အစ သံချပ်ကဆိုတော့... အငြိမ့်တို့ရဲ့ ထုံးစံ သံချပ်ကို ချန်ထားလို့ မဖြစ်ချေဘူး...´

ဗီလိန်။ ။`ဟုတ်တာပေါ့ ကိုဟန်သစ်ငြိမ်... အဲဒီတော့ သံချပ်တိုင်ဖို့က...´

ဟန်သစ်ငြိမ်။ ။ `ကျွန်တော်က တိုင်မယ်၊ ကျွန်တော်က ရှေ့ကနေ... မိုးမိုး မိုးလား မောင်တို့ဆို... ခင်ဗျားတို့က နောက်ကနေ... လေလေ လေလားမောင်တို့ အဲလို လိုက်ပေါ့ဗျာ...´

ဗီလိန်။ ။ `အိုကေ... ညီစေနော် ရဲဘော်တို့...´

ဟန်သစ်ငြိမ်။ ။ `ကဲ... မိုးမိုး မိုးလားမောင်တို့...´
အားလုံး။ ။ `လေလေ... လေလားမောင်တို့...´

ဟန်သစ်ငြိမ်။ ။ `ဟေ့... လေလေ လေလားမောင်တို့...´
အားလုံး။ ။ `အော်... မိုးမိုး မိုးလားမောင်တို့...´

ဟန်သစ်ငြိမ်။ ။ `ငပေါဦးတည်ချက် လေးရပ်ဟာ...´
အားလုံး။ ။ `လေလေ လေလားမောင်တို့´

ခွပ်၊ ဖုံး၊ ဖြောင်း... ဖြောင်း... ဖုံး... ဟန်သစ်ငြိမ်က ကျန်လူတွေကို လိုက်သမတော့သည်။ ပြီးတော့မှ...

ဟန်သစ်ငြိမ်။ ။ `ဘယ့်နှယ်ဗျာ... ငပေါဦးတည်ချက်လေးရပ်က... လေဖြစ်မလား၊ စဉ်းစဉ်းစားစား လုပ်ကြစမ်းပါ´

ဇာနည်။ ။ `သိဘူးလေဗျာ... ခင်ဗျားမှ တိုင်မပေးဘဲ...´

ဟန်သစ်ငြိမ်။ ။ `ဒီလိုလေဗျာ... ငပေါဦးတည်ချက် လေးရပ်ဟာ... ငပေါဂေဟာ ဓွန့်ရှည်ကြာဖို့... အိုကေနော်...´

ဇာနည်။ ။ `အိုကေ... ပြန်စ´

ဟန်သစ်ငြိမ်။ ။ `ငပေါဂေဟာ ဓွန့်ရှည်ကြာဖို့...´
အားလုံး။ ။ `ငပေါဦးတည်ချက် လေးရပ်ပါ...´

ဟန်သစ်ငြိမ်။ ။ `၀ံဂျီးတွေ ခွက်ပုန်းချကြတာ...´
အားလုံး။ ။ `ငပေါဂေဟာ ဓွန့်ရှည်ကြာဖို့...´

ဖြောင်း၊ ခွပ်၊ ခွပ်၊ ဖုံး... ဖောင်း...

ဟန်သစ်ငြိမ်။ ။ `ဟွန်း၊ အရက်သောက်တာ ငပေါဂေဟာ ဓွန့်ရှည်ကြာမလား၊ ရန်ဘုံးငွေတွေ ပြုန်းဖို့ပဲ ရှိတာပေါ့... စဉ်းစဉ်းစားစားလည်း လုပ်ကြပါ... ငပေါကတို့ရေ...´

အင်ဒီ။ ။ `သိဘူးလေ၊ ခင်ဗျားကြီးက ပြောမှ မပြောဘဲ...´

ဟန်သစ်ငြိမ်။ ။ `ကဲ... ဒီလိုဆို... ခွက်ပုန်းချပြီး အရက်သောက်တာ... နာယကဂျီးမှာ ငိုမဲ့ငိုမဲ့... ဟုတ်ဘူးလား... နာယကဂျီး စိတ်ဆင်းရဲမပေါ့... ခင်ဗျားတို့တွေ သောက်စားနေကြတော့...´

ချမ်းရဲ။ ။ `နာယကဂျီးက ငိုစရာလား...´

ဗီလိန်။ ။ `ငိုချင် ငိုမှာပေါ့... သူမပါရလို့ ငိုတာနေမှာ...´

ဟန်သစ်ငြိမ်။ ။ `ကဲ... ထားဗျာ ကျုပ်က တိုင်ရမှာလား ခင်ဗျားတို့က တိုင်ရမှာလား လိုက်ဆို.. ၀ံဂျီးတွေ ခွက်ပုန်းချကြတာ´
အားလုံး။ ။ `နာယကဂျီးမှာ ငိုမဲ့ ငိုမဲ့...´

ဟန်သစ်ငြိမ်။ ။ `နာယကဂျီးခမျာ ငိုမဲ့ ငိုမဲ့´
အားလုံး။ ။ `၀ံဂျီးတွေ ခွက်ပုန်း ချကြတာ´

ဟန်သစ်ငြိမ်။ ။ `အရက်မပါတဲ့ အခမ်းအနားပါ...´
အားလုံး။ ။ `နာယကကြီးခမျာ ငိုမဲ့ငိုမဲ့...´

ဖုံး၊ ခွပ်၊ အင့်... ဖြောင်း... ဖုံး...

ဟန်သစ်ငြိမ်။ ။ `အရက်မပါတဲ့ အခမ်းအနားဆိုမှပဲ... နာယကဂျီးက ငိုစရာလား... ခုပဲ တိုင်ပေး ထားတယ်လေ အရက်သောက်တာ သူမကြိုက်ပါဘူးဆို...´

အားလုံး။ ။ `ဟုတ်လို့လား၊ ဟုတ်လို့လား... ဟေ…´

ဟန်သစ်ငြိမ်။ ။ `ခင်ဗျားတို့ဗျာ... ကျုပ်တို့ နာယကဂျီးကို နာမည်ဖျက်ဖို့ပဲ လုပ်နေ... ကဲ... ဒီလိုဖြစ်ရမှာလေ... အရက်မပါတဲ့ အခမ်းအနားဆိုမှတော့ ဘုန်းကြီးကျောင်းမှာ လုပ်တာပါဗျ... အဲလိုဖြစ်ရမှာပေါ့... ကဲ ပြန်စမယ်´

အားလုံး။ ။ `ပြောပြောက စောပေါ့...´

ဟန်သစ်ငြိမ်။ ။ `ဘုန်းကြီးကျောင်းမှာ လုပ်တာပါဗျ´
အားလုံး။ ။ `အရက်မပါတဲ့ အခမ်းအနားပါ´

ဟန်သစ်ငြိမ်။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ...´
အားလုံး။ ။ `ဘုန်းကြီးကျောင်းမှာ လုပ်တာပါဗျ´

ဖုံး၊ ခွပ်... ဖုံး... ဖြောင်း... ခွပ်...

ဟန်သစ်ငြိမ်။ ။ `ဟေ့လူတွေ... တော်တော်... ဘယ့်နှယ်ဗျာ... လက်နက်ကိုင်ပြီး ရမ်းကားတာ၊ ဘုန်းကြီးကျောင်းမှာ ဖြစ်မလားဗျ... စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး ငပေါ ကတို့ရေ...´

အားလုံး။ ။ `ဘယ်သိမှာလဲ... ခင်ဗျားမှ တိုင်မပေးဘဲ...´

ဟန်သစ်ငြိမ်။ ။ `ကဲ... ကဲ... လက်နက်ကိုင်ပြီး ရမ်းကားတာ အရှေ့အလယ်ပိုင်း ပြဿနာပါဗျ... ဟုတ်တယ်နော်...´

အားလုံး။ ။ `ဟုတ်ပါပြီ ပြန်ဆက်...´

ဟန်သစ်ငြိမ်။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ...´
အားလုံး ။ ။ `အရှေ့အလယ်ပိုင်း ပြဿနာပါဗျ...´

ဟန်သစ်ငြိမ်။ ။ `အရှေ့အလယ်ပိုင်း ပြဿနာပါဗျ...´
အားလုံး။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ´

ဟန်သစ်ငြိမ်။ ။ `၀ံဂျီးတွေ အနှိပ်ခန်း သွားကြတာ...´
အားလုံး။ ။ `အရှေ့အလယ်ပိုင်း ပြဿနာပါဗျ...´

ဖုံး... ဖြောင်း... ဖြောင်း... ဖုံး... ခွပ်

ဟန်သစ်ငြိမ်။ ။ `၀ံဂျီးတွေ အနှိပ်ခန်းသွားတာနဲ့... အရှေ့အလယ်ပိုင်းနဲ့ ဘာဆိုင်လို့လဲ...´
အားလုံး။ ။ `ဟို၊ ဟိုလေ... ဒါလည်း အရှေ့အလယ်ပိုင်းပဲ မဟုတ်လား... အရှေ့ရဲ့...´

ဖောင်း... ဖြောင်း...

ဟန်သစ်ငြိမ်။ ။ `တော်စမ်းပါဗျာ... ညစ်တီးနဲ့ ညစ်ပတ်တွေပဲ တွေးနေ... စိစစ်ရေးတင်မှ ဆင်ဆာဖြတ်ခံနေရမယ်... ဘာမှတ်နေလဲ...´

အားလုံး။ ။ `ဟို... သူတို့က ဒါမျိုးဆို ဖြတ်ဘူးဗျ... ဟိုဟာတွေပဲ...´

ဟန်သစ်ငြိမ်။ ။ `တော်စမ်းဗျာ... ၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာ... လိုအပ်တာတွေ စစ်ဆေးမှာကြား... အဲလိုဖြစ်ရမှာပေါ့... အိုကေနော်... ပြန်ဆိုမယ်... ၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာ´
အားလုံး။ ။ `လိုအပ်တာတွေ စစ်ဆေးမှာကြား...´

ဟန်သစ်ငြိမ်။ ။ `လိုအပ်တာတွေ စစ်ဆေးမှာကြား...´
အားလုံး။ ။ `၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာဗျ´

ဟန်သစ်ငြိမ်။ ။ `မင်းသမီးတွေ အ၀တ်အစား လဲတဲ့အခါ´
အားလုံး။ ။ `လိုအပ်တာတွေ စစ်ဆေးမှာကြား´

ဖုံး... ခွပ်... ဖြောင်း... ဖောင်း... ဖုံး...

ဟန်သစ်ငြိမ်။ ။ `ကဲဟာ... ကဲဟာ... သူတို့ အ၀တ်အစားလဲတာနဲ့ နင်တို့က စစ်ဆေးမှာကြားစရာလား... ဒါမျိုးကျ အတိုင်ဖောက်က ညီလိုက်တာ... စစ်မယ်စစ် ငါပဲ စစ်ရမှာပေါ့...´

ခွပ်... ဖြောင်း... ဖုံး... အင့်... ခွပ်... ဟန်သစ်ငြိမ်ကို ပြန်ဝိုင်းသမကြတော့သည်။

အောင်သာငယ်။ ။ `နင်ကကော စစ်စရာလား... သူ့ဘာသာ အ၀တ်စားလဲတာ...´

ဟန်သစ်ငြိမ်။ `အင်းလေ... ဒါဆိုလည်း ပြီးရောမဟုတ်လား၊ ဘယ်သူမှ မစစ်နဲ့... ကဲ ပြန်ဆိုမယ်... အမှန်က မင်းသမီးတွေ ၀တ်စားလဲတဲ့အခါ... လူရွှင်တော်တွေ ဖျော်ဖြေပေးကြ... အဲလိုဆိုရမှာ...´

ဗီလိန်။ ။ `ဟုတ်ဘူးဗျ... အမှန်က Spy Cam နဲ့ ရိုက်ပြီး စင်ပေါ်မှာ ပိတ်ကားကြီးနဲ့ ပြရမှာ...´

ဖုံး... ခွပ်... အင့်...

ဟန်သစ်ငြိမ်။ ။ `တော်စမ်းပါ... ဆင်ဆာနော်... တော်ကြာ ဒီဗီဒီ မထွက်ဘဲ နေမယ်... ကဲ... ပြန်ဆိုမယ်... မင်းသမီးတွေ ၀တ်စားလဲတဲ့အခါ...´
အားလုံး။ ။ `လူရွှင်တော်တွေ ဖျော်ဖြေပေးကြ´

ဟန်သစ်ငြိမ်။ ။ `လူရွှင်တော်တွေ ဖျော်ဖြေပေးကြ...´
အားလုံး။ ။ `မင်းသမီးတွေ ၀တ်စားလဲတဲ့အခါ´

ဟန်သစ်ငြိမ်။ `ငပေါဂေဟာ တိုးတက်အောင်´
အားလုံး။ ။ `လူရွှင်တော်တွေ ဖျော်ဖြေပေးကြ...´

ဖုန်း၊ ခွပ်၊ အင့်... ဖြောင်း...

အားလုံး။ ။ `ဟေ့ လူရွှင်တော်တွေ ဖျော်ဖြေပေးကြ ငပေါဂေဟာ တိုးတက်အောင်...´

ဟန်သစ်ငြိမ်။ ။ `ဟေ့... မဟုတ်ဘူးလေ... ဟ ဟ´

ဟန်သစ်ငြိမ်လည်း ထိန်းလို့ မနိုင်တော့ဘူး... လူရွှင်တော်တွေလည်း ပြောချင်တာ ပြောကုန်ကြပြီ။ အတိုင်ဖောက်ကိုညီလို့...

အားလုံး။ ။ `ငပေါဂေဟာ တိုးတက်အောင်... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `အရက်မပါတဲ့ အခမ်းအနားပါ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `ခွက်ပုန်းချပြီး အရက်သောက်တာ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `ငပေါဦးတည်ချက်လေးရပ်ပါ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´

ပြောပြီး အားလုံး စင်နောက်ဘက် ၀င်သွားကြတော့ ဟန်သစ်ငြိမ် တစ်ယောက်တည်း မတ်တပ်ကြီး စင်ရှေ့မှာ ကျန်ခဲ့လေတော့သည်။

စင်နောက်ပြေးဝင်သွားရင်း တလက်စတည်း ဖဲဝိုင်းဝင်ထိုင်သော ဗီလိန်ကို ကိုဇာနည်က အတင်းဆွဲခေါ်လာရသည်။ အန်ဒီကောင်ကတော့ ခွက်ပုန်း ရအောင်ကစ်လိုက်သေးသည်။

စင်ရှေ့ရောက်သည်နှင့် ဗီလိန်က ကိုအောင်သာငယ်နားကပ်ကာ “အစ်ကိုကြီး ကျနော်တို့ နောက်ထပ် မင်းသမီးတယောက်ပဲ ထပ်ခေါ်ရင် ကောင်းမယ်ထင်တယ်။ ဝိုင်းက တော်တော်လေး မြိုင်နေတာဗျ။ အဟီး လက်ယားလာပြီ”

အောင်သာငယ်။ ။ ခေါ်လေ ကောင်းသားပဲ မင်းသမီး ကနေတုန်း ... ကဗျာလေးဘာလေး ရေးပြီး ပို့စ်အသစ်တင်လိုက်ဦးမယ်။

ချန်းရဲ။ ။ ကြာတယ်ဗျာ ခုပဲခေါ်မယ်။ ကဲ ... အပျင်းတကယ်ကြီးတဲ့ အိုဘယ့် ကျနော်တို့ရဲ့ မင်းသမီးရေ ... လာပါဦး။

ပေါငြိမ်။ ။ ဟာ မင်းသမီးခေါ်တာ ပဲပြုတ်သည်ခေါ်တာ ကျနေတာပဲ ကျုပ်ခေါ်မယ် ကြည့်။

မင်းသမီးနာယကကြီးမှာ ကချင်လွန်းအားကြီးသောကြောင့် ခေါ်ပင်မခေါ်ရသေးဘဲ စင်ပေါ်ရောက်လာလေသည်။

မတူး။ ။ အို ဟောဒီဘက်က ကိုလိန်လိန်လေးတဲ့လား
ဗီလိန်။ ။ ဟင် ဘယ်အပေါက်က ဝင်လာတာတုန်း။ ဆောရီး ... ဟုတ်ပါ့မတူးရေ။

မတူး။ ။ ဒီဘက်က ကိုဇာနည်ထင်ပါ့။
ကိုဇာနည်။ ။ သိရင်လည်း ဘာလို့မေးနေသေးလဲ ... အားလုံးသိပြီးသားတွေ၊ ပရိသတ်လည်း ဒီလူတွေကို သိချင်တာမဟုတ်ဘူး။ နှုတ်ဆက် မနေနဲ့တော့ ကမှာဖြင့်က ... (ဆောင့်ကြီးအောင့်ကြီးဖြင့်ပြော)

မတူး။ ။ ဒါက ဖော်မြူလာအရ လုပ်ရတာပါရှင့် ကဲ ... ပေါငြိမ်ရေ ..
ဟန်သစ်ငြိမ်။ ။ ခည

မတူး။ ။ ဟော ဟိုနားလေးက ကိုအောင်သာငယ်လားရှင့်
အောင်သာငယ် ။ ။ ရှိ.. အိ.. ညှိ... ဂွိ..
ဟန်သစ်ငြိမ် ။ ။ အံမယ်။ မသိရင် စစ်တပ်ထဲမှာ ဆပ်ပြာတန်းစီတာ ကျနေတာပဲ။
ဗီလိန် ။ ။ အံဒါ ဆပ်ပြာတန်းစီတာ မဟုတ်ဘူး။ ဈေးရေအိမ်မှာ တန်းစီရင်းနဲ့ ချုပ်တီးထားရတဲ့ အသံ။
ဖျောင်း.... အောင်သာငယ်က ဗီလိန်ကို လှမ်းဆော်လိုက်သည်။

မတူး ။ ။ ဟိုထောင့်လေးက မောင်လေး ချမ်းရဲလားကွယ်။
ချမ်းရဲ ။ ။ ဟုတ်ကြောင်းမှန်ပါ့ အစ်မကြီး ဒဗလယ်တူးရေ့
ဇာနည် ။ ။ တော်တော် ဘိုလိုကြိုက်တယ်ဟုတ်လား။ ငါ့ မာဘိုလို တစ်ဗူးလောက်ဝယ်ပေးစမ်းပါ။
အောင်သာငယ် ။ ။ အရေးထဲ လာငတ်နေသေးတယ်။

မတူး။ ။ ဒီဘက်ကကော အောင်ဒီကန်တဲ့လား ...
အန်ဒီ။ ။ မလွဲမသွေ မူးနေကြောင်းပါ အစ်မဂျီးရေ ... ရေချိန်မကိုက်သေးလို့ တပိုင်းဖိုးလောက် ..။

ချန်းရဲ။ ။ အရေးထဲ ဒီအရက်သမားက တမျိုး (ဇက်ပိုးကို တချက်အုပ်ရင်းပြော) ကဲကဲ ပရိသတ်လည်း အော်ကျော့လန်လှပြီ ... ဘာသီချင်းနဲ့ ကမှာလဲ အစ်မဂျီးရဲ့။

မတူး။ ။ ကျမ ဒီနေ့ကမယ့် သီချင်းလေး နာမည်ကတော့ ချိုမိုင်မိုင်ပါတဲ့ရှင် ...။

ကိုဇာနည်။ ။ သြော်..... မင်းသမီးက တော်တော်ကို ခက်ခဲနက်နဲတဲ့ သီချင်းနဲ့ ကမှာကိုး ...

မတူး။ ။ မဟုတ်ပါဘူးရှင် ...

ဗီလိန်။ ။ ဟုတ်ပါတယ်ရှင် လို့ပြောရမှာလေ အစ်မဂျီး။

မတူး။ ။ ဒီလိုပါ မဟုတ်ပါဘူးရှင်ဆိုတာက ဟုတ်ပါတယ်ရှင် ... ဘာလို့လဲဆိုတော့ ကျမရဲ့ ကြိုးစားအားထုတ်မှု၊ လေ့လာအား ကောင်းမှု .. သင်ယူမှုတွေကြောင့် အကပညာကို တဖက်ကမ်းခတ် တတ်မြောက်ဖို့ဝေးလို့ ... လုံးလုံး ... မကတတ်ဘူးဖြစ်နေပါတယ် ရှင်၊ ဒါပေမယ့် စင်တွေ့ရင် မနေနိုင်တဲ့ အကျင့်ကြောင့် ထမင်းဟင်း အတူးခံပြီး ပါလေရာ ပဲခူးဆား လုပ်မိပါတယ်ရှင်။ အဲဒါနဲ့ ချိုမိုင်မိုင်ပဲ ကမယ်လေလို့ စဉ်းစားလိုက်ပြန်တော့ ... ချိုမိုင်မိုင်တောင် ဘယ်က စ ကရမှန်းမသိ ဖြစ်နေပါတယ်။ ပရိသတ်ကြီးကလည်း အငြိမ့်သဘင်ဆိုလိုက်တာနဲ့ လူပြက်တွေကိုပဲ ကြည့်ပြီး မင်းသမီးကို ကျော်သွားလေ့ရှိတယ်မဟုတ်လား (ဤနေရာတွင် သံလွင်ဟီးရိုးကော ဖိုးဂျယ်ပါ တီးလုံးများဖြင့် ပံ့ပိုးပေး)

ပေါငြိမ်။ ။ မှတ်သားလောက်ပါတယ် အစ်မဂျီးရေ။ မင်းသမီးကို ကျော်သွားတာကတော့ လမ်းမလယ်မှာ အိပ်ပျော်နေလို့ ဖြစ်ပါလိမ့်မယ်။ ဆက်ပါဦးဗျာ။

မတူး။ ။ ဟုတ်ကဲ့ပါရှင့် ... အဲဒီလို ကျော်သွားမယ့်အတူတူ မကတော့ဘူးလားလို့ စဉ်းစားမိပါတယ် ရှင် ... ဒန်တန့်တန် ဒန် (ချိုမိုင်မိုင်တီးလုံးနှင့်အတူ မစ္စတာဘင်းလေ့ကျင့်ခဏ်းလုပ်သလိုတောင်လှုပ် မြောက်လှုပ် လှုပ်ရင်းအထဲ ပြန်ဝင်သွား ..)

ဗီလိန်။ ။ တောက် သူကမှ ဝင်ကစားရမယ့်ဟာ မကဘူးဆိုတော့ မပါရတော့ဘူး။ မထူးပါဘူး (လှမ်းအော်ပြော) မမရေ ကျနော့်အတွက်ပါ အောက်ပြုတ်လေး ရိုက်ထားလိုက်။

ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၂ (ဒီဗီဒီ ဗားရှင်း) ကို ဆက်လက် ရှုစား အားပေးကြပါ။

Monday, October 19, 2009

မိန့်ခွန်းတော်ကြီးချွေခြင်း

ငါတို့ဟာ ငပေါများသာ ဖြစ်ကြတယ်။ ထို့ကြောင့် ငပေါအလုပ်ကိုလုပ်ပါ၊ ငပေါလိုတွေးပါ၊ ငပေါလို ကျင့်ကြံနေထိုင်ပါ။ တခါတရံ လူတည်များ၏ လွှမ်းမိုးမှုကို ခံရ၍ လူတည်များကဲ့သို့ တွေးခေါ်ခြင်း၊ ကျင့်ကြံခြင်းများ ဖြစ်မိသည်ရှိသော် ကိုယ့်ကိုယ်ကို ပြန်လည် ဆင်ခြင်ကြပါ။ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။ ငါတို့ဟာ ငပေါတွေ ... တော်ရုံတန်ရုံလူ လိုက်မမီတဲ့ ဂေဟာသားတွေ၊ အဆုံးစွန် ပေါမယ့်သူတွေ၊ ကမ္ဘာတည်သရွေ့ ပေါမယ့်သူတွေ ဆိုတာ မမေ့ပါနဲ့။

သမိုင်းမှာ မှတ်ကျောက် ကမ္ဗည်းတင်ရမယ်။ နောင်လာနောက်သားများက စွန့်ဦးငပေါကြီးများဟု လေးစား အတုယူနိုင်ရမယ်၊ ငပေါမျိုးဆက်များ မွေးထုတ်ရဦးမယ်၊ နောင်အနှစ် ၁၀၀၀ မှာ ဖြစ်လာတဲ့ လူတွေက လွန်ခဲ့တဲ့ အနှစ် ၁၀၀၀ တုန်းက ရှေးဦးငပေါကြီးတွေပါလားဆိုပြီး အလေးပြုနေရမယ်။ ငပေါ ပြတိုက်ထဲမှာ ငပေါတွေရဲ့ လက်ရာ၊ ငပေါတွေရဲ့ ရုပ်တုတွေ ချန်ရစ်ခဲ့ရမယ်။ ငါတို့ဟာ ငပေါတွေ ဖြစ်တယ်။

ကိုမင်းကိုနိုင်နဲ့ နာယကဂျီး ဆုံတုန်းက သူကပြောတယ် (အဲလို နာမည်ထင်ရှားလူသိများသူနဲ့ ကိုင်ပေါက်မှ တချို့က ဖြုန်တာ မဟုတ်လား) “တချိန်လုံး နိုင်ငံရေးအကြောင်းချည်း ဘယ်စဉ်းစားနေနိုင်မလဲ တခါတလေလည်း အချစ်ကဗျာလေးဘာလေး ရေးချင်သေးတာပေါ့” တဲ့။ အဲဂလို တကယ်ဂျီးပြောခဲ့တာနော် နောက်တာ မဟုတ်ဘူး။

အဲဒီတော့ သူ့စကားကိုပဲ ခိုးချ မော်ဒီဖိုင်းလုပ်ပြီး ပြောရပါဦးမယ် ငါတို့ဟာ လူသားများသာဖြစ်တဲ့အတွက် တခါတလေ မပေါနိုင်တဲ့အချိန်တွေ ကြုံရတတ်တယ်။ အဲဒီလို မပေါနိုင်ရင် ငါတော့ ငပေါဖြစ်ရှုံးပြီ ... ဒီတသက်တော့ ဆက်ပေါလို့မှ ရပါဦးမလား ဆိုပြီး စိတ်ဓာတ် မကျပါနဲ့ ... စာရေးဆရာဟာ စာချည်းပဲ တချိန်လုံးမရေးနိုင်သလို၊ လူရွှင်တော်ဟာ တချိန်လုံး ပြက်လုံးမထုတ်နိုင်သလို၊ နိုင်ငံရေးသမားဟာ တချိန်လုံး နိုင်ငံရေး အကြောင်းချည်းပဲ မစဉ်းစား နိုင်သလို၊ လယ်သမားဟာ တချိန်လုံး စပါးစိုက်မနေနိုင်သလို၊ သီချင်းရေးဆရာဟာ တချိန်လုံး သံစဉ်တွေ ရှာဖွေမနေနိုင်သလို၊ ငပေါတွေဟာလည်း တချိန်လုံး ပေါမနေနိုင်ပါဘူး။ မပေါဘဲ အနားပေးရမယ့် အချိန်လေး တွေလည်း ထားရပါမယ်။ ပေါလပ်ချိန်ပေါ့။ ဒါမှပဲ နောင်တချိန် ပြန်ပေါတဲ့အခါ အရည်အသွေး ပြည့်မီအောင် ပေါနိုင်မှာဖြစ်တယ်။

နာယကကြီး ခုလောက်ပြောလိုက်ရင် ဂေဟာထဲမှာ ဘာတွေ ဖြစ်ချင်နေပြီဆိုတာ တလက်မပြရင် တမိုင်လောက် မြင်တတ်တဲ့၊ တစ်စင်တီမီတာပြရင် ကီလိုမီတာ ထောင်ပေါင်းများစွာ မြင်တတ်တဲ့ ငပေါတွေ သဘောပေါက်လောက်ရောပေါ့ (ဒါကတော့ ဗရစ်တစ်ရှ်သမားကော ဆယ်လီစိတ်သမားပါ သိအောင်လို့ပါ)။ ဂေဟာအကျိုး ကိုယ့်အကျိုးဆိုပြီး အမြဲတစေ စွမ်းစွမ်းတမံ ဆောင်ရွက်လေ့ရှိတဲ့ ငပေါတွေမှာ အနည်းနဲ့အများဆိုသလို အန္တရာယ်ကျရောက်လို့ နေပါပြီ။ နာယကဂျီးအနေနဲ့ ဒါကို တတိယမျက်လုံးနဲ့ အကဲခပ်လို့ သိရှိထားခြင်း ဖြစ်တယ်။ ဒါကြောင့်လည်း ဥက္ကဌနဲ့ တိုင်ပင်ပြီးသကာလမှာ ဒီမိန့်ခွန်းတော်ကြီး ကို အစောတလျင် စီစဉ်လိုက်ရခြင်း ဖြစ်တယ်။

ထစ်ခနဲရှိ “ထွက်မယ်” ဆိုတဲ့ ရောဂါဆန်းတခုဟာ ဂေဟာထဲကို ဘယ်နေရာက ဝင်မှန်းမသိ ဝင်ဝင်လာတတ်ပါတယ်။ ခုချိန်မှာ ခုခံအားကျဆင်းမှု ရောဂါ၊ ဝက်တုပ်ကွေးတို့ထက် ကြောက်စရာကောင်းတဲ့ ဒီရောဂါဆန်းကြီးအတွက် ကာကွယ်ဆေးတောင် မထုတ်လုပ်နိုင်သေးပါဘူး။ (ကျန်းမာရေးဝန်ဂျီးကလည်း ဂေဟာကို ဝင်ပြီးကတည်းက ပျောက်သွားလိုက်တာ ဘယ်ချောင်မှာ သွားအိပ်ပျော်နေတယ် မသိဘူး - ဤကားစကားချပ်) ဆိုတော့ကာ ဒီရောဂါဆန်းကြီးကို နယကဂျီးလို ကိုယ်ခံအားကောင်းသူတောင် တော်တော်လေး ကြောက်လာပါတယ်။ သို့သော် မပူကြပါနဲ့ ... နာယကဂျီးက ခေတ်ဆွေး ငပေါကြီး ဖြစ်တဲ့အတွက် ကာကွယ်ဆေးမရှိသေးတဲ့ ဒီရောဂါဆန်းကြီးအတွက် ဆေးမီးတို တဖုံ တီထွင်ထုတ်လုပ်ဖို့ ကြံစည်နေပါတယ်။ အဲဒီဆေးမီးတိုဟာ ဘယ်လိုဟာလဲလို့ မမေးပါနဲ့ နာယကဂျီး ကိုယ်တိုင် ဘာမှန်း မသိသေးပါဘူး။ အဲသလို ခရီးရောက်နေပြီဖြစ်တဲ့ ဆေးမီးတိုကြီးအတွက် ဂေဟာသူ ဂေဟာသားများအနေနဲ့လည်း ဝိုင်းဝန်းအကြံပေးကြပါ။

တလက်စထဲ စင်ကာပူက ငပေါတွေဖြစ်နေတဲ့ ရောဂါကိုလည်း ကြုံတုန်းလေး ဝိုင်းဝန်းအဖြေရှာကြရအောင်ပါ။ စင်ကာပူမှာ အပုန်းကူးစက်ရောဂါကြီးတခု စွဲကပ်လို့နေပါတယ်။ ငါတို့ရဲ့ တွင်း ၂ ကြီးမှသည် ဆည်မြောင်းဝန်ဂျီး သံလွင်ဟီးရိုးထိ ဒီကပ်ရောဂါစွဲကပ်နေပါတယ်။ အဲဒီရောဂါဟာလည်း “ထွက်မယ်” ရောဂါလောက်မဆိုးပေမယ့် တော်တော်လေး ဆိုးတယ်လို့ ဆိုရပါမယ်။ လူတည်တွေ ဆီက လာတာ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက်ဆေးကိုတော့ ဥက္ကဌကြီးကိုယ်တိုင် ပုန်းပြီးရှာပါလိမ့်မယ်။

ဒီတော့ ချုပ်ရရင် (မချုပ်လို့လည်း မဖြစ်တော့ဘူး ပေါစရာ အဲ ပြောစရာ မရှိတော့ဘူး) ငါတို့ဟာ ငပေါများဖြစ်ကြတယ်၊ တခါပေါရုံနဲ့ တသက်လုံး ငပေါဖြစ်တယ်၊ ဂေဟာမှာ ဝင်ပေါက်သာရှိပြီး ထွက်ပေါက်မရှိဘူး။ အဲဒီထွက်ပေါက်ကို လူကြီးမြင်းများသာသိတယ်၊ သိတဲ့ လူကြီးမြင်းတွေက ထွက်ခွင့်မရှိဘူး၊ တခါတလေ ငပေါတွေအနေနဲ့ နားနားနေနေပေါခွင့်ရှိတယ်၊ ဂေဟာမှာ ပင်စင်မရှိဘူး၊ ခွင့်ယူခွင့်ရှိပေမယ့် ခဏတဖြုတ်ပဲရမယ်၊ ပျင်းခွင့်ရှိတယ်၊ ငိုက်ခွင့်ရှိတယ်၊ ငိုင်ခွင့်ရှိတယ်၊ ငတ်ခွင့်ရှိတယ်၊ ငိုချင်ရင်တော့ ဂေဟာအပြင်ထွက်ငိုပါ။ ငေါက်ခွင့်ကတော့ နာယကဂျီး အပါအဝင် လူဂျီးမြင်းတွေ ဆီမှာရှိတယ် ဟဲဟဲ။

နာယကဂျီးလည်း တော်တော်လေးမောသွားပြီ။ အသက်ကရနေပြီ။

ခုလို နေပြန်ကောင်းခါစမှာ ဂေဟာအကျိုးကို ရည်သန်၍ ဘယ်သူမှ မတောင်းဆိုဘဲ ငပေါပီသစွာနဲ့ မျက်နှာပြောင်တိုက်ရင်း ဒီမိန့်ခွန်းတော်ကြီး ချွေခွင့်ရတဲ့အတွက် ငပေါများအားလုံးကို ကျေးဇူး ဂေါ်ဇီလာလောက်တင်ပါတယ်။

လောင်းလစ်ဗ် သပေါစ်
နာယကဂျီး

Saturday, September 26, 2009

လျှောက်လုပ်ရေး ၀န်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ် (၃)

လိန်ဖယ်လိန်ဖယ်နှင့် အာဗီဗီ ဆင်းသွားချိန်တွင် စင်ပေါ်၌ ခဏတိတ်ဆိတ်သွားသည်။ စင်ပေါ်ရောက်လာသော ခဲများကိုရှောင်ရှားရန် တီးဝိုင်းသမားများပါ စင်အောက် ဆင်းပြေးကြသောကြောင့်ဖြစ်သည်။ သို့သော်လည်း ငပေါများအတွက် တီးခတ်ပေးနေသူများဖြစ်သောကြောင့် ပေါပါးဝနေပြီဖြစ်သော တီးဝိုင်းသမားများမှာ ခပ်တည်တည်နှင့် အဝတ်အစားလဲကာ စင်ပေါ်ပြန်တက်လာသည်။

ထိုစဉ် “အခုအလှည့်ကျသူကတော့ အောင်ဒီကန်ခေါ် ငှက်မည်းဖြစ်ပါတယ် ခင်ဗျား” ဟူသော အသံနက်ကြီးနှင့်အတူ စင်ပေါ်သို့ ကလန်ကလားနှင့် သမိန်ပေါသွပ်မျက်ခွက်ပိုင်ရှင် ငပေါတဦးတက်လာလေတော့သည်။ ပရိသတ်ဆီက “ဟာ” ခနဲ စိတ်ဓာတ်ကျသံကြီး ထွက်ပေါ်လာရာ အောင်ဒီကန်က ပရိသတ်ကို မျက်နှချိုသွေးလိုက်သည်။ ပြီးတော့ “ကျနော့်သီချင်းဆုံးတဲ့ထိ နားထောင်ရင် ဟိုက်ကော်မရှင်နာ အလုံးတရာကို မဲဖောက်ပေးပါမယ်” ဟု ပြောလိုက်ရာ ပရိသတ်က “ဟေး” ဟုထအော်သည်။ ငတိက “ဒါဆိုရင်တော့ သီးခံနားထောင်မယ်ကွာ” ဟု ဆိုကာ သူအမြဲဆောင်လေ့ရှိသော ဟတ်ဖုန်းကြီး ကောက်စွပ်လိုက်သည်။ အမှုရှောင်ကတော့ ငှက်၏အကျင့်ကိုသိထားသည့်အတိုင်း “ပြီးရင် အဖျားရှူးသွားမှာ တကယ်မဲဖောက်ဖို့မသေချာဘူး၊ ခုကတည်းက ဒီကောင့်သောက်လက်စပုလင်းကို ခွက်ပုန်းသွားကစ်ထားမယ်” ဟုပြောပြီး စင်နောက်သို့ ပုန်းလျှိုးကွယ်ရှိုးဝင်သွားသည်။ ကျန် ငပေါများနှင့် ပရိသတ်များကတော့ ငှက်ကထပြောတာ အဟုတ်မှတ်၍ “မြန်မြန်ပြီးပါတော့ဗျို့” ဟု တောင်းဆိုကြသည်။

အောင်ဒီကန်၏ သီချင်းသံ စတင်ထွက်ပေါ်လာပါပြီ ... အိုင်စီ၏ ဂစ်တာရစ်ကြီးက ကိညောင်ကိညောင်နှင့် အင်ထရိုခင်းလိုက်သည် ...

“အတိတ်တွေက မှုန်ဝါးပေမယ့် ငါတို့ငပေါဇာတ်လမ်းဟာ တချို့နေရာက အရက်ဝိုင်းထဲမှာရှိနေဆဲ၊ ဟိုတခွက် ဒီတခွက် ခွက်ပုန်းနဲ့ အရင်လို သောက်မကောင်းပေမယ့် ငါတို့မူးတယ်။ အဓိပ္ပာယ်မရှိတာ သိပေမယ့် တခါတလေ တိုက်ဆိုင်မှုတွေရှိလာရင်လည်း ပေါကောင်းကောင်းနဲ့ ပေါမှာပဲ .. ဘယ်သူမှ၊ ဘယ်ကောင်မှ လာမတားနဲ့ ဒီမှာ တို့ငပေါတွေက မရှက်ဘူးကွယ် ..

မျက်နှာပြောင်တိုက်တာလည်း အလွန်တော်ပါတယ် ... ၊ ငပေါတွေများလာဖို့ ငါမျှော်လင့်ဆဲ ... ဘယ်ဆီမှာမင်ပေါနေလဲ၊ ဘယ်သူနဲ့ မင်းပေါမှာလဲ၊ ဘာတွေကြောင့်မင်းပေါနေလဲ ပေါသင့်ပါတယ်၊ ပေါကြပါတယ်၊ ပေါကြပါကွယ် ငါကိုယ်တိုင် အမြဲပေါနေမယ် ...


အောင်ဒီကန်က သီချင်းကို အစကပြန်ကျော့နေသည်။ မစောင့်နိုင်သော ပရိသတ်က “ပြီးပါတော့ဗျို့” ဟု အော်ရုံတင်မက ပြောင်းဖူးရိုးများ ရေသန့်ဗူးများနှင့် အားပေးသောကြောင့် ဟိုက်ကော်မရှင်နာ မဲဖောက်ဖို့ အစီအစဉ်အစကတည်းက မရှိသောအောင်ဒီကန်မှာ ကြောက်ချင်ယောင် ဆောင်ပြီး နောက်ဖေးပေါက်မှ ထွက်ပြေးလေတော့သည်။

နာယကဂျီး ရေးသားသည်။
---------------------------------------------------------------------------------------------------------------------------
ထိုသို့ ငှက်မည်းကြီးကထ ဆင်းသွားသည်နှင့် စင်နောက်ဘက်မှ.. ဂဂျိုးဂဂျောင်
တီးလုံးကြီးထွက်လာပြီး.. ပန်ခ့်လိုလို အော်လ်တာလိုလိုဝတ်ဆင်ထားသည့် အမှုရှောင်နန်းညီ
စင်ပေါ်ပြေးတက်လာလေသည်.. ငှက်ကထ၏ ပုလင်းကိုခွက်ပုန်းကစ်ထားသဖြင့်
အတော်လေးလည်း မှန်နေလေရာ စင်ပေါ်မှာ မီးကုန်ယမ်းကုန်ပေါက်ကွဲ အော်ဟစ်နေလေ၏..

သို့သော် တကယ်တမ်းဆိုတော့ကျတော့.. ဘစ်ဘက်၏ သတ်တီသရီး
သီချင်းတီးလုံးဖြင့်တီးခတ်ထားသည့် “ပေါတောရူးတူး”သီချင်းကို သီဆိုခြင်းဖြစ်သည်..

မဆိုချင်ပေမယ့်လည်း အစအဆုံးတစ်ခေါက်ထပ် ဆိုဦးမယ်.. ဒီနေရာမှာလည်နေတဲ့ ဒီပို့စ် ဘယ်တော့မှ ပြီးမှာလဲ လက်လည်းညောင်းသွားပြီ ဘာတွေကိုဆက်ရေးမိ.. ဘာရေးရမှန်း မသိတဲ့ ပေါပို့စ်ကြီး...

ဘာလာရှာပါသလဲ ဘာမှမရှိလို့ စိတ်မကောင်းပါ.. ဂေဟာမှာ ကျန်နေတဲ့ တစ်ယောက်ထဲရှိတဲ့
ငပေါလေးလား.. ငါလည်း အရူးတစ်ယောက်ပါ.. တော်သလိုသာ ကြည့်ပေါပါ.. ငါ့ကို လာမထိကြနဲ့
မရတော့ဘူး..

ကလောင်တံမလိုပါဘူး လက်ချောင်းများနဲ့ ဆက်ပေါမယ်.. ဒါ့တာ ဒီတီတီး..
ငပေါများရဲ့ယောက္ခမကြီး.. ငါလည်း စည်းရုံးတာ.. ငပေါတွေ ပိုများလာ.. တို့ဂေဟာ
လူများလွန်းလို့ နားတွေညီး ..
..

ဤသို့ဖြင့် မူးတူးတူးမှန်တန်တန်ဖြင့် ပေါသီချင်းကို ဆိုနေရာ.. “ဒီနေရာမှာလည်နေတဲ့” ဟူသော စာသားအတိုင်း အရှေ့ရောက်လိုက် အနောက်ရောက်လိုက် အလည်ပိုဒ်ဖြတ်ဆိုလိုက်ဖြင့် လုံးလည်ချာလည်လိုက်နေပြီး.. နောက်တစ်ကြိမ် “မဆိုချင်ပေမယ့်လည်း အစအဆုံးတစ်ခေါက်ထပ် ဆိုဦးမယ်” ဟု ပြန်စလိုက်သည်နှင့်တပြိုင်နက် ပိတ်သတ်ကြီးများမှ “တော်ပါတော့ မဆိုချင်လည်း ဆင်းပါတော့” ဟု ဝိုင်းဝန်းအားပေးကြမှ.. စိတ်ဆိုးမာန်ဆိုးဖြင့် ဂစ်တာကြီးကို ဂွမ်းကနဲ့ပစ်ချပြီး ဂျစ်တီးဂျစ်ကန်.. ယိုင်တိယိုင်တိုင်ဖြင့် ဆင်းသွားလေတော့သည်.. ပိတ်သတ်ကြီးလည်း ထိုအခါမှပင် သက်ပြင်းချရတော့၏...

အမှုရှောင်
နန်းညီ

လျှောက်လုပ်ရေး ၀န်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ် (၄) ကို စောင့်မျှော်အားပေးကြပါ။

Tuesday, August 18, 2009

နာယကဂျီး၏ တချက်လွှတ် အမိန့် (ဘီဒို အာဏာ၊ သေတ္တာ အာဏာ၊ အံဆွဲ အာဏာ၊ မှန်တင်ခုံ အာဏာ အကုန်သုံးထားသည်။)

ပေါရဲရင်ပေါကြည့်စမ်း .. ယောင်လို့ ထွက်မယ်လို့ ပြောရဲရင်ပြောကြည့်စမ်း။ နာယကဂျီးအကြောင်း ကောင်းကောင်းသိသွားမယ် .. ။

အထက်ပါ ငှက်၏ နှုတ်ထွက်စာမှာ အတုကြီးသာဖြစ်ကြောင်း၊ လက်မှတ်မပါ သောကြောင့် ငှက်ကထကိုယ်စား တစုံတယောက်က လုပ်ကြံဖန်တီးခြင်းသာဖြစ်ကြောင်း၊ အမှန်စင်စစ် ငပေါဂေဟာတွင် ရုံးစာလက်ခံရာခြင်းတောင်း မရှိသောကြေင့် မည်သည့် ပေးစာ၊ ရုံးစာများကိုမှ လက်ခံဆောင်ရွက်ခြင်း မရှိကြောင်း၊ မည်သည့် အလုပ်မှ လုပ်စရာမရှိသော်လည်း ငှက်ကထ ရာထူးနှင့်အညီ စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ငှက်ကထဂျီးအား ငပေါဂုဏ်ရည် ပထမဆင့် သီဟသူရ ငှက်ကထ ဘွဲ့ ချီးမြှင့်မည်ဖြစ်ကြောင်း၊ နောက်တခါ ထွက်မယ် အနားယူမယ် ပြောသူအားလုံးကို လစတိုး၍ အဆိုပါဘွဲ့အား ဘုန်းဘောလအော ချီးမြှင့်ကာ ထွက်စရာအပေါက်မရှိသော အခန်းထဲ၌ လှောင်ပိတ်ထားမည်ဖြစ်ကြောင်း အမိန့်တရပ် ထပ်မံ ထုတ်ပြန်လိုက်သည်။

ပုံ။ ။ နာ ယ က ဂျီး

အတွင်းရေးမှူး ၂ ထပ်ဆင့် ထောက်ခံလိုက်သည်။

Monday, July 20, 2009

နာယကဂျီး၏အရေးပေါ်မိန့်ခွန်း

ငပေါအပေါင်းတို့

ငပေါတို့ဟာ ငပေါတွေဖြစ်ကြတယ်။ ဒါပေမယ့် ပေါသက်မရင့်ကြသေးပါဘူး။ တကယ်တော့ ပေါတယ်ဆိုတဲ့အလုပ်ဟာ မလွယ်ပါဘူး။ ပေါတာဟာ လွယ်ပါတယ်ဆိုပြီး အလွယ်တကူ ဂေဟာထဲ ဝင်လာကြတဲ့အတွက် တချို့ရူးကြောင်ကြောင်ဖြစ်ကုန်ကြပါတယ်။ သို့သော် ဒါက ပေါသက်မရင့်လို့ဖြစ်ရတဲ့အတွက် အပြစ်မတင်လိုဘူး။ နာယကဂျီး အပါအဝင် ဘုတ်အဖွဲ့ဝင်များဟာ ပေါသူ ပေါသားများ စိတ်ချမ်းချမ်းသာသာ ပေါစေနိုင်ရေးအတွက် ငပေါ ဦးတည်ချက် ၄ ရပ်နဲ့အညီ ကြိုးစား ပေါပေးနေသော်ငြားလည်း တချို့သော ငပေါများကိုတော့ လက်မြှောက်ရတဲ့ အနေအထားလေးတွေ တွေ့ရပါတယ်။ စိတ်မကောင်းပါဘူး။ ငပေါအဖွဲ့ဝင်တွေအနေနဲ့ ပေါခြင်းအတတ်ပညာကို ဒီထက်ဒီ လေ့လာဆည်းပူးဖို့လိုအပ်နေပြီလို့ မြင်ပါတယ်။ တွင်း ၂ ပြောသလို ဂေဟာမှာ ရုပ်တည်ဂိုဏ်းရဲ့ ရောဂါတွေ စွဲကပ်လာတာကို တွေ့ရတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ မည်သို့သော ပါစင်နယ် ကိစ္စတွေရှိစေကာမူ ငပေါဟာ ငပေါပဲဖြစ်သင့်ပါတယ်။ ပေါသက်မရင့်သေးတဲ့ ငပေါများကို အပြစ်မတင်လိုပေမယ့် ဆက်လက်ပြီး ရင့်ကျက်စွာပေါနိုင်ဖို့၊ ဘုတ်အဖွဲ့ဝင် လူပေါကြီးများကိုအမီလိုက်ပြီး ညီညီညွတ်ညွတ် ပေါကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ဘုတ်အဖွဲ့ဝင်လူကြီးများ အနေနဲ့လည်း ရှေ့လျှောက် ဝင်လာဦးမယ့် အဖွဲ့ဝင်များကို သေချာစိစစ်ပြီးမှ လက်ခံစေချင်ပါတယ်။ ပေါတယ်ဆိုတာ ပါးစပ်ကတင် ပေါလို့မရဘူးဆိုတာ ငပေါအပေါင်းတို့ ခုလောက်ဆို သဘောပေါက်လောက်ပါပြီ။ ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲ ပေါဖို့ဆိုတာက ပညာလိုပါတယ် (ကြုံတုန်းကျူရှင်ကြော်ငြာဝင်ဦးမှ - နာယကဂျီးက တလကို ဒေါ်လာ ၁ သောင်းထဲနဲ့ သက်သက်သာသာ ပေါနည်းသင်တန်း ပို့ချပေးနေပါတယ်။ မပေါတတ်သေးသူများ အချိန်မီပေါဖို့ သွားတက်နိုင်ပါတယ်) အဲဒီပညာဆိုတာကလည်း နှယ်နှယ်ရရ မဟုတ်ပါဘူး။ မွေးရာပါ အတတ်ပညာလို့ ပြောလို့ရပါတယ်။ ကြီးမှပေါချင်သူတွေကတော့ နည်းနည်း ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် မပူပါနဲ့ နာယကဂျီးရဲ့ ကျူရှင်ရှိတယ် (ဟီဟိ) ခုထိတော့ ဘုတ်အဖွဲ့ဝင်တွေထဲမှာ ရုပ်တည်ဂိုဏ်းရဲ့ ရောဂါကူးစက်တာ မတွေ့ရသေးပါဘူး။ ဒါတောင် တခါတလေ ငတိက အသည်းကွဲသလိုလို ဘာလိုလို ဖြစ်တတ်တာတွေ့ရပါတယ်။ ရောဂါဖြစ်နေရင် ဆေးမီးတိုနဲ့မကုဘဲ အချိန်မီ ဆေးခန်းပြဖို့လိုပါတယ် .. အဲဆောဒီး .. ဝက်တုပ်ကွေးနဲ့ရောသွားလို့။

ဘာပဲဖြစ်ဖြစ် ငပေါတို့ဟာ ငပေါတွေပဲဖြစ်ပါတယ်။ တခါ ငပေါဖြစ်ယုံနဲ့ တသက်လုံး ငပေါဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒီဂေဟာမှာပဲ ဖောဖောသီသီပေါခွင့်ရတာပါ။ ဒါကို အခွင့်ကောင်း တရပ်အနေနဲ့ အသုံးချစေချင်ပါတယ်။ ငပေါများ ရုပ်တည်ဂိုဏ်းက ရောဂါတွေ ကူးစက်လာမှုနဲ့ပတ်သက်လို့လည်း ဘုတ်အဖွဲ့ဝင်လူကြီးမြင်းများက အစည်းအဝေးထိုင်ပြီး သေချာစိစစ် ဖော်ထုတ်သွားဖို့ ရှိပါတယ်။ ငပေါထုကြီးအနေနဲ့ ဘုတ်အဖွဲ့ဝင်လူကြီးမြင်းများကို ဝိုင်းဝန်းကူညီ လက်တွဲပါဝင်စေချင်ပါတယ်။ ငပေါကွန်းဖရန့်စ်ကြီးကို မကြာခင်ကျင်းပပါမယ်။ အဲဒီအခါကျရင် ပေါဖို့အခက်အခဲ ရှိနေသူ တွေကို ကူညီပေးသွားမှာပါ။ မပူပါနဲ့ ငပေါနိုင်ငံတော်ကြီးမှာ စပါးတောင်လိုပုံနေပါတယ် .. အဲ ဆောဒီး .. ဒါက တူတို့ပြောရမှာ ..။

ငပေါဂေဟာကို ခုချိန်မှာ အချိန်မီ ကုသဖို့လိုအပ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ငပေါတို့ဟာ ငပေါတွေဖြစ်တဲ့အတွက် ပေါခြင်းဖြင့် ဂုဏ်ယူကြပါ။ ဒါပါပဲ ..။

ခုလို ဘယ်သူမှမတောင်းဆိုဘဲ ခပ်တည်တည်နဲ့ နာယကဂျီး ပေါသမျှ အဲ ပြောသမျှကို နားထောင်ပေးတဲ့ ငပေါဂေဟာသူ ဂေဟာသားများကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ နားမထောင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ကဲ လက်ခုပ်တီးလို့ရပါပြီ .. ဖြောင်းဖြောင်းဖြောင်းဖြောင်း ....ect

Tuesday, July 7, 2009

ဂေဟာအရေး နှင့် ပတ်သတ် ၍ နာယကဂျီး နှင့် တွင်း ၂ တွေ့ဆုံဆွေးနွေး

နာယကဂျီး : မင်္ဂလာဆောင်ပါ တွင်း ၂ ရေ။ ခုလို မတွေ့မဆုံဘဲ ဆွေးနွေးရတဲ့အတွက်အရမ်း အရမ်းကို ဝမ်းသာပါတယ် (တွေ့ရင် မျက်ခွက်ကို ပိတ်ရိုက်ချင်နေဦးမယ်) လေဒီယို စတိုင်ပေါ့ ဟီဟိ။
တွင်း ၂ : ဟုတ်ကဲ့ မတွေ့တာတောင် ကြာပြီနော် (အွန်လိုင်မှာ ဒီမျက်ခွက်ကြီးပဲ။)
နာ : ဒါနဲ့ တွင်း ၂ ရေ ဂေဟာကိုလည်း မရောက်တာကြာပြီ ဘာတွေ ထူးနေလဲ လုပ်ပါဦး။ (ပြောစမ်းဟဲ့ပေါက်ကရ ပင့်ပေးပြီးပြီ)
တွင်း : မရောက်ဆို မြောက်ကိုရီးယားအရေးကလည်း ရှိသကိုး။
နာ : ဟား ဟုတ်တာပေါ့ မြောက်ကိုရီးယားသင်္ဘောကြီးက စင်ကာပူဝင်လာပြီး တွင်း ၂ ကို လက်နက်တွေ ပေးသွားတယ် ကြားတယ် ဘာလက်နက်တွေများလဲ။
တွင်း : ဒါကတော့ ဒီလိုပါ။ ငပေါများနိုင်ငံတော် အင်အားရှိဖို့အတွက် ကျနော့အနေနဲ့ စွမ်းစွမ်းတမံကြိုးစားနေပါတယ်။ အခုဆိုရင်လည်း မြောက်ကိုရီးယားကနေ မှာယူထားတဲ့ လက်နက်တွေဟာ ကျနော့လက်ထဲကို ရောက်လို့ နေပါပြီ။ လောလောဆယ်တော့ ပေါက်ကွဲအား အဆင့် ၇.၅ အဆင့်ရှိတဲ့ ပေါက်ကွဲမှုတွေအတွက် မြောက်ကိုရီးယားက ၃ ထုပ် ၁ မတ်နဲ့ မှာယူထားတဲ့ ပဲကြီးလှော်များကို ဂေဟာတွင်း နည်းစနစ်မှန်မှန် အသုံးပြုတတ်ဖို့ သင်တန်းပို့ချရပါဦးမယ်
နာ : တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ။
တွင်း : သင်တန်းတက်ရမယ့်သူကလည်း မဲစနစ်(ဖားနိုင်သူဦးစားပေးစနစ်) နဲ့ ရွေးချယ်မှာပါ။
နာ : ဂေဟာတွင်း အေးချမ်းသာယာရေးကော ဘယ်လိုအခြေအနေ ရှိပါသလဲ။ မအေးချမ်းရင်တော့ ကေလာမမ ရောက်နေတဲ့ အိုင်ယာလန်က ရေခဲတုံးတွေ လှမ်းမှာသင့်ရင်မှာရအောင်
တွင်း : ဂေဟာတွင်း အခြေအနေကတော့ ပြောလို့မရတဲ့ အနေအထားလေးတစ်ခု ရှိနေလို့ ခွင့်လွှတ်ပါ။ မကြာခင်မှာတော့ အပြောင်းအလဲ တစ်ခု တွေ့ရမှာပါ။
နာ : ဟာ အပြောင်းအလဲကို အရမ်းလိုလားတယ်နော် အရမ်းအရမ်းကို စိတ်ဝင်စားလာပြီ။
တွင်း : အင်း အဲဒါကိုလည်း စဉ်းစားထားပါတယ်။ အပြောင်းအလဲကြီးတစ်ခု အဖြစ် အနည်းဆုံး ပို့စ်အသစ်တက်တာကနေ အများဆုံး ကော်မန့်တွေ လာပေးတာကို တွေ့ရမယ်လို့ ကျနော်ထင်ပါတယ်။ ဒါကတော့ ဂေဟာရဲ့ ပြောင်းလဲမှု ဖြစ်နိုင်ချေကို ကျနော့အတွေ့အကြုံနဲ့ ပြောပြတာပါ။ ဖြစ်မဖြစ်ကိုတော့ ပိတ်ကားမှာပဲ ရှုကြပါစို့ဗျာ။
တွင်း : ဒါနဲ့ ထိုင်းငပေါ အရေးလေးလည်း ပြောပြပါဦး နာယကဂျီးရဲ့
နာ: နာယကဂျီးလည်း ထိုင်းနိုင်ငံအရေးနဲ့ အတော်လေး မအားလပ်လို့ ဂေဟာကို မရောက်နိုင်တာပါ။ ဥပမာ - ဝန်ဂျီးဂျုပ်က ချင်းမိုင်က ပန်ဒါလေးကို စားမယ်ချည်း လုပ်နေလို့ ဆွဲထားရတာမျိုးပေါ့။
တွင်း: ငရုပ်သီးလိုရင်ပြောပါ။ (အဲမှားလို့)
နာ : သူက အစပ်မကြိုက်ဘူး။ ဟင် ဘာဆိုင်လို့လဲ။
တွင်း : အသေးစိတ်လေးပြောပြပါဦး။
နာ : ခုတော့ နေကြာစေ့တထုပ်လက်ထဲ ထည့်ထားလိုက်ပါတယ်။
တွင်း : စိတ်ဝင်စားဖို့ အတော်ကိုကောင်းနေပါပြီ။ နေကြာစေ့နဲ့ ပန်ဒါနဲ့ဆိုတော့ ဘယ်လိုများ ချက်စား (အဲလေ) ဘယ်လိုများ အပ်စပ်လို့များလဲ နာယကဂျီးရေ့။
နာ : ဒီလိုပါ။ ဝန်ဂျီးဂျုပ်လည်း နေကြာစေ့အခွံခွာရင်း မအားမလပ်ဖြစ်နေလို့ ပန်ဒါလေးကို မျက်စောင်းမထိုးတော့ပါဘူး။
တွင်း : ဝန်ဂျီးဂျုပ်ရဲ့ အနေအထားကကော ဘယ်လို ဖြစ်လာမယ်လို့ မျှော်လင့်ရပါသလဲ။
နာ : ကြည့်ရတာတော့ အင်္ကျီအနက်အစား တီရှပ်အစိမ်းရောင် ပြောင်းဝတ်ပုံထောက်တော့ သူလည်း ဆက်ပေါဦးမယ်ဆိုတဲ့ သဘောပါပဲ (ဆိုင်ဆိုင် မဆိုင်ဆိုင်ဟာ)
တွင်း : ဒါဆို ပန်ဒါမလေးလည်း အဆင်ပြေသွားပြီပေါ့နော်။ သူ့ကျန်းမာရေးအခြေအနေလေးလည်းပြောပြါပါဦး
နာ : ပန်ဒါမလေးကတော့ နယ်စပ်အခြေအနေ မငြိမ်သက်လို့ တရုတ်ပြည်ပြန်မယ်လုပ်နေပါတယ်
တွင်း : တီရှပ်အစိမ်း?? ဘယ်လိုများ ဆက်နွယ်ပါသလဲ သိပါရစေဦးဗျာ။
နာ : ဒါကဒီလိုပါ။ အစိမ်းရောင်တီရှပ်ကိုဝတ်ခြင်းဟာ green ကို အားပေးချင်းပဲမဟုတ်လား။
တွင်း : ဒါဆို အစိမ်းရောင်တပ်ဖွဲ့ပေါ့လေ။ ကြောက်စရာကြီးပါလား။ (အစိမ်းဆို ငယ်ငယ်တည်းက ကြောက်တတ်လို့ပါ။)
နာ : သူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့ ပန်ဒါလေးကို မစားတော့ဘူးဆိုတဲ့သဘောပေါ့
တွင်း : ဟုတ်ကဲ့
နာ : စကားမစပ် (အတင်းစပ်မှာပဲ) ဘန်ကောက်က ကိစ္စပြောချင်ပါသေးတယ်။
တွင်း : ပြောပြပါဦး နာယကဂျီးရေ့
နာ : အဲဒီမှာ အသင်းသားကေလာက တနေ့က စားပိုးနင့်ပြီး သေမလိုဖြစ်သွားခဲ့ပါတယ်။
တွင်း : (သေသွားရမှာ ဖဲရိုက်ဖို့)
နာ : သောက်နေကျ အရက်မသောက်ပဲ အစားတွေနင်းကန် စားလို့ ဖြစ်ရတာပါ။ (ဒါတော့ တွင်း ၂ ပြောတာ လက်ခံတယ် ရိုက်ချင်တာ လက်ကိုယားနေတာပဲ)
တွင်း : ဒါဆို အစားကြောင့် အရက်မသောက်ဖြစ်တာလား။ ပိုက်ဆံမရှိလို့ မသောက်ဖြစ်တာလား။
နာ : အဲဒီကိစ္စက အတော်လေး လျှို့ဝှက်နက်နဲ့ပါတယ်။ သူ့မှာ ပိုက်ဆံက အမြဲမရှိပါဘူး။
တွင်း : ဆိုလိုတာက တခါတလေတော့ ရှိတယ်ပေါ့။
နာ : နာယကဂျီးဆီကနေ အသေးသုံး နေ့တိုင်း ဘတ် ၁ သောင်း တောင်းလေ့ရှိပါတယ်။ နာယကဂျီးအရမ်းစိတ်ညစ်ရပါတယ်။
တွင်း : (အမှန်တော့ နာယကမှာလည်း တစ်နေ့ တစ်သောင်းတောင်မရှိဘူး)
နာ : (ဟီး တကယ်က သူကသာတောင်းတာ ကိုယ်ကလည်း ဘယ်တုန်းကမှ ပေးတာမဟုတ်ဘူး)
တွင်း : အဲဒါနဲ့ နာယကကြီးက ပေးတန်သလောက်ပေးလိုက် တယ်ပေါ့။
နာ : အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်းပါပဲ တွင်း ၂။ ဒါနဲ့ မြန်မာပြည်ရောက် ငပေါတွေ အတော်သောင်းကျန်းနေတယ် ကြားပါတယ်
တွင်း : ဟုတ်ပါတယ်ဗျ
နာ : ဘယ်လိုများ ဆောင်ရွက်ဖို့ ရှိပါသလဲ
တွင်း : အခုဆို လူကြီးမြင်းများရဲ့ လုံခြုံရေးအတွက် ငပေါများလုံခြုံရေးကော်စီက ပေါအားရှင်အဖွဲ့တောင် ဖွဲ့စည်းပေးရမလိုဖြစ်နေပါတယ်။ ဒီကိစ္စကိုလည်း မကြာခင် ဖော်ဆောင်တော့မှာပါ။
နာ : ဟာ... ဒီကိစ္စ အရေးကြီးတာပေါ့ စည်းဝေးခေါ်သင့်တယ်။ နာယကဂျီးအနေနဲ့ အနံ့တခုရတယ် တွင်း ၂ ရန်သူရဲ့အနံ့ပါ။
(အနံ့ခံကတော့ ဘာကောင်းသလဲမမေးနဲ့)
တွင်း : ဘာအနံ့များပါလိမ့် နာယကကြီး
နာ : ဒန်ပေါက်နံ့ (အဲ ယောင်လို့) လူတည်ဂိုဏ်းက ဝင်ရောက်နှောက်ယှက် ဖျက်ဆီးတော့မယ် ဆိုတာကို အာရုံရပါတယ်။ ပို့စ်တွေ တည်လာတာကို တွင်း ၂ လည်း တွေ့မှာပါ။
တွင်း : မှန်ပါတယ်။ အခုအချိန်မှာ လူတည်ဂိုဏ်းရဲ့ ဝင်ရောက်နှောက်ယှက်မှုတွေကြောင့် ငပေါများ အတွင်းကို ရောဂါတစ်ခု စွဲကပ်နေပါတယ်။
နာ : ဘာရောဂါများပါလိမ့် H1N1 ထက်များဆိုးသေးလား
တွင်း : ဆိုးပါတယ် ဒီရောဂါကြောင့် ဘာကြောင့်မှန်းမသိတဲ့ ငပေါများရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သဘာငတိကြီးလည်း မကြာသေးခင်က ပြုလုပ်သွားတဲ့ တညင် ညီလာခံကို မတက်ရောက်ပဲ ရှောင်နေတယ်လို့ သိရပါတယ်။
နာ : ဒါကတော့ အရည်အချင်းပြည့်ဝတဲ့ ခေါင်းရှောင်တို့ရဲ့ သဘာဝပါပဲ
ဖြစ်နိုင်ပါတယ်။
တွင်း : နောက်တစ်ခုက လူတည် ဂိုဏ်းရဲ့ အသည်းကွဲရောဂါကလည်း ကပ်ရောဂါတစ်ခုအနေနဲ့ ကူးစက်လာပါတယ်။
နာ : ဒါကလည်း ကြောက်ဖို့ကောင်းတဲ့ ရောဂါတစ်ခုပဲလေ။
တွင်း : လူတည်ပို့စ်တွေ တက်လာတာနဲ့ ပတ်သတ်ပြီးတော့လည်း ဂိုဏ်းတွင်း အချုပ်အချာ အာဏာခိုင်မြဲဖို့ လိုအပ်လာပြီ ဆိုတာ သတိပေးလိုက်သလိုပါပဲ။
နာ : ဒီကိစ္စက အတော်လေး အရေးကြီးနေပြီလို့ ထင်ပါတယ် တွင်း ၂။ ခု အတော်လေး အရေးကြီးနေပါပြီ။
တွင်း : မှန်ပါတယ်။ ငပေါဦးတည်ချက် ၄ ရပ်နဲ့ အညီ စစ်မှန်တဲ့ ပေါမိုခရေစီ ပြည့်ဝတဲ့ ငပေါများဂေဟာမှာ လိုအပ်တဲ့ လွတ်လပ်မှုတွေနဲ့ တင်ပြချက်တွေ၊ ထောက်ခံချက်တွေ၊ ပေါရေးပေါရာတွေ အားလုံး ပြည့်စုံတိကျဖို့ လိုအပ်ပါတယ်။
နာ : နာယကဂျီးကို အရေးပေါ်ခေါ်နေပါပြီ။ ဝိုင်တစ်ပုံးရှိတယ်လို့ သတင်းရပါတယ်။ မသွားမဖြစ် သွားရပါတော့မယ်။
တွင်း : ဟုတ်ကဲ့ပါ။ အချိန်မရှိတဲ့ ကြားက အရက်သောက်ဖို့ အချိန်လေးကို ဖဲ့ပြီး အခုလို ဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ်။ တွေ့ဆုံပွဲ အမြန်ဆုံးဖြစ်အောင်လည်း ဆောင်ရွက်လိုက်ပါမယ်။

Thursday, April 2, 2009

ဗျက်မှာတမူ

ပညာရေးဝန်ဂျီး ဇင်ဇင်အတွက် နှစ်သစ်ကူးလက်ဆောင်

သို့
ပညာရေးဝန်ဂျီး

နာယကဂျီးအနေနှင့် နောင်လာ နောက်ပေါများ ကောင်းစားရန်အလို့ငှာ အချိန်နှင့် အမျှ ကြိုးစားလျှက်ရှိကြောင်း ပဏာမ ပြောကြားလိုပါသည်။ ယခု ပညာရေးဝန်ဂျီး ပြည်တော်ပြန် နေစဉ် လာမည့်နှစ် ဆယ်တန်း သင်ရိုး၌ ထည့်သွင်း သင်ကြားနိုင်ရန်အတွက် ကဗျာ တပုဒ် ကို အပူတပြင်း ရှာဖွေစဉ်းစား ရေးစပ်ပေး ပို့လိုက်ပါသည်။ ထိုသို့ ပေးပို့သည် ဆိုရာဝယ် နာယကဂျီးတဦးတည်း စဉ်းစားပါက တကိုယ်ကောင်းဆန်ရာ ကျမည် ဆိုးသော ကြောင့် ငှက်ကထကြီး ကိုပါ ခေါင်းစားလိုက်ပါသည်။ ငှက်ကထကြီးကလည်း ဝင်၍ ခေါင်းစား အကြံဥာဏ်ပေး ထားပါသည်။ ဤကဗျာတော်ဂျီးကို ပညာရေး ဝန်ကြီး အတွက် နှစ်သစ်ကူး လက်ဆောင် အဖြစ် ပေးပို့အပ်ပါသည်။ ဆယ်တန်းသင်ရိုးတွင် ထည့်သွင်း၍ သင်ကြားကာ နောင်ပေါ များကို ပညာပေးပါကုန်။

လေးဇားဇွာဖြင့်
နာယကဂျီး (ငှက်ကထ ကူညီသည်)

-------------------------------------

ဗျက်မှာတမူ

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့ရေ
သူများမောင်မှာ ဗျက်သံကြားလျှင်
ပိုကာလား ရှိုးလား မေးကြတယ်

နှမလေးမယ်တို့မောင်မှာ ဗျက်သံကြားလျှင်
အိမ်ဂရမ်ပိုက်လို့
ဇလုံစားဖက်ကို လိုက်လို့ရှာသည်
ရဲကလည်းဖမ်း
ဇယားလည်းခမ်းလို့
ဘယ်အသုဘ ကယ်ပါလိမ့်မလားတော်

ဗျက်မှာတမူ နှမလေး မယ့်ထက် အူသူ ရမလားတော်
ဗျက်မှာတမူ နှမလေး မယ့်ထက် ဘူသူရှိမလားတော်
ဗျက်မှာဆွေမျိုး ဂျိုကာမောင့်မှာရှိသလားတော်

ဗျက်မှာတမူ နှမလေးမယ့်ထက် အူသူမရှိဘူးဗျာ
ဗျက်မှာတမူ နှမလေး မယ့်ထက်ဘူသူကို မရဘူးဗျာ
ဗျက်မှာဆွေမျိုး ဂျိုကာမောင့်မှာ မရှိဘူးခင်ဗျာ

ရပ်ကွက်လူကြီး ဝဝဖီးက
ဝရမ်းစာနှင့် အပါချသည်
လိုက်ရတော့မယ်
လက်ထိပ်ငယ်နှင့်

စပိတ်မှာ ၁
ဒိုင်းမွန်းမှာ ၇
ဝင်းပလေးလည်းတိုက်
ဂျိုကာအပူးပါ
ဇလုံစားဖက်စုံ
ဗျက်သည်ပုံမှာ
မထတမ်း ဒေါင်းမိလို့
မောင်ကလေးမောင်သာလိုက်တဲ့
အုတ်ရိုးပတ်လည်နှင့်
အင်းစိန်ဆိုသည် ပြာတဲ့မြို့မှာ ပျို့လွမ်းဖွယ်လေး။ ။

ခက်ဆစ်အဓိပ္ပာယ်
ဗျက် = ဖဲ
ဇလုံစားဖက် = တဇလုံတည်းစားဖော်စားဖက် (ဖဲရိုက်ရာတွင် တဝိုင်း၌ ငါးယောက်ပါ ဝင်ရပြီး ထမင်း တဇလုံထဲ ရောနယ်ကာ ဝိုင်းတွင်လှည့်၍ စားသောက်ကြသည်)

Monday, March 16, 2009

ဂေဟာလူကြီးမြင်းများ မေတ္တာဝေ အမှုရှောင် ကျန်းမာပါစေ

ငပေါဂေဟာရဲ့ လူကြီးမြင်းများအားလုံး ဂေဟာကိုစတင်တည်ထောင်သူ ဖောင်ဒါတဦးဖြစ်သူ အမှုရှောင်ရဲ့ မွေးနေ့ပွဲကို အကြီးအကျယ် ကျင်းပပေးဖို့ အတော်ကို မအားမလပ်ဖြစ်နေကြပါတယ်။ ဒီနေ့ မတ်လ ၁၆ ရက်နေ့ဟာ အမှုရှောင်ကြီးရဲ့ မွေးနေ့ဖြစ်တယ်ဆိုတာကို လွန်ခဲ့တဲ့ တလကျော်ကတည်းက အားလုံး ကြိုသိကြပါတယ်။

ကြိုသိတဲ့အတိုင်းပဲ ကြိုပြီး အလုပ်ရှုပ်ကုန်ကြပါတယ်။ အဲလိုအလုပ်ရှုပ်ကုန်ကြတဲ့အတွက် ပို့စ်တောင် အသစ် မတင်နိုင်လောက်အောင်ပါပဲ။

ဘယ်လိုရှုပ်သလဲ ဆိုတာကို နာယကဂျီး ကြားသိတော်မူတဲ့အတိုင်း (ခွင့်လွှတ်ပါ ဇာတ်သံ .. အဲလေ ယောင်လို့ ထီးသံနန်းသံ နည်းနည်းပါကောင်း ပါပါလိမ့်မယ်။ ဘာလို့ဆိုတော့ နာယကဂျီးက ခုတလော ဘုရင်ရူးရူးနေလို့ပါ)
ဖောက်သည်ချပါမယ်။

နာယကဂျီးက ခုတလော ဘာလို့ ပို့စ်တွေ မရေးကြသလဲဆိုတာကို စုံစမ်းလိုက်တဲ့အချိန်မှာ .. ပထမဆုံး တွေ့တဲ့ သူကတော့ ဗီပုန်း .. အဲ ဂျီပုန်းလုပ်နေတဲ့ တွင်း ၂ ဖြစ်ပါတယ်။ သူ့ရဲ့ မပြီးဆုံးနိုင်တဲ့ (ဘယ်တော့မှလဲ ပြီးမှာမဟုတ်တဲ့ ဝတ္ထုရှည်ကြီးကို အမှုရှောင်ရဲ့ မွေးနေ့အမီ (ဒါက နာယကဂျီးကိုယ့်ဘာသာ ဖြည့်စွက်တွေးတာ) ရေးနေရလို့ ပုန်းနေရတဲ့အကြောင်း၊ နောက်တော့ သူ့ရဲ့ နာမည်ကျော် ကြက်ဥ တဝက်ပြုတ်၊ တဝက်ကျော်ကို လည်း ပေါညီမ ရဲ့မွေးနေ့မှာ လုပ်ကျွေးဖို့ သေသေချာချာလေ့ကျင့်နေကြောင်း၊ ဒါကြောင့် သူ့မှာ မပုန်းချင်ဘဲ ပုန်းနေရပြီး ..ခုလိုပုန်းတာတောင် ငတိက လာလာ နှောင့်ယှက်လို့ တခါတခါ ပွင့်ရကြောင်း (အပြင်ထွက် လာတာကို တင်စားတာပါ) ပြောပါတယ်။

နောက်တယောက်ကတော့ ပြန်ဝင် .. အဲယောင်ပြန်ပြီ ပြန်ဝန်ဖြစ်ပါတယ်။ ဒင်းကတော့ တော်တော့ကို အားကိုး လောက်ပါတယ်။ သူ့အစ်မတော် အမှုရှောင်ရဲ့ မွေးနေ့ပွဲမှာ အများနဲ့မတူ တမူထူးခြားစွာ ဂုဏ်ပြုချင်တာကြောင့် တပြိုင်ထဲ ရည်းစား ၂ ယောက်ထားနည်း လေ့ကျင့်နေပါသတဲ့ (နာယကဂျီးကို တိုးတိုးတိတ်တိတ် အော်ဟစ် အသိပေးလို့ သိရတာပါ) အဲဒီကိစ္စ အောင်မြင်ရင် သူက အမှုရှောင်မွေးနေ့ပွဲကို ၂ ယောက်တွဲနဲ့ တက်ပြီး ဂုဏ် ပြုမယ်လို့ ဆိုပါတယ်။ သို့သော် ကြည့်ရတာ ဒီနေ့ထိပျောက်နေပုံထောက်တော့ အဲဒီ ၂ ယောက်ပေါင်းပြီး ပြန်ဝန် ကြီးကို လုပ်ကြံလိုက်ပြီလား မသိပါဘူး။ ရှာကြပါဦး … ဤကားစကားချပ်။

နောက်တယောက်ကတော့ ငတိပါ။ သူကတော့ အားတက်သရောအရှိဆုံးလို့ ဆိုရပါလိမ့်မယ်။ ငတိနဲ့ ယဉ်ကျေးမှု ဝန်ဂျီးတို့ ၂ ယောက်ပေါင်းပြီး အမှုရှောင်အတွက် မွေးနေ့ကျင်းပဖို့ ဘယ်နေရာ အကောင်းဆုံးဖြစ်မလဲ ဆိုတာ လွန်ခဲ့တဲ့ တလကျော်ကတည်းက လိုက်စုံစမ်းကြပါတယ်။ ဘယ်ဘီယာကောင်းမလဲလို့ လိုက်မြည်း ကြည့်ရ တာလည်း အတော် မူးနေပြီလို့ ဆိုပါတယ်။ အဲဒီလောက်ထိ ချာလပတ်ယမ်းနေတာတောင် လုံးဝ စိတ်တိုင်းမကျ တဲ့အတွက် အတော် ဦးနှောက်စားနေကြပါတယ်။ တကယ်လို့ စိတ်တိုင်းကျနေရာ မတွေ့ခဲ့ရင် ဆက်လက် ရှာဖွေ စုံစမ်း မြည်းကြည့်ဦး မှာ ဖြစ်ပြီး .. မွေးနေ့ပွဲကိုတော့ နောက်နှစ်မှာ ကျင်းပဖြစ်အောင် ကျင်းပပေးမယ်လို့ စီစဉ်နေကြောင်း အတွင်းသတင်း ရရှိပါတယ်။

ငှက်ကထကတော့ တမျိုးပါ။ ဒီနေ့မှာ အမှုရှောင်ရဲ့မွေးနေ့ဖြစ်တာကို လွန်ခဲ့တဲ့ တလကျော်ကတည်းက ကြိုသိပြီး အမှုရှောင်အတွက် မွေးနေ့ကျင်းပပေးဖို့ အလုပ်ရှုပ်သလိုလို ဘာလိုလိုနဲ့ ပို့စ်မရေးတော့ဘဲ နှပ်နေပါတယ်။ တချက်ခုတ် ၂ ချက်ပြတ်ဆိုသလို သူ့ကောင်မလေးနဲ့ သူနဲ့ ရီးဇားဖြစ်တာ နှစ်ပတ်လည်နေ့ဖြစ်တဲ့အတွက် အမှုရှောင်ကို မုန့်ဝယ်ကျွေးခိုင်းပြီး လက်ဆောင်တခု မရမကတောင်းမယ် ဆိုတာလည်း အတွင်းသတင်း ရထားပါတယ်။ အမှုရှောင်ဆီက ဓားပြတိုက်လို့ရတဲ့လက်ဆောင်ကို သူ့ကောင်မလေးကို မျက်နှာလုပ်မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်း ပါးတော်မူလိုက်ပါတယ်။ အမှုရှောင်အနေနဲ့ ရှောင်စရာရှိ စောစော စီးစီး ရှောင်နိုင်အောင် ငှက်က ဘယ်သူ့မှမပြောပါနဲ့ဆိုတဲ့အတိုင်း လိုက်နာ ဖောက်သည်ချလိုက်တာ ဖြစ်ပါတယ်။

အသင်းသားချုပ်ကြီးကတော့ အလုပ်ပြုတ်လိုက် ပြန်ရလိုက်၊ တခါ ပြုတ်လိုက် ပြန်ရလိုက်၊ ပြန်ပြုတ်လိုက် ပြန်ရလိုက် ပြန်ပြုတ် ပြန်ရနဲ့ နောက်ဆုံးမှာ ပြန်ရလားမရလားမသေချာဘဲ ပြန်တော့မယ် (ပြည်တော်ကို) လို့ သိရပါတယ်။ ဘာမှန်းကို မသိဘဲ အလုပ်ရှုပ်နေတဲ့ ချုပ်ကြီး ပို့စ်မတင်နိုင်ဖြစ်နေသလို အမှုရှောင်ရဲ့ မွေးနေ့ပွဲမှာ မနွှဲနိုင်သော်လည်း ပြည်တော်ပြန်တဲ့အခါ အမှုရှောင်ဆီက စာအုပ်တွေကိုတော့ သွားငှားဖတ်မယ်လို့ ပြောနေပါတယ် (မှတ်ချက် - ပြန်ပေးမပေး မသေချာတဲ့အတွက် ဆင်ချင်နိုင်ဖို့ အမှုရှောင်အတွက် စကား လက်ဆောင်ပါ)

ဆည်ဝန်တယောက် ရန်ကုန်ရောက်နေပါတယ်။ အမှုရှောင်မွေးနေ့အထိမ်းအမှတ် ရန်ကုန်က ရှိသမျှ မြောင်း အားလုံး ဆည်နေကြောင်း သတင်းရရှိပါတယ်။ ရန်ကုန်ကလူတွေ မြောင်းပုတ်နံ့တထောင်းထောင်း ရနေတယ် ဆိုတဲ့အကြောင်း ဝမ်းမြောက်ဖွယ်သတင်း ကြားသိရပါတယ်။

မွေးရေဝန်ကတော့ အမှုရှောင်ရဲ့မွေးနေ့မှာကျွေးဖို့ ပုစွန်ဆိတ် ၂ ကောင်တိတိ ပို့ပေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပုစွန်ဆိတ် ၂ ကောင်ဟာ ဒီသတင်းကြားကြားခြင်းပဲ ကိုယ့်ကိုယ်ကိုယ့် ရေနှစ်သတ်သေသွားလို့ မွေးဝန် အတော်လေး စိတ်ထိခိုက်နေပါတယ်။

အသင်းသားကေလာကတော့ အမှုရှောင်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ တလလုံးလုံး ဂေဟာသန့်ရှင်းရေး လုပ်လိုက်တာမှာ တံမျက်စည်း ၃၅၈၂ ချောင်း ကျိုးသွားပါတယ်။ ကေလာမမကတော့ ပုဂံတွေ ဆေးတာ ပုဂံ အရေအတွက် ၂ သောင်းကျော်ကွဲသွားကြောင်း သတင်းရရှိပါတယ်။ အဲဒီ အကျိုးအကွဲတွေအတွက် ငတိနဲ့ ငှက်ကထတို့က အလုအယက် အကုန်ခံမယ်ဆိုပြီး ငြင်းရင်းရန်ဖြစ်ကြတာ (ဂျီတော့ကဖြစ်တာဆိုတော့) ငတိရဲ့ ကီးဘုတ်ကြီိး ပျက်စီးသွားတယ် လို့ သိရပါတယ်။

စာမျက်နှာ အခက်အခဲကြောင့် အားလုံးအကြောင်းမရေးနိုင်တာ (တကယ်တော့ လက်ညောင်းလို့ပါ) ခွင့်လွှတ်ပါ။

ဝန်ဂျီးဂျုပ်နဲ့ နာယကဂျီးတို့လည်း အမှုရှောင်ရဲ့ မွေးနေ့အထိန်းအမှတ်အနေနဲ့ လိုအပ်သည်များကို မှာစားရာမှာ ၆၅၃ ဘတ် တိတိ ကုန်ကျသွားပြီး ဝန်ဂျီးဂျုပ်ဆီက ဥပဒေမူကြမ်း တစောင်ထွက်လာတာ မြင်တဲ့အတိုင်းပါပဲ။

ကိုင်း အားလုံးကိုယ်စား နာယကဂျီးက ဆုတောင်းပေးလိုက်မယ် လောင်းလဗ်စ် သည်ပေါစ်၊ လောင်းလဗ်စ် အမှုရှောင်။ ဘဲချောချောလေးရပါစေသားစ်။

မှတ်ချက် - မှတ်ချက်ရေးတာ အကျင့်ပါနေလို့ပါ။ :) နာယကဂျီးကတော့ ရေးလိုက်တာ စုံသွားတာပဲ ငတိတကောင်လဲ ဘာတွေ ရှုပ်မှန်းကို မသိလို့ နှစ်ရက်လောက် အသည်းအသန် မွေးနေ့ပွဲကို လုပ်ဖို့ကြိုးစားနေတာနဲ့ ငပေါမှာတောင် ဘာမှ မလုပ်နိုင် မွေးနေ့ လုပ်ပေးတဲ့ နာယကဂျီးကို ကျေးဇူး ကမ္ဘာလုံးပါ။ အခုလို အဖွဲ့သားတွေ ရင်းရင်းနှီးနှီး ရှိစေချင်တာ အားလုံးရဲ့ ဆန္ဒပါ။ ကျန် အဖွဲ့ဝင်များလဲ မွေးနေ့ရောက်ရင် အကြောင်းကြားပါဦးခင်ဗျာ လာရောက် မှာစားစရာလေး ရှိတာ မှာစားရအောင်လို့။ မွေးနေ့ပွဲ အတွက် ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျလဲ ငတိတို့က မမှုပါဘူး။ အဖွဲ့သားတွေ အတွက်ပဲ လုပ်ပေးရမှာပေါ့။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပေါတောတော နေနိုင်ပါစေ ညီရေ။ ဂေဟာမှာလဲ ပိုစ့်ပေါင်းများစွာ ရေးသားနိုင်ပါစေဗျာ။

သဘာပတိ ဖိုးဂျယ်

Wednesday, January 28, 2009

အရေးပေါ်ကြေညာချက်

ကမ္ဘာ့စီးပွားရေးကပ်ကြောင့် တကမ္ဘာလုံးနီးပါး အလုပ်လက်မဲ့ပြဿနာများနှင့် ရင်ဆိုင်နေရရာ ငပေါဂေဟာသို့ စုပြုံအလုပ်လျှောက်လာဖွယ်ရှိ သဖြင့် ယနေ့ ငပေါဘုတ်အဖွဲ့မှ အရေးပေါ်ကြေညာချက်တစောင် ထုတ်ပြန် လိုက်သည်။

၁။ ငပေါဂေဟာသည် အဖွဲ့ဝင်နှင့် ဝံဂျီးများအားလုံးကို လစာ ဒေါ်လာငွေ သန်းနှင့်ချီ၍ ပေးနေသောကြောင့် လည်းကောင်း၊ ပါမစ်များ ဖောချင်းသောချင်း ချပေးနေသောကြောင့် လည်းကောင်း၊ မည်သည့် စီးပွားရေးကပ်ရှိသည်မဆို၊ မည်သို့ပင် ပေါက်ကရလုပ်လုပ် မည်သူ့ကိုမျှ အလုပ်မဖြုတ်သောကြောင့် လည်းကောင်း ဂေဟာသို့ ဝင်လိုသူများ တနေ့ထက်တနေ့တိုးပွားလျှက်ရှိရာ ယခုဆိုလျှင် ဝံဂျီးများ စုံသလောက် ဖြစ်နေပြီ ဖြစ်သည် (ထို့အတွက် ငပေါလူကြီးမြင်းများက ဝမ်းသာအားရ ဖြစ်မိပါသည် - ဤကား စကားချပ်)

ထို့ကြောင့် ယနေ့မှစ၍ ၅ ရက်အတွင်း ဝံဂျီးလျှောက်လွှာလက်ခံခြင်း အစီအစဉ် ပိတ်သိမ်းတော့မည် ဖြစ်သည်။ သို့ရာတွင် ဂေဟာသို့ဝင်လိုသူများ စိတ်မပျက်ရန်အလို့ငှာ နောက်ထပ် ရာထူးများ စီစဉ်ထားပါသည်။ ယနေ့မှ စ၍ ဒုဝံဂျီးရာဒူးများကို ဦးရာလူ၊ ပေါရာလူစနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည် .. ။

၂။ ငပေါဂေဟာတွင် သမ္မတရာထူး လုံးဝ (လုံးဝ) ခန့်အပ်လိမ့်မည်မဟုတ်ပါ။ မစ္စတာအိုဘားမားကိုယ်တိုင် တောင်းတောင်းပန်ပန်ဖြင့် ငပေါသမ္မတ ခန့်အပ်ပါရန် တောင်းပန်လာသော်လည်း ကျွန်ုပ်တို့ ဘုတ်အဖွဲ့က စိတ်မကောင်းခြင်းကြီးစွာ ငြင်းပယ်လိုက်ပါသည် (ငပေါအဖွဲ့ကငြင်းလိုက်သဖြင့် သူ့ခမျာ အလွန်သိမ်နုတ်သော အမေရိကန်သမ္မတရာထူးကို လက်ခံလိုက်ရခြင်းဖြစ်သည်)

အဘယ်ကြောင့် ဟူမူကား ငပေါဂေဟာတွင် ဘုတ် အဖွဲ့ဟူ၍ ရှိနေရာ ယင်းဘုတ်အဖွဲ့က သမ္မတရာဒူးဂျီး (ဆာဒူးကြီးမဟုတ်) ကို ပူးတွဲတိုင်ပင် နှီးနှော၍ စုပေါင်း ထမ်းဆောင် သွားမည်ဖြစ်သောကြောင့်ပင် (ဒါကတော့ ခေါင်းတခေါင်းထဲထက်စာရင် ခေါင်းများတော့ ကောင်းတယ်ဟူသော နောက်ဆုံးပေါ် ဂလိုဘယ် ပေါ်လစီအရ ဖြစ်ပါသည်) ထိုအကြံကို အမေရိကန်နိုင်ငံက ဒေါ်လာ ဘီလီယံနှင့်ချီ ပေး၍ လာဝယ်သည့်တိုင်အောင် ငပေါဘုတ်အဖွဲ့က မရောင်းလိုက်ဘဲ ကိုယ်တိုင်ကျင့်သုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မှတ်ချက်။ ။ ပေါစံချိန်မမီသူများ အသင်းဝင်အဖြစ်သာ လက်ခံမည်။

ဤကား ငပေါဂေဟာ လူကြီးမြင်းများ၏ စေတနာပင်ဖြစ်တော့သည်။ ဂေဟာအဖွဲ့ဝင်များ ကျန်းမာကြပါစေ။ လောင်းလစ်ဗ် ငပေါဗီလာ။

ပုံ/ ငပေါဘုတ်

Saturday, January 24, 2009

နာယကဂျီး၏ ၁/ ၂၀၀၉ ဆူပွက်သံ

ဒီတလောမှာ နာယကဂျီးလည်း မအားတာနဲ့ ဂေဟာမှာ ဘာဖစ်မှန်းကို မသိတာ။ ဂျီတော့ကိုဖွင့်လိုက်တော့မှ တွင်း ၂ က နာယကဂျီး ရှင်းပေးတော့ နာယကရှင်းမှ ရတော့မယ် ဆိုတာလေးတွေ့သကွဲ့။ ဒါနဲ့ နာယကလည်း တံပျက်စည်း တချောင်းနဲ့ ဂေါ်ပြားယူပြီး ဂေဟာကို ပြေးတာ ခုလို ပေါက်ကရလေးဆယ်တွေ တွေ့တော့တာပဲ။ ကိုင်း ရှင်းမယ် ..

၁။ မွေးဝံ .. ဂေဟာမှာ ဝင်ပေါက်ပဲရှိတယ် ထွက်ပေါက်မရှိဘူး ငှဲငှဲ။ အလကားနေရင်း ဝံဂျီးတယောက်ကို အထွက်ခံလို့ဖြစ်မလား။ လူစည်အောင်မနည်းလုပ်ထားရတာ။ တွင်း ၂ ကိုမြင်ဖူးသလောက်တော့ ဓာတ်တိုင်လေး အအေးမိထားသလို ရှက်တက်တက် ကောင်ကလေးပါ။ ပြောမှာဆိုမှား တကြိမ်တခါရှိရင် ခွေးလွှတ်လိုက်။ ဟုတ်ပြီလား။ နာယကဂျီး ကိုယ်တိုင်လည်း ရစရာမရှိအောင် ဆူလိုက်ဦးမယ်။ စိတ်ချ .. ပြီးတော့ မွေးဝံအတွက် လက်ဆောင် ငသလဲထိုး ၂ ကောင် ပို့ခိုင်းပေးလိုက်မယ်။ ထွက်စကား နောက်တခါ ပြောရဲပြောကြည့်။ အင်း ပြောရဲပြောကြည့် ဘာလုပ်မယ်ဆိုတာတော့ မစဉ်းစားရသေးဘူး။ ပြောရဲရင် ပြောကြည့်လိုက်ပေါ့ကွာ ...။

၂။ လယ်ယာပြန်စားရေးဝံဂျီးရေ ... ဂေဟာမှာ လယ်ယာက ပြန်စားပြီး အိပ်နေလို့ရတယ်။ အလုပ်မလုပ်ဘဲနဲ့ လစာလည်းအပြည့်ပေးတယ်။ မလောက်ဘူးလား ဒေါ်လာ တသန်း ထပ်ယူ ဟုတ်လား။ ပါမစ်တွေလည်း ချပေးတယ်။ ဟန်းဖုန်း ဘယ်နှလုံးလိုချင်လဲ။ ဖယ်ယာရီစီးချင်လား၊ စီဒိုးနားမှာပဲ နေ့လည်စာစားချင်လား၊ အွန်စောကို ဒရိုင်ဘာခန့်ချင်လား အားလုံးလုပ်လို့ရတယ်။ တခုတော့ရှိတယ် .. အဲဟို လူတည်ဂိုဏ်းတွေနဲ့ ပတ်သက်လို့တော့ မဖြစ်ဘူး။ လူတည်ဂိုဏ်းက ငပေါဂေဟာက လူကြီးမြင်းတွေကို လုပ်ကြံဖို့ချောင်းနေလို့ တွင်း ၂ တို့ ယဉ်ဝံတို့တောင် တွင်းအောင်းပြီး သိုင်းကျင့်နေရတာ။ အဲဒါတော့ သီးခံ ဟုတ်ပြီလား။ အောင်မငေး မောလိုက်တာ .. ကဲ ဟိုကောင်လေး ဘေယောင်ဂျွန်း ... အလိုက်ကို မသိဘူး .. ရေလေးတခွက်လောက် ခပ်ပေးပါဟ ... အဲလိုပဲ .. ခိုင်းမှပဲ သိတော့တယ် ..

ကဲ ဆက်ရှင်းမယ် ငတိ၊ တွင်း ၂၊ ဘလာဘလာ ဘလာ ....

တခုခုဆို စိတ်ကလှုပ်ရှားပြီ .. အော်မယ် ဟစ်မယ်နဲ့ သူတို့ကိုယ်သူတို့ လေးဖြူနဲ့ မျိုးကြီးများ မှတ်နေလား မသိဘူး။ ပြီးရင် အပြောအဆိုက မတတ် ... မှားပြောမိ .. ဒါနဲ့များ မိန်းမကယူချင်သေးတယ်။ ကဲ ဆူပစ်လိုက်ပြီ မှတ်ပြီလား။ ပြဿနာက ရှင်းရှင်းလေး ... လူတည်ဂိုဏ်းက ချာတိတ်တွေကိစ္စများ ဂေဟာက ဝန်ဂျီးဂျုပ် တယောက်နဲ့တင်ဖြစ်တယ်။ ဘာမှ ကြောက်မနေကြနဲ့။ ဝန်ဂျီးဂျုပ်က ဂျက်လီနဲ့ ညီအစ်ကို ဆယ့်နှစ်ဝမ်းကွဲ တော်တယ်ဆိုတာ မသိကြဘူးလား။ သူ တချက်ကလိထိုးပဲရှိတယ်။ မလောက်ရင် အသင်းသားဂျုပ်ကြီးကို ထည့်ပေးလိုက်။ သူက တချက်လောက်မျက်လုံးပြူးပြလိုက်ရင် အားလုံး ထွက်ပြေးမှာ။ ဒါမှ မလောက်သေးရင် အမှုရှောင်လည်းရှိတယ် .. သူလည်း ဝိုင်းပြူးပြလို့ရတယ်။

ပြင်ညာရေးဝံဂျီး မမ ရေ .. အင်္ဂမာကိတ်စနဲ့ မအားဘူးဆိုတာ သိပါရဲ့ .. သို့သော် ကလေးတွေကို ပစ်မထားပါနဲ့ .. တနေ့တခေါက်လောက်တော့ လေယာဉ်လေး စီးလုံးငှားပြီး သွားကြည့်ပေးပါဦး။ စားရိတ်ကတော့ ဂေဟာကထုတ်ပေါ့။ ချက်ရေးပေးထားတာ ရှိသေးတယ်မဟုတ်လား .. ဒေါ်လာ သုံး လေး သန်းကတော့ နာယကဂျီးအသေးသုံးထဲကပဲ ယူသွားလိုက်ပါနော် .. ။

ငှက်ကထတို့က ဘာမှမသိဘူး။ ပုဆိုးကွင်းသိုင်းပြီး မူးနေဖို့ပဲသိတယ်။ ဂေဟာမှာ ဘာဖြစ်နေလဲ ဆိုတာ နည်းနည်း စနည်းနာပါဦး။ ကျော်ခွဝင်ရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျော်ခွလို့မရရင် လှေခါးလေး ဘာလေး ထောင်ဝင် .. ခွေးတိုးပေါက်လေးဘာလေး ရှာဝင်ပေါ့ ... ခေတ်ဆွေး နာယကဂျီးက ဒါတွေလိုက်ပြောနေရတာ မဟုတ်သေးပါဘူး။

ရှိသေးတယ် ပျံကျားရေးဝ .. ပန်းချီတကားလောက် ဂေဟာမှာချိတ်ဖို့ ပို့ပါဆိုတာ မပို့ဘူး။ ဘာလဲ အလကား တောင်းတယ်ထင်လို့လား ... ။ အပေါ်မှာ ဟိုလူတွေကိုတောင် ဘယ်လိုပေးထားတယ် ဆိုတာ သိတယ်နော်။ ယူသွားချည် .. စာရင်းတွေဘာတွေ လုပ်မနေနဲ့။ တခုတော့ရှိတယ် .. ဆောက်လုပ်ရေးဝံဂျီး .. ကြုံတုန်းလေး ဆူဦးမယ် .. ဘာဆူရမယ်မှန်းတော့မသိဘူး။ သိပြီ ဂေဟာသူ ဂေဟာသားတွေ ပျော်ရွှင်ရအောင် ဆောက်လုပ်ရေးဝံဂျီးရဲ့ နှာခေါင်းဒီဇိုင်းပြိုင်ပွဲ လေးဘာလေး လုပ်လေ။ ထောက်ချုပ် .. ယမမင်း .. ဆည်မြောင်း .. ဆက်သွယ်ရေးဝံ ... မပြောရင်မပြောသလို ငြိမ်နေကြ ... ပိုက်ဆံမရှိရင်လည်း ဘဏ်ထဲက ထုတ်သုံးကြပေါ့ .. ခက်တာလိုက်လို့ .. နာယကဂျီးအပြောကိုပဲစောင့်နေကြလားမသိဘူး ... ။ သြော် ကျန်သေးတယ် ကေလာကောင် .. အိပ်ချည်းပဲမနေနဲ့ဦး .. ဂေဟာမှာ နာယကဂျီးတယေက်တည်း တံပျက်စည်းလှဲနေရတာ .. ဝိုင်းလှဲပေးဦးလေ။ ကျန်တဲ့သူတွေလည်း နာယကဂျီးက နာမည်တပ် မဆူလို့ စိတ်မကောင်းဖြစ်မနေကြနဲ့ .. ဆူတယ်လို့ သဘောထားလိုက် ဟုတ်ပြီလား ...။

ကဲရှင်းပြီးပြီ .. အားလုံး နေမြဲ၊ စားမြဲ၊ သောက်မြဲ၊ အိပ်မြဲ၊ မဟုတ်တာလုပ်မြဲ၊ မူးယစ်သောက်စားမြဲ၊ .. ပေါက်ကရ ရှစ်ဆယ် ပြောမြဲ ... လုပ်ကြပေတော့။ နာယကဂျီး ပျံဘီ ...။

ရေးသူ .. နာယကဂျီး

Monday, January 19, 2009

ငှက်ကထကြီး ရန်ကုန်ဘလော့ဂါများအား သွားရောက်တွေ့ဆုံ၊ လိုအပ်သည်များ မှာစား၊ မူးရမ်းခဲ့

မြန်မာပြည်တွင် ချစ်ကြည်ရေးခရီးစဉ် အလည်အပတ် ရောက်ရှိနေသော… အိပ်မက်ပြည့်ရှင် ဆရာမကြီးမက်မက်၏ ဖိတ်ကြားချက်အရ… ရန်ကုန်ရှိဘလော့ဂါများ၏ မိတ်ဆုံပွဲသို့ တက်ရောက်သော ငပေါများဂေဟာ ငှက္ကဋ္ဌကြီးမောင်အန်ဒီသည် ရေချိန်လွန်ကဲ သွားသောကြောင့် အိမ်ပေါ်သို့လေးဘက်ထောက်တက်ရကြောင်း သတင်းရရှိသည်။

သတင်းအစုံလင်မှာ… စင်ကာပူရှိ အိပ်မက်ပြည့်ရှင်ဆရာမကြီးမက်မက်သည် ပြည်တွင်း (ရန်ကုန်မြို့) ရှိ ဘလော့ဂါများ ရင်းနှီးကျွမ်းဝင်စေရန် ရန်ကုန်မြို့ မလျှို့ဝှက်တဝှက် တစ်နေရာ၌ပြုလုပ်သော ဘလော့ဂါများတွေ့ဆုံဧည့်ခံပွဲ၌ ငပေါများဂေဟာ ကိုယ်စားလှယ်များ အဖြစ် ငပေါများဂေဟာ၏ ဂုဏ်ထူးရှော်ငှက္ကဋ္ဌကြီးမောင်အန်ဒီနှင့် လူဝံမှုကြီးကြပ်ရေး (မျောက်ဝံမဟုတ်ပါ) ဝန်ကြီး ဂျူဝသုန်(ခေါ်) ခပ်ညံ့ညံ့ကောင်တို့တက်ရောက်ကြသည်..။

အဆိုပါဧည့်ခံပွဲသို့ ရန်ကုန်ရှိအားယားနေသော ဘလော့ဂါများ၊ အချို့မှာ မအားသော်လည်း ကျွေးမွေးဧည့်ခံစရိတ်ငြိမ်းဖြစ်သဖြင့် "နိပ်ဟ" ဟု အတင်းအားကာ တက်ရောက်လာသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်…။

ပထမဦးစွာ စီစဉ်သူဆရာမကြီးမက်မက်မှ ပွဲကျင်းပရခြင်းအကြောင်းရင်းကို အနည်းငယ် ရှင်းလင်းပြောကြားပြီးအခမ်းအနားကို ကော်ဖီများကိတ်မုန့်များဖြင့် စတင်ဖွင့်လှစ်၏…။ ထို့နောက် တက်ရောက်သူတစ်ဦးချင်းဆီမှ မိတ်ဆက်စကား အနည်းငယ်မြွက်ကြားကြသည်။ ထို့နောက်ဘလော့ဂါများမှာ အွန်လိုင်းတွင်သာ အချိန်ကုန်ကြပြီး ရန်ကုန်မြို့ကိုမရောက်ဖူးသော
တောသားများဖြစ်ကြသောကြောင့် ဆရာမကြီးမက်မက်မှနေ၍ ဘလော့ဂါများအား
ရန်ကုန်မြို့အနှံ့မော်တော်ကားဖြင့် လှည့်လည်ပြသပြီး ကန်တော်ကြီးတွင်
ဂိမ်းကစားနည်းများဖြင့် တည်ခင်းဧည့်ခံပြန်၏…။

ထို့နောက်နောက်ကျမှရောက်ရှိလာသော (စီစဉ်သူတစ်ဦးလည်းဖြစ်သည့်) လူဝံမှုဝန်ကြီး ဂျူဝသုန်(ခေါ်) ခပ်ညံ့ညံ့ကောင် မစားမသောက်လိုက်ရသည်ကို စာနာထောက်ထားပြီး ၄င်းမိတ်ဆုံစားပွဲကို ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်နှင့် မလှမ်းမကမ်းရှိ လေးဘမ်းဟိုတယ်သို့ ပြောင်းရွှေ့ကြပြန်၏…။ (အမှန်မှာ သူလာလာမလာလာ ၁၉လမ်းသို့ ရွှေ့ကြမည်သာတည်း။ ဤကားစကားချပ်)

ထိုလေးဘမ်းဟိုတယ်တွင် မိန်းကလေးများအတွက်စားဖွယ်ရာများနှင့်ရေခဲရေ…၊
ယောင်္ကျားလေးများအတွက် ဝီစကီနှစ်တောင့်နှင့် ဘီယာသောက်ချင်သလောက်
စီစဉ်ပေးထားလေရာ… အလုပ်ပြုတ်၊ ဘိုင်ကျ၊ လောလောဆယ်မိဘလုပ်စာ ထိုင်စားနေရရှာသော ငပေါများဂေဟာငှက္ကဋ္ဌကြီးမောင်အန်ဒီခမျာ "မသောက်ရတာကြာပြီ။ ယနေ့တော့ အလှူရှင်ဒါယကာတွေ့တုန်းနှံလိုက်မည်" ဟူ၍နှံလိုက်ရာ အလုပ်ပြုတ်၊ ဘိုင်ကျ
မသောက်တာကြာပြီဖြစ်သဖြင့်"လစ်မစ်"ကျဆင်းလျက်ရှိနေသောကြောင့်…
စည်ဘီယာလေးခွက်နှင့် ဝီစကီလေးပက်မျှအကုန်တွင် ဦးခေါင်းအဝီစိထိုးနေသဖြင့်
(လူဝံမှုဝန်ကြီး၏အဆိုအရ) တက္ကစီပေါ်သို့ ထမ်းတင်ပေးလိုက်ရသောဟူသတတ်…။

ငှက္ကဋ္ဌကြီး၏ပြောရေးဆိုခွင့်ရ ကိုယ်ရေးအတွင်းရေးမှုး လီဒါဟေးကမူ
ထိုမှအပြန်တွင် ငှက္ကဋ္ဌကြီးမှာ အိမ်ပေါ်သို့လေးဘက်ထောက်ပင်တက်ရကြောင်း…၊
သို့ရာတွင်နောက်နေ့ အိမ်ပေါ်မှလေးဘက်ထောက် မဆင်းရသည်မှာကံကောင်းကြောင်း…။
ယခုအခါတွင် ငှက္ကဋ္ဌကြီးမှာ အခြေအနေကောင်းမွန်စွာရှိနေကြောင်း…၊ သို့ရာတွင်
ဘိုင်ကျရောဂါစွဲကပ်နေသဖြင့် အွန်လိုင်းနှင့် ငပေါဂေဟာအရေးကိုလောလောဆယ်
လှုပ်ရှားဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စသည်ဖြင့် ရှင်းလင်းဖြေကြားသည်…။

နောက်ဆက်တွဲသတင်းအနေဖြင့်အဆိုပါ ဧည့်ခံပွဲအပြီး (ငှက္ကဋ္ဌကြီးပြန်အပြီး အတန်ကြာမှပြီး) တွင် ငပေါဂေဟာ၏ လူဝံမှုဝန်ကြီးမှာ ရေချိန်အဆမတန်လွန်ကဲသဖြင့် ထမ်းစင်ဖြင့်ပင် ထမ်းထုတ်ရကြောင်းကိုလည်းခိုင်လုံသော သတင်းရပ်ကွက်များမှသတင်းရရှိသည်…။
ထိုပွဲတွင်ထမ်းထုတ်ရသောဘလော့ဂါ အများအပြားပင်ရှိကြောင်းကို အဆိုပါ လေးဘမ်း ဟိုတယ် ရှိ အမည်မဖေါ်လိုသူ ဝန်ထမ်းတစ်ဦးမှလည်းပြောကြားသည်..။

မှတ်ချက်။ ။ ငှက်ကထဂျီးနှင့် လူဝံမှုကြီးကျပ်ရေးဝံဂျီးတို့၏ စွမ်းစွမ်းတမံ ဆောင်ရွက်ချက် များအတွက် ဂေဟာက အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း .. ရှေ့ဆက်၍ ဒီ့ထက်ပိုမို စွမ်းဆောင်ကြရန် နာယကဂျီးမှ ဝင်ရောက်နှမ်းဖြူးပဏာယူလိုက်သည်။

Thursday, January 15, 2009

ငပေါ ဝန်ဂျီးဂျုပ် ခန့်အပ်ကြောင်း သဝဏ်လွှာ

တနေ့သ၌ ကျွန်ုပ်သည် အားအားရှိခိုက် ဘလော့လောကတခွင်ပြဲပြဲစင်အောင် လမ်းသလားနေစဉ် သူ့ကို ဂျက်လီနှင့်တူသည်ဟု မြှောက်ပေးသူများ ရှိကတည်းက မျက်မှန်နက်ကို မချွတ်တမ်းတပ်ခါ ကုတ်အင်္ကျီလိုလို ဂျာကင်လိုလို အနက်ရောက် အင်္ကျီပွပွကြီးကိုဝတ်လေ့ရှိသူတဦး ကျွန်ုပ် အနားသို့ ချဉ်းကပ်လာလေသည်။

ဂျက်လီ။ ။ ဒီမှာ ... ခင်ဗျားက ငပေါများဂေဟာ ဆိုတာရဲ့ နာယကကြီးမှတ်တယ်။ ဟုတ်တယ် မဟုတ်လား။ ဟုတ်မှာပါ။ ခင်ဗျားကြည့်ရတာ အတော်ပေါပုံပဲ။ ခင်ဗျားရဲ့ ပေါပုံပေါနည်းကြည့်ရတာလည်း တော်တော် ပေါသက်ရင့်နေပုံဆိုတော့ ဒါ နာယကကြီးပဲ ဆိုတာ ကျနော်အတတ်ပြောနိုင်တယ်။

နုပ်။ ။ ဟုတ်လိုက်လေ ကိုဂျက်လီရယ်။ ကျွန်ုပ်ဟာ ဟောဒီဘလော့လောကရဲ့ အထင်ကရ ငပေါဂေဟာကြီးက ခေတ်ဆွေးငပေါ နာယကကြီး ဖြစ်တော့သကိုး။ ကဲ ဘာကိစ္စ။

ဂျက်လီ။ ။ ဘာရယ်မဟုတ်ပါဘူးဗျာ။ ကျုပ်လည်း ရာထူးတနေရာ လိုချင်လို့ပါ။

နုပ်။ ။ အင်း ကိုဂျက်လီကြည့်ရတာလည်း တော်တော် ပေါနိုင်မယ့်သူပဲ။ ဘာလို့ ဂေဟာကို ဝင်ချင်တာလဲ။

ဂျက်လီ။ ။ ဝင်ချင်တာ မဝင်ချင်တာက အသာထားပါဗျာ။ ကျုပ်က ဝန်ကြီးတနေရာ ရချင်တာ။

နုပ်။ ။ ဝန်ကြီးတွေကတော့ မြင်တဲ့အတိုင်းပဲလေ။ လူက ပြည့်သလောက်ရှိနေပြီ။ အဲဒီတော့ ကိုယ့်ဘာသာစဉ်းစား။ ဘာဝန်ကြီး လုပ်ရင် ကောင်းမလဲဆိုတာကို။

ဂျက်လီ။ ။ တကယ်ကတော့ လယ်ရာပြန်စားရေး ဝန်ဂျီးလုပ်ချင်တာဗျ။ ဒါပေမယ့် သူများ ဦးသွားပြီ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အဲ သိပြီ ခင်ဗျားတို့ ဂေဟာမှာ ဝန်ကြီးဂျုပ်လစ်လပ် နေတယ်။ ကျုပ် ဝန်ကြီးဂျုပ် လုပ်မယ်ဗျာ။

ကျွန်ုပ် အလွန်အင်မတန်မှ အံ့သြသွားသည်။ အနှီရာထူးကို ကျွန်ုပ်တို့ တခါမှ မစဉ်းစားစဖူး။ ထိုသို့သော ရာထူးမျိုးကို ဤပုဂ္ဂိုလ်ကျော်က သတိတရ ရှိသွားချေပြီ။ ထိုကိစ္စအတွက် ကျွန်ုပ်တို့ အရေးပေါ်စည်းဝေး ခေါ်မှဖြစ်တော့မည်။ ကျွန်ုပ်တို့ ငပေါဂေဟာ ဘုတ်အဖွဲ့ဝင်များအနက် ကျွန်ုပ်၏ ဂျီတော့ထဲတွင် မီးစိမ်းနေသူမှာ ထိုအချိန်က မြန်မာပြည်က ပြန်ရောက်ခါစ ရုံးတွင်ဖင်မြဲနေသော တွင်းတူး ဗီလိန်သာ ရှိလေသည်။ ထို့ကြောင့် ကျွန်ုပ်လည်း မနှောင့်ယှက်ပင် မနှောက်ယှက် ချင်သော်ငြား ထုံးစံအတိုင်း ပလုံ ပလုံ လုပ်လိုက်ရချေသည်။ အိပ်မှုံစုံမွှား မျက်ချေး ဗလပြစ်ဖြင့် ထလာသော တွင်းတူးမှာ ကျွန်ုပ်ကို ကြိမ်ဆဲချေရော့မည်။ သို့သော် ဒါက ဂေဟာ ကောင်းကျိုးမဟုတ်တုံလော။

တွင်းတူး။ ။ ဘာတုန်း အစ်မဂျီးရာ ရှုပ်လိုက်တာ ဒီမှာ အိပ်မက်ထဲ အွန်စောနဲ့ ...။

နုပ်။ ။ အွန်စောနဲ့သာပြောနေ နင့်မီးကလင်းနေတာဟ။ အိပ်ချင်လည်း မီးပိတ်ပြီးမှ အိပ်ပေါ့။ နင်တို့စင်ကပူရမှာ မီးခတွေ ဈေးက ကြီးကကြီးသနဲ့။

ထိုအခါ တွင်းတူးမှာ ခဲပေါင်းများစွာ မှန်ထားသော သံဓာတ်တိုင်ကြီးကဲ့သို့ ရှုံ့တွ လိန်တွန့်ရင်း ပျင်းကျော ဆွဲလေသည်။

နုပ်။ ။ ဒီမှာ အသင်းကိစ္စ အရေးပေါ်ပြီဟေ့။ ခု ဝန်ကြီးဂျုပ် လျှောက်ချင်တဲ့သူ တယောက် ပေါ်လာပြီ။ အဲဒါတိုင်ပင်ချင်လို့။

တွင်းတူး။ ။ ဟမ် .. ဟုတ်လား။ အဲ့ရာထူးကို ကျနော်တို့တောင် မစဉ်းစားမိပါလား အစ်မဂျီးရဲ့။

နုပ်။ ။ အေးလေ တို့ဂေဟာရဲ့ပေါ်လစီကိုက ကိုယ်ဦးကိုယ်ယူစနစ်မဟုတ်လား။ ကိုယ်တော် ကြောင်းကို ကိုယ်ပဲသေချာသိတာဆိုတော့ ခု ဒီလူကလည်း သူ့ကိုယ်သူ အရမ်းတော်တယ်ပြောနေတယ်။ ကြည့်ရတာ ငါတို့ နင်တို့နီးနီးတော်ပုံပဲနော် … (တွင်းတူးမှာ ညစ်လိန်လိန်နေသဖြင့် အနည်းငယ် ပင့်ပေးလိုက်ရသေးသည်)

တွင်းတူး။ ။ အဲဒါတော့ ဟုတ်ပါပြီလေ။ သို့သော် သူက ကျနော်တို့ထက်များ ရာထူးကြီး သွားမလား။ ဟိုလူတွေလည်းစိုးရိမ်မှာပဲနော်။

နုပ်။ ။ ဒီကိစ္စ ငါရှင်းပါ့မယ်။ လွယ်လွယ်လေး။ ခေါက်ဆွဲပြုတ်တာထက်လွယ်တယ်။ သူက ဝန်ကြီးတွေရဲ့ အထက်မှာရှိပေမယ့်။ ငါတို့ ဘုတ်အဖွဲ့ရဲ့အောက်မှာပဲ ငှဲငှဲ။

တွင်းတူး။ ။ ဒါဆိုရင်တော့ဖြစ်ပါတယ်။ နောက်တခုက ခု ငတိ မအားလို့ ကျုပ်တယောက်တည်း ဂေဟာအလုပ်တွေ လုပ်နေရတယ်။ အဲဒါသူ့ကိုပါ ညာတာပါတေးနဲ့ ဘုတ်အဖွဲ့ထဲထည့်ပြီး လုပ်ခိုင်းရရင် ကောင်းမှာပဲ။

နုပ်။ ။ ဖြစ်ပါတယ်။ ဒါဆို ခန့်လိုက်တော့မယ်နော်။ ငှဲငှဲ ငါတို့ဂေဟာက ဟိုအစိုးရသစ်ထက် ဝန်ကြီးဂျုပ်စောခန့်တာဟ။ တော်ကြာ သူတို့ကဝန်ကြီးဂျုပ်ရွေးပြီး ငါတို့မှာ ဝန်ကြီးဂျုပ်မရှိရင် ဘယ်ကောင်းမလဲ။ လူရိုသေ ရှင်ရိုသေ သဘောနဲ့ ခန့်တယ်ပဲ ထားပါတော့ဟာ။ သူလည်း တော်တော် ပေါသက်ရှိတဲ့ သူတယောက်ပါ။ သူဘယ်လောက်ပေါကြောင်း သူ့ကိုယ်သူ ထောက်ခံထားတယ်။ မျက်မှန်နက်ကြီးနဲ့ ကုတ်အင်္ကျီမည်းကြီးနဲ့ မသိရင် အမေရိကန် ဂိုဏ်းစတားလိုလို ဘာလိုလိုနဲ့။ ဝန်ဂျီးဂျုပ်က ခုလိုပုံနဲ့ဆိုတော့ လူရှိန်တာပေါ့ဟာ။

တွင်းတူး။ ။ အိုကေ အစ်မဂျီး။ ချဗျာ။ ကျုပ်လည်းသက်သာ ဂေဟာလည်း လူတိုး ဘယ်လောက် အဆင်ပြေလဲ။

တွင်းတူးသည် သူမလုပ်ရပြီးရော ဆိုသည့်သဘောဖြင့် လျှင်မြန်စွာ ထောက်ခံလေသည်။ ကျွန်ုပ် နာယကဂျီးသည် အလွန့်အလွန်မအားလပ်သည့် ကြားမှ ဂေဟာအကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင် ချင်သော ဆန္ဒဖြင့် ဘုတ်အဖွဲ့ဝင်များထံ စာလွှာတော်ဂျီးများကို လျှင်မြန်စွာ လွှတ်လိုက်လေရာ .. လူကြီးမြင်းများထံမှ ထင်ထားသည့်အတိုင်း (ဖတ်ပင်ဖတ်ရဲ့လားမသိ) ထောက်ခံပါသည် ဟူသော စာများ ပလူပျံအောင် ရောက်ရှိလာလေတော့သည်။

နုပ်။ ။ ဟဲ့ဒါဆို ငါကြေညာလိုက်တော့မယ်နော်။

တွင်းတူး။ ။ ကောင်းသလိုလုပ်ပါဆိုဗျာ။ နောက်ထပ်လာမနှောက်ယှက်နဲ့တော့။

ထိုအခါ ကျွန်ုပ်မှာ တွင်းတူးဘက်မှ ကိုဂျက်လီဘက်သို့ လှည့်ရပြန်သည်။

နုပ်။ ။ ကိုဂျက်လီရေ။ ခု ကိုဂျက်လီကို ဝန်ဂျီးဂျုပ်ခန့်ပြီ။ ကဲ ဂေဟာကိုသွားပြီး အဖွဲ့သားတွေနဲ့ တွေ့ ပေါနိုင်သမျှသာ ပေါပေတော့ဗျို့။ တခုတော့ရှိတယ်နော် နာယကဂုဏ် ၇ ပါးဆိုတာ ရှိတယ်တဲ့ ..။ တကယ်က ၆ ပါးပါ။ အဲဒီ ၆ ပါးလုံး ကျွန်ုပ်မသိလို့ ကိုယ့်ဘာသာ တပါးထပ်ထည့်ထားတာ။ အဲဒီထပ်ထည့်ထားတဲ့ ဂုဏ်က “ပေါဂုဏ်” တဲ့ .. ကျွန်ုပ်ရဲ့ ဘော်ဒါဖြစ်တဲ့ ကိုဂျက်လီအနေနဲ့ နာယကဂျီး ရဲ့ပေါဂုဏ်ကိုတော့ မဖျက်စီးစေချင်ဘူး။

ဂျက်လီ။ ။ ဟာ ဟုတ်ပြီဗျို့ ...။ စိတ်ချ၊ မပျက်စေရဘူး။ နာယကကြီးရဲ့ ပေါဂုဏ်တွေ တိုးတက် စေရမယ်။ ကမ္ဘာပေါ်မှာရှိရှိသမျှ ဝန်ဂျီးဂျုပ်တွေထက် ပေါမယ်။ အပေါတကာ့ထွတ်ခေါင် ပေါမင်းနောင် ဖြစ်အောင်ကို ပေါပါမယ်။ ကျနော့်ထက်ပေါတဲ့ ဝန်ဂျီးဂျုပ်ပေါ်လာရင် အမြစ်ဖြုတ်ပစ်မယ်။ ဒန်ဒန့်ဒန် …။

ကိုဂျက်လီမှာ မြန်မာ့ဂီတကိုလည်း ဝါသနာထုံသူတဦးဖြစ်ပေရာ … ပါးစပ်ဆိုင်းတီး၍ ကွေးနေအောင် ကရင်း ကျွန်ုပ်အနားမှ ပျော်ရွှင်စွာ ထွက်ခွာသွားလေတောသည်။

ငပေါဂေဟာ၌ ဝန်ဂျီးဂျုပ်သစ် ခန့်အပ်ခြင်းအစီအစဉ် ဤတွင် ပြီးဆုံးပါပြီ။

Monday, January 5, 2009

အစွမ်းကုန်ပေါခြင်း

မလွတ်မလပ်ရေးနေ့ဂုဏ်ပြုနေ့လည်စာစားပွဲ
ယမန်နေ့မလွတ်လပ်ရေးနေ့တွင် ပေါဂိုဏ်းသူဂိုဏ်းသားများ၏ ဂုဏ်ပြု နေ့လည်စာစားပွဲ တစ်ရပ်ကို စင်္ကာပူရှိ နာမည်ကြီး Fullerton ဟိုတယ်တွင် အကြောင်းရှာ၍ ကျင်းပခဲ့ရာ ဖိတ်ကြားထားသော အထူ (အပါးမဟုတ်ဘူးနော် ခပ်ထူထူဧည့်သည်တွေပြောတာ) ဧည့်သည်တော်များနှင့် ပေါဂိုဏ်းသူဂိုဏ်းသားများ မစုံညီစွာ တက်ရောက်ခဲ့ကြသည်။
တွင်းတူးဗီမှာ ပြည်တွင်းပြန်၍ လမ်းပျောက်မြေပုံခုနစ်ချက်ကို သွားခိုးနေပါသဖြင့် မတက်ရောက်နိုင်ကြောင်း (သွားဆွဲတာ ဆွဲလို့မရသောကြောင့် ခိုးခြင်းဖြစ်သည်။ ခိုး၍မရလျှင် လုမည်ဟု သတင်းရရှိသည်) ထို့အတူ နိုင်ဂံဂျားရေးဝန်ဂျီးငပတ်မွှေမှာလည်း ပျဉ်းမနား မျှစ်ချဉ်များ စားမိသောကြောင့် ဝမ်းလျှောနေပါသဖြင့် နေ့လည်စာစားပွဲ မတက်ရောက်နိုင်ရာ သဘာငတိမှ ၎င်းတို့၂ဦးစာကို ပါဆယ် ဆွဲသွားခဲ့သည်ဟု သတင်းရရှိပါသည်။

ထိုနေ့လည်စာစားပွဲ၌ ၂၀၀၈နှစ် အတွက် အပေါဆုံးဆု ရရှိထားသော ငှက္ကဌကြီး နှင့် နာယက ဂျီးတို့က ကျေးဇူးတင်စကားများ ပြော်ကြားခဲ့ကြသည်။ ငှက်ကထကြီး နှင့် နာယကဂျီး တို့က သူတို့အား တခဲနက်ထောက်ခံခဲ့ကြသော ပေါဂိုဏ်းသူဂိုဏ်းသားများ အား အထူးပင် ကျေးဇူးတင်ကြောင်း၊ နောင်တွင်လည်း ဒီ့ထပ်ပို၍ ပေါဦးမည် ဖြစ်ကြောင်း ပြောကြားကာ ချ ပေး ထားသည့် ဘီယာမလောက်သဖြင့် ထပ်မှာပေးရန် သတိပေးပြောဆို ခဲ့သည်။ ထို့ပြင် ပေါဂိုဏ်းသူဂိုဏ်းသားများအတွက် အပေါကင်းနှင့်အပေါကွင်း တို့ကိုပါ ရွေးချယ်ဖို့ ရှိကြောင်း မစားရဝခမန်းပြောကြားသွားပါသည်။

မလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မွေးမြူရေးဝန်ကြီးက ၎င်း အထူးပြု မွေးမြူထားသော တီကောင်အရှင်လတ်လတ် အကောင် ၁၀၀ ကို ဆည်မြောင်း ဝန်ဂျီး အား လက်ဆောင် ပေးအပ်ခဲ့ရာ ဆည်မြောင်းဝန်ဂျီးထီးရိုးက ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး ယတြာခြေသည့်အနေနှင့် ၎င်းအသစ် စက်စက်ဖွင့်ကာစ ဒန်အိုးဆည်ကြီးထဲ သွားလွှတ် လိုက်သည်ဟု သတင်းရရှိပါသည်။ ဆက်သွယ်ရေး ဝန်ဂျီး ကလည်း အားကျမခံ တက်ရောက်လာသော ဂုဏ်သရေမရှိ (သရေ မရှိ ပေမယ့် ကျန်တာအကုန်ရှိတယ်) လူကြီးမြင်းများအတွက် ကလေးကစားစရာ ဟမ်းဖုန်း တလုံး ကံစမ်းမဲဖောက်ပေးရာ အသင်းသားချုပ်ကြီးခေါင်က ပြိုင်ဘက်မရှိ မဲပေါက် သွားသည် ဟု သိရပါသည်။ ပြန်ကြားရေးဝန်ဂျီး ချမ်းရဲကလည်း ယနေ့ နေ့လည်စာစားပွဲသတင်းကို မှတ်တမ်းဓာတ်ပုံ များဝေဝေဆာဆာဖြင့် ၎င်းပိုင်သတင်းစာဂျီးတွင်ဖော်ပြသွားမည် ဖြစ်သော်လည်း လောလော ဆယ် ထုတ်ဝေခွင့်မကျသေးသဖြင့် ၎င်းယောက္ခမပိုင် မြန်မာ့အမှောင် သတင်းစာဂျီးတွင် အရင် ထည့်သွင်းပေးမည်ဟု ကတိပေး ပြောကြားသွားပါသည်။

ထို့နောက် သဘာငတိကြီးက မိန့်ခွန်းပြောကြားနေစဉ် တဦးတည်းသော အသင်းသား ကေလာမှာ အိပ်ပျော်နေပါသဖြင့် ၎င်းအတွက် ရှယ်ယာများကို အမှုရှောင် နန်းညီက ပါဆယ် ထုတ်ပေးရန် ဟိုတယ်ဝန်ထမ်းများအား တိတ်တဆိတ် ပြောကြားခဲ့သည်ဟု စက်ရပ် ဖောင် ပိတ်သတင်း အနေနှင့် ကြားသိခဲ့ပါသည်။

နိချုန်းဂုတ်အနေနှင့် ငပေါဂိုဏ်းသားများ အားလုံးတညီတညွတ်တည်း မတ်တပ်ရပ်ကာ ငပေါ ဦးတည်ချက်(၄)ရပ်ကို ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆက်တွဲသတင်း။ ။ နေ့လည်စာစားပွဲတွင် ယဉ်ကျေးမှုဝန်ဂျီးက ကမ္ဘာ့အဆူဆုံးရော့ခ်ဘန်ဖြင့် ကိုယ်တိုင် သီဆို တီးခတ် ဖျော်ဖြေပေးခဲ့ပြီး လူဝံမှု ကြီးကြပ်ရေးဝံဂျီးက ဟစ်ဟော့သီချင်းတပုဒ်ဖြင့် ကပြ ဖြေဖျော်သွားသည်။ တရား စီရင်ရေး ယမမင်း၊ ပညာရေးဝန်ဂျီးဇင်ဇင်တို့ကလည်း အားကျမခံ မြနန္ဒာသီချင်းကို ဟဲဗီးရော့ခ်စတိုင် သီဆို ကပြ ဖျော်ဖြေခဲ့ရာ ၎င်းတို့အားလုံး နေ့လည်စာ ငတ်သွားသဖြင့် တိတ်တဆိတ် ပါဆယ်ဆွဲသွားသော အမှုရှောင်နှင့် သဘာငတိတို့ ၂ ဦး ထုခြေလွှာ တင်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မှတ်ချက်။ ။ နာယကဂျီးအကြံပေး၍ ဆက်သွယ်ရေးဝန်ဂျီးက ၎င်းပိုင်လက်ပ်တော့ပ်ဂျီးဖြင့် မှတ်တမ်းတင် ရေးသားသည်