ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label ထုတ်ပြန်ချက်. Show all posts
Showing posts with label ထုတ်ပြန်ချက်. Show all posts

Tuesday, January 25, 2011

ငပေါများဂေဟာ အိမ်သစ်တက်ပွဲအခမ်းအနား အစီအစဉ်


နာယကဂျီး။ ။
ဘာကွ...

ပေါငြိမ်။ ။ ဟုတ်... ဟုတ်ပါတယ် နာယကဂျီးရယ်

နာယကဂျီး။ ။ ဟုတ်တယ်ဆို မဟုတ်တော့ဘူး

ပေါငြိမ်။ ။ ဗျာ...

နာယကဂျီး။ ။ နင့်သတင်းက သေချာဟုတ်တယ်ဆို ငါတို့တွေတော့ အခြေအနေမကောင်းတော့ဘူး ပြောတာ။ တယ်ဝေးတာပဲ...။

ပေါငြိမ်။ ။ ဟုတ်၊ ဟုတ်ပါတယ်၊ အိမ်ပြောင်းရမယ်ဆိုတာ အမှန်ပါပဲ နာယကဂျီးရယ်

နာယကဂျီး။ ။ တော်စမ်းဟာ... နင်တို့ ဟို ဘီအမ်အေ ဆိုတဲ့ မြန်မာ့ပုလင်း သမဂ္ဂ (Bottle Myanmar Association) ကြီးက ငါတို့ကို ဆုချတယ်ဆို... အကယ်ဒမီဆို... တဲပေါ်ကနေ တိုက်ပေါ်ကို တင်ပေးတယ်ဆို... ဂုဏ်ပြုတယ်ဆို... ဆို... ဆို... ဆို !!!!!

ပေါငြိမ်။ ။ ဟုတ်၊ ဟုတ်ပါတယ် နာယကဂျီးရယ်... အဲဒါက ဟိုတုန်းကလေ... ခုဟာက...

နာယကဂျီး။ ။ တော်၊ တော်စမ်းဟာ... နင်တို့ လျှောက်လုပ်ရေးကို အိမ်ဆောက်ဖို့ ငါပေးထားတဲ့ ရန်ဘုန်းငွေတွေကော...

ပေါငြိမ်။ ။ ဟို... ဟို... ဟိုလေ... ချန်ထားရင် ရန်များမှာဆိုးလို့...

နာယကဂျီး။ ။ ဘာ... ဘာ...

ပေါငြိမ်။ ။ အာ... နာယကဂျီးကလည်း... နာယကဂျီးပဲ နယူးယီးယားမှာ မူးပြီးဟားမယ်ဆို... ဒါနဲ့ ကုန်ရောပေါ့...

နာယကဂျီး။ ။ တော်ဟာ... တစ်ယောက်မှ အဖြစ်မရှိဘူး။။ ကျန်တဲ့ ဝန်ကြီးတွေ၊ ငတိတို့ ငှက္ကဌတို့၊ အမှုရှောင်တို့၊ တွင်းတစ်၊ နှစ်တို့ တစ်ယောက်မှ အားကိုးရမယ်မရှိဘူး။ နည်းနည်းပါးပါး အိပ်ထဲက စိုက်ပြီး ဂေဟာလေး ကောင်းစားဖို့ ထည့်ဝင်ကြမယ် မရှိဘူး။ ဂေဟာကနေ ဘုန်းဖို့လောက်ပဲ သိတယ်။

ပေါငြိမ်။ ။ ခု မဘုန်းတော့ပါဘူး။ ဘတ်ငွေအဖြစ်ပဲ ပြောင်းလဲသုံးစွဲပါတယ်။

နာယကဂျီး။ ။ တော်တော်၊ နင်တို့ လုပ်ပုံနဲ့ နေပူတော်က သမ္မတအိမ်တော်ကြီးကလည်း ကမ္ဘာပျက်တောင် ပြီးမယ့်ပုံ မပေါ်ဘူး။ ကဲ… ဒီတော့ အိမ်ဟောင်းကိုပဲ ပြန်ပြောင်းဖို့ စီစဉ်... အခမ်းအနားကို...

ပေါငြိမ်။ ။ အရမ်းသနားသွားအောင်

နာယကဂျီး။ ။ ဘာ... ဘာ သနားသွားအောင်လဲ... သားနားသွားအောင်လုပ်စမ်းပါ... ဒါပဲ… နေ့ရက်၊ အချိန်၊ နေရာကို အမြန်ဆုံးကြေငြာပြီး ပွဲစီစဉ်...

ပေါငြိမ်။ ။ ဝုတ်ကဲ့ဘာခင်ည

ဤသို့ဖြင့် နာယကဂျီး၏ တိတ်တိတ်ပုန်း အမိန့်ပေးချက်အရ ငပေါများဂေဟာ အိမ်သစ်တက်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် အောက်ပါအတိုင်း ကျွန်ုပ်လျှောက်လုပ်ရေးဝန်ကြီးပေါငြိမ်က အကြံပြုလိုက်ရပါသည်။

နေ့ရက်။ ။ နာယကဂျီး အားယားသည့်ရက်

အချိန်။ ။ ငပေါများ အိပ်ရာထသည့်အချိန်


နေရာ။ ။ ခရေးဇီးဘလော့ဂါဂရုပ်ဒေါ့ဘလော့ဂ်စပေါ့ဒေါ့ကွန်း


အစီအစဉ်များ။ ။

(၁) ဖွင့်ပွဲအနေဖြင့် အငဲ၏ အိမ်သီချင်းကို မော်ဒီဖိုင်းလုပ်ထားသော အောက်ပါ သီချင်းကို ငပေါများအားလုံး မညီမညာသောက်တလွဲ သီဆို ဖွင့်လှစ်ရန်။

“အိမ်”

ခုတလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်းထူးဆန်းတယ်
ငပေါတွေ အကယ်ဒမီရတဲ့ ဂေဟာကြီးက ပြောင်းရမယ်တဲ့
ပိုက်ဆံလေးတွေ မရှိတော့ကွယ် ငပေါတွေဘဝက ဆိုးလှတယ်
ငပေါများအတွက် အိမ်လိုချင်တယ်...

မနက်ဖြန် ဂေဟာကြီးက နေခဲ့တာ စာချုပ်ပြည့်တော့မယ်
လက်ထဲမှာ ဘယ်မှာလဲငွေ ထပ်ငှားပြီး ဒေါ့နက်ဝယ်ချင်တယ်
စိတ်ညစ်လည်း ဘာထူးမှာလဲ ငပေါတွေဘဝက မွဲလွန်းတယ်
ငပေါများအတွက် အိမ်ဘယ်မှာလဲ...

အကောင်းဆုံး ပေါနိုင်ဖို့အတွက် ဂေဟာလေး လိုချင်မိတယ်
တစ်နေ့တော့ ငပေါတွေများအတွက် လုံခြုံတဲ့ အိမ်လိုချင်တယ်

တစ်နေ့တော့ တစ်နေ့ပေါ့ ဘယ်တော့လဲ မမေးလိုက်နဲ့ကွယ်
ဘယ်တော့မှ မဖြစ်လာ တော့ဘူးလို့ အားမလျှော့ပါနဲ့
ဒေါ့နက်လေးရယ် ပြေးနေဆဲ တို့အိပ်မက်တွေ ဝိုးတဝါးရယ်

အကောင်းဆုံး ပေါနိုင်ဖို့အတွက် ဂေဟာလေး လိုချင်မိတယ်
တစ်နေ့တော့ ငပေါတွေများအတွက် လုံခြုံတဲ့ အိမ်လိုချင်တယ်
အကောင်းဆုံး ပေါနိုင်ဖို့အတွက် ကိုယ်ပိုင်ဒိုမိန်းမျှော်လင့်ဆဲပဲ
တစ်နေ့တော့ ဒေါ့နက်လေးနဲ့ တည်ငြိမ်စွာနေချင်ပါတယ်။
တစ်နေ့တော့ ငပေါတွေများအတွက် လုံခြုံတဲ့ အိမ်လိုချင်တယ်

မနက်ဖြန် ဂေဟာကြီးက နေခဲ့တာ တစ်နှစ်ပြည့်တော့မယ်...


(၂) တစ်နှစ်ပြည့် အကယ်ဒမီရ ငပေါဂေဟာအား ဂုဏ်ပြုသည့်အနေဖြင့် နာယကဂျီးမှ အဖွင့် ပဏာမမိန့်ခွန်းအား ၃မိနစ်နှင့် ၅၆ စက္ကန့်တိတိ မြွက်ကြားရန်။ (သတ်မှတ်ချိန်ထက် ပိုယူလျှင် နာယကဂျီးအား ပုလင်းခွံများတီးပြီး မောင်းချရန်...)

(၃) အိမ်သစ်တက်ပွဲ အခမ်းအနားအနေဖြင့် ဂေဟာမှ ဧည့်ခံသော ပဲကြီးလှော်နှင့် ရေနွေးကြမ်းအား တန်းစီ ခွဲတန်းချ ဘူဖေးစနစ်ဖြင့် စားသုံးရန်။ (တန်းစီဘူဖေး = ကိုယ်တိုင်ထယူ တန်းစီရန်၊ ခွဲတန်းချ = တစ်ယောက်လျှင် ရေနွေးတစ်စက်နှင့် ပဲလှော်တစ်ခြမ်း)

(၄) တစ်နှစ်တိတိနေခဲ့သော ငပေါများဂေဟာအဟောင်းအား လွမ်းဆွတ်ခြင်း အထိန်းအမှတ်ဖြင့် ၃မိနစ်နှင့် ၅၆ စက္ကန့်တိတိ အသက်မရှူ လေမလည်ဘဲ စန့်စန့်ကြီး ရပ်ပြီး ဝမ်းနည်းခြင်း ပြသရန်။

(၅) အစီအစဉ် ပြီးဆုံးကြောင်း အနေဖြင့် နာယကဂျီးမှ “ပြီးပြီ ဒါပဲ” ဟူသော စကားအား သုံးကြိမ်တိတိ တိုင်ပေးရန်နှင့် ငပေါများအားလုံးက မညီမညာသောက်တလွဲ လိုက်လံအော်ဟစ်ရန်။

(၆) “လောင်းလစ်ဗ်သပေါ” ဟူသော စကားကို ၃ ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ပိတ်သိမ်းရန်။

အထက်ပါ အစီအစဉ်များသည် ကျွန်ုပ်ပေါငြိမ်၏ အကြမ်းဖျင်း၊ ပဏာမ၊ ယာယီ၊ ခန့်မှန်း၊ မသေမချာ စီစဉ်ထားရှိမှုများဖြစ်သဖြင့် လိုအပ်သည်များကို လိုအပ်သလို အကြံပြုကြပါကုန်။

ပုံ/
နာယကဂျီး၏ တီးတိုးအမိန့်အရ

ပေါငြိမ် (လျှောက်လုပ်ရေးဝန်ကြီး)

Monday, October 19, 2009

မိန့်ခွန်းတော်ကြီးချွေခြင်း

ငါတို့ဟာ ငပေါများသာ ဖြစ်ကြတယ်။ ထို့ကြောင့် ငပေါအလုပ်ကိုလုပ်ပါ၊ ငပေါလိုတွေးပါ၊ ငပေါလို ကျင့်ကြံနေထိုင်ပါ။ တခါတရံ လူတည်များ၏ လွှမ်းမိုးမှုကို ခံရ၍ လူတည်များကဲ့သို့ တွေးခေါ်ခြင်း၊ ကျင့်ကြံခြင်းများ ဖြစ်မိသည်ရှိသော် ကိုယ့်ကိုယ်ကို ပြန်လည် ဆင်ခြင်ကြပါ။ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။ ငါတို့ဟာ ငပေါတွေ ... တော်ရုံတန်ရုံလူ လိုက်မမီတဲ့ ဂေဟာသားတွေ၊ အဆုံးစွန် ပေါမယ့်သူတွေ၊ ကမ္ဘာတည်သရွေ့ ပေါမယ့်သူတွေ ဆိုတာ မမေ့ပါနဲ့။

သမိုင်းမှာ မှတ်ကျောက် ကမ္ဗည်းတင်ရမယ်။ နောင်လာနောက်သားများက စွန့်ဦးငပေါကြီးများဟု လေးစား အတုယူနိုင်ရမယ်၊ ငပေါမျိုးဆက်များ မွေးထုတ်ရဦးမယ်၊ နောင်အနှစ် ၁၀၀၀ မှာ ဖြစ်လာတဲ့ လူတွေက လွန်ခဲ့တဲ့ အနှစ် ၁၀၀၀ တုန်းက ရှေးဦးငပေါကြီးတွေပါလားဆိုပြီး အလေးပြုနေရမယ်။ ငပေါ ပြတိုက်ထဲမှာ ငပေါတွေရဲ့ လက်ရာ၊ ငပေါတွေရဲ့ ရုပ်တုတွေ ချန်ရစ်ခဲ့ရမယ်။ ငါတို့ဟာ ငပေါတွေ ဖြစ်တယ်။

ကိုမင်းကိုနိုင်နဲ့ နာယကဂျီး ဆုံတုန်းက သူကပြောတယ် (အဲလို နာမည်ထင်ရှားလူသိများသူနဲ့ ကိုင်ပေါက်မှ တချို့က ဖြုန်တာ မဟုတ်လား) “တချိန်လုံး နိုင်ငံရေးအကြောင်းချည်း ဘယ်စဉ်းစားနေနိုင်မလဲ တခါတလေလည်း အချစ်ကဗျာလေးဘာလေး ရေးချင်သေးတာပေါ့” တဲ့။ အဲဂလို တကယ်ဂျီးပြောခဲ့တာနော် နောက်တာ မဟုတ်ဘူး။

အဲဒီတော့ သူ့စကားကိုပဲ ခိုးချ မော်ဒီဖိုင်းလုပ်ပြီး ပြောရပါဦးမယ် ငါတို့ဟာ လူသားများသာဖြစ်တဲ့အတွက် တခါတလေ မပေါနိုင်တဲ့အချိန်တွေ ကြုံရတတ်တယ်။ အဲဒီလို မပေါနိုင်ရင် ငါတော့ ငပေါဖြစ်ရှုံးပြီ ... ဒီတသက်တော့ ဆက်ပေါလို့မှ ရပါဦးမလား ဆိုပြီး စိတ်ဓာတ် မကျပါနဲ့ ... စာရေးဆရာဟာ စာချည်းပဲ တချိန်လုံးမရေးနိုင်သလို၊ လူရွှင်တော်ဟာ တချိန်လုံး ပြက်လုံးမထုတ်နိုင်သလို၊ နိုင်ငံရေးသမားဟာ တချိန်လုံး နိုင်ငံရေး အကြောင်းချည်းပဲ မစဉ်းစား နိုင်သလို၊ လယ်သမားဟာ တချိန်လုံး စပါးစိုက်မနေနိုင်သလို၊ သီချင်းရေးဆရာဟာ တချိန်လုံး သံစဉ်တွေ ရှာဖွေမနေနိုင်သလို၊ ငပေါတွေဟာလည်း တချိန်လုံး ပေါမနေနိုင်ပါဘူး။ မပေါဘဲ အနားပေးရမယ့် အချိန်လေး တွေလည်း ထားရပါမယ်။ ပေါလပ်ချိန်ပေါ့။ ဒါမှပဲ နောင်တချိန် ပြန်ပေါတဲ့အခါ အရည်အသွေး ပြည့်မီအောင် ပေါနိုင်မှာဖြစ်တယ်။

နာယကကြီး ခုလောက်ပြောလိုက်ရင် ဂေဟာထဲမှာ ဘာတွေ ဖြစ်ချင်နေပြီဆိုတာ တလက်မပြရင် တမိုင်လောက် မြင်တတ်တဲ့၊ တစ်စင်တီမီတာပြရင် ကီလိုမီတာ ထောင်ပေါင်းများစွာ မြင်တတ်တဲ့ ငပေါတွေ သဘောပေါက်လောက်ရောပေါ့ (ဒါကတော့ ဗရစ်တစ်ရှ်သမားကော ဆယ်လီစိတ်သမားပါ သိအောင်လို့ပါ)။ ဂေဟာအကျိုး ကိုယ့်အကျိုးဆိုပြီး အမြဲတစေ စွမ်းစွမ်းတမံ ဆောင်ရွက်လေ့ရှိတဲ့ ငပေါတွေမှာ အနည်းနဲ့အများဆိုသလို အန္တရာယ်ကျရောက်လို့ နေပါပြီ။ နာယကဂျီးအနေနဲ့ ဒါကို တတိယမျက်လုံးနဲ့ အကဲခပ်လို့ သိရှိထားခြင်း ဖြစ်တယ်။ ဒါကြောင့်လည်း ဥက္ကဌနဲ့ တိုင်ပင်ပြီးသကာလမှာ ဒီမိန့်ခွန်းတော်ကြီး ကို အစောတလျင် စီစဉ်လိုက်ရခြင်း ဖြစ်တယ်။

ထစ်ခနဲရှိ “ထွက်မယ်” ဆိုတဲ့ ရောဂါဆန်းတခုဟာ ဂေဟာထဲကို ဘယ်နေရာက ဝင်မှန်းမသိ ဝင်ဝင်လာတတ်ပါတယ်။ ခုချိန်မှာ ခုခံအားကျဆင်းမှု ရောဂါ၊ ဝက်တုပ်ကွေးတို့ထက် ကြောက်စရာကောင်းတဲ့ ဒီရောဂါဆန်းကြီးအတွက် ကာကွယ်ဆေးတောင် မထုတ်လုပ်နိုင်သေးပါဘူး။ (ကျန်းမာရေးဝန်ဂျီးကလည်း ဂေဟာကို ဝင်ပြီးကတည်းက ပျောက်သွားလိုက်တာ ဘယ်ချောင်မှာ သွားအိပ်ပျော်နေတယ် မသိဘူး - ဤကားစကားချပ်) ဆိုတော့ကာ ဒီရောဂါဆန်းကြီးကို နယကဂျီးလို ကိုယ်ခံအားကောင်းသူတောင် တော်တော်လေး ကြောက်လာပါတယ်။ သို့သော် မပူကြပါနဲ့ ... နာယကဂျီးက ခေတ်ဆွေး ငပေါကြီး ဖြစ်တဲ့အတွက် ကာကွယ်ဆေးမရှိသေးတဲ့ ဒီရောဂါဆန်းကြီးအတွက် ဆေးမီးတို တဖုံ တီထွင်ထုတ်လုပ်ဖို့ ကြံစည်နေပါတယ်။ အဲဒီဆေးမီးတိုဟာ ဘယ်လိုဟာလဲလို့ မမေးပါနဲ့ နာယကဂျီး ကိုယ်တိုင် ဘာမှန်း မသိသေးပါဘူး။ အဲသလို ခရီးရောက်နေပြီဖြစ်တဲ့ ဆေးမီးတိုကြီးအတွက် ဂေဟာသူ ဂေဟာသားများအနေနဲ့လည်း ဝိုင်းဝန်းအကြံပေးကြပါ။

တလက်စထဲ စင်ကာပူက ငပေါတွေဖြစ်နေတဲ့ ရောဂါကိုလည်း ကြုံတုန်းလေး ဝိုင်းဝန်းအဖြေရှာကြရအောင်ပါ။ စင်ကာပူမှာ အပုန်းကူးစက်ရောဂါကြီးတခု စွဲကပ်လို့နေပါတယ်။ ငါတို့ရဲ့ တွင်း ၂ ကြီးမှသည် ဆည်မြောင်းဝန်ဂျီး သံလွင်ဟီးရိုးထိ ဒီကပ်ရောဂါစွဲကပ်နေပါတယ်။ အဲဒီရောဂါဟာလည်း “ထွက်မယ်” ရောဂါလောက်မဆိုးပေမယ့် တော်တော်လေး ဆိုးတယ်လို့ ဆိုရပါမယ်။ လူတည်တွေ ဆီက လာတာ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက်ဆေးကိုတော့ ဥက္ကဌကြီးကိုယ်တိုင် ပုန်းပြီးရှာပါလိမ့်မယ်။

ဒီတော့ ချုပ်ရရင် (မချုပ်လို့လည်း မဖြစ်တော့ဘူး ပေါစရာ အဲ ပြောစရာ မရှိတော့ဘူး) ငါတို့ဟာ ငပေါများဖြစ်ကြတယ်၊ တခါပေါရုံနဲ့ တသက်လုံး ငပေါဖြစ်တယ်၊ ဂေဟာမှာ ဝင်ပေါက်သာရှိပြီး ထွက်ပေါက်မရှိဘူး။ အဲဒီထွက်ပေါက်ကို လူကြီးမြင်းများသာသိတယ်၊ သိတဲ့ လူကြီးမြင်းတွေက ထွက်ခွင့်မရှိဘူး၊ တခါတလေ ငပေါတွေအနေနဲ့ နားနားနေနေပေါခွင့်ရှိတယ်၊ ဂေဟာမှာ ပင်စင်မရှိဘူး၊ ခွင့်ယူခွင့်ရှိပေမယ့် ခဏတဖြုတ်ပဲရမယ်၊ ပျင်းခွင့်ရှိတယ်၊ ငိုက်ခွင့်ရှိတယ်၊ ငိုင်ခွင့်ရှိတယ်၊ ငတ်ခွင့်ရှိတယ်၊ ငိုချင်ရင်တော့ ဂေဟာအပြင်ထွက်ငိုပါ။ ငေါက်ခွင့်ကတော့ နာယကဂျီး အပါအဝင် လူဂျီးမြင်းတွေ ဆီမှာရှိတယ် ဟဲဟဲ။

နာယကဂျီးလည်း တော်တော်လေးမောသွားပြီ။ အသက်ကရနေပြီ။

ခုလို နေပြန်ကောင်းခါစမှာ ဂေဟာအကျိုးကို ရည်သန်၍ ဘယ်သူမှ မတောင်းဆိုဘဲ ငပေါပီသစွာနဲ့ မျက်နှာပြောင်တိုက်ရင်း ဒီမိန့်ခွန်းတော်ကြီး ချွေခွင့်ရတဲ့အတွက် ငပေါများအားလုံးကို ကျေးဇူး ဂေါ်ဇီလာလောက်တင်ပါတယ်။

လောင်းလစ်ဗ် သပေါစ်
နာယကဂျီး

Friday, October 2, 2009

ဂေဟာပြန်တမ်း

CrazyVilla သည် “မြန်မာပြည်ဘလော့လောကတွင် နာမည်ကြီးသော blogspot.com” တွင် အကောင့်တခုယူပြီး လက်ဆော့လေ့ရှိသည့် မစ္စတာကေလာ အား CrazyVilla ၏ တွင်းတစ် အဖြစ် တာဝန် ဝတ္တရားများကို စတင် ဆောင်ရွက်သည့် နေ့မှစ၍ ခန့်ထားလိုက်သည်။

ပုံ
ဝန်ဂျီးဂျုပ်

၁။ ဝန်ဂျီးဂျုပ်တို့၏ တာဝန် ပိုင်ဆိုင်သည်နှင့် အညီ (ရှိတာနဲ့ ပိုင်ဆိုင်တာနဲ့ အတူတူပဲမဟုတ်လား) ဂေဟာအတွက် ကနဦး၊ ပိုင်အိုးနီးယား၊ ပထမဆုံးအကြိမ် ရာထူးတိုးခြင်းကို အများသိစေရန် လုပ်ဆောင်ရတော့မည် ဖြစ်သောကြောင့် ဂေဟာပြန်တမ်းကို အထက်ပါအတိုင်း ထုတ်ပြန်နိုင်ရန် ရေးသားလိုက်ရသည်။

၂။ ကေလာကောင်၏ တာဝန်မှာ ဘာမျှ မရှိပေ။ သို့သော်
(က) ပို့စ်များကို ဘုတ်အဖွဲ့ဝင် လူကြီးမြင်းများသို့ ဖော်ဝါ့လုပ်ခြင်း၊
(ခ) ဆင်ဆာ မဲပေးခြင်း
(ဂ) ဆင်ဆာအမိန့်ကျလျှင် ပို့စ်တင်ခြင်း
စသည်တို့ကို သေသေချာချာ၊ တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ ကြိုးကြိုးစားစား၊ ဇွဲနဘဲရှိရှိ (နဘဲဆိုတာ ဘာလဲ သိရန် မလို)၊ လေးလေးမြတ်မြတ်၊ မပျက်မကွက်၊ မလွဲမသွေ၊ တကယ်၊ အတည်ပေါက်၊ အဟုတ်၊ မုချ လုပ်ရမည်။

၎။ ဤရာထူးတိုးခြင်းကို အမှုရှောင်၊ တွင်းတူး၊ ငတိ၊ နာယက တို့ ၄ ဦး သဘောတူသဖြင့် အိုင် ကျွန်ုပ် အတည်ပြုလိုက်သည်။

၎။ ကေလာကောင်၏ လစာကို ဒေါ်လာ ၁ သိန်း ပလပ်စ် ကျပ် ၅၀၀၀ (ယခုထွက်မည့် ငါးထောင်တန် အသစ်စက်စက် တရွက်) သတ်မှတ်ထားသည်။ တာဝန် ဝတ္တရားများ ထမ်းဆောင်မှု၊ အမိန့်နာခံမှု၊ တီထွင်ဖန်တီးမှု၊ ဆက်ဆံရေးကောင်းမှု၊ အတွေးအခေါ်များ စူးရှမှု (ဆိုင်လားတော့ မသိဘူး) စသည်တို့အပေါ် မူတည်ပြီး လစာ တိုးမည် သို့မဟုတ် လျှော့ပစ်မည်။

၅။ ဂေဟာ၏လုပ်ငန်းများအတွက် စရိတ် လိုအပ်ပါက ကေလာသည် သူ၏ ဘဏ်ကတ်ကို ATM ဟု လူသိများသော စက်အတွင်းသို့ ထည့်ပြီး လျှို့ဝှက်နံပတ်ကိုနှိပ်လိုက်လျှင် အားလုံး အဆင်ပြေသွားနိုင်မည် ဖြစ်သည်။ ထို့နောက် စက်တွင်ရှိသော ခလုတ်တချို့ကို ဉာဏ်ရှိသလို နှိပ်ပါက ထိုစက်က သူ့အား ငွေသား (ငွေသား) ထုတ်ပေးစေရန် ကျွန်ုပ်တို့ စီမံထားသည်။

၆။ မစ္စတာကေလာသည် ဂေဟာ၏ လုပ်ငန်းများကို နေ့စဉ် လုပ်နိုင်သည်။ ခံစားခွင့်အဖြစ် လစဉ် ၃၁ ရက်နေ့တိုင်းတွင် နေ့တ၀က် ခွင့်ယူနိုင်သည်။ သို့သော်လည်း ဂေဟာလူကြီးမြင်း တဦးဦး၏ ထောက်ခံမှုဖြင့် အနည်းဆုံး ၁ လ ကြိုတင်ပြီး ခွင့်ယူရမည်။

၇။ တဦးတည်းသော အသင်းသား ကေလာကို တွင်း ၁ ရာထူး ခန့်အပ်ခြင်း ဖြစ်သောကြောင့် အသင်းသားနေရာ လစ်လပ်သွားသည်။ ထို့ကြောင့် ထိုနေရာကို လျှောက်ထားလိုသူများ လျှောက်ထားနိုင်သည်။ လျှောက်ထားသူသည် အမျိုးသား ဖြစ်ရမည်။ အမျိုးသမီးများ လျှောက်ထားရန် မလိုရေးချ မလိုပါ။

ကံကောင်းပါစေ မစ္စတာ ကေလာ

သင့်ရဲ့ - ၀န်ဂျီးဂျုပ်

Tuesday, August 18, 2009

ဂေဟာတွင်း မူကြို သင်တန်းအတွက် ဝန်ထမ်းသစ်ခေါ်ယူခြင်း

ယခုအချိန်အခါသည် အိုမင်းရင့်ရော်နေပြီဖြစ်သည့် ခေတ်ဆွေးငပေါကြီး နာယကကြီးသည် ရန်ကုန်အခြေစိုက် ငပေါများဂေဟာရုံးချုပ်မှ မူကြိုကလေးများကို ထိန်းသိမ်းခြင်း၊ ဆုံးမသြဝါဒ မှာကြားခြင်း၊ အရေးပေါ် မိန့်ခွန်း မွက်ကြားခြင်း၊ တချက်လွှတ် အမိန့်ထုတ်ပြန်ခြင်း၊ မကြာခင် ထွက်ပေါ်လာနိုင်သေးသည့် ၂ချက် မလွတ်တလွတ် အမိန့် ထုတ်ပြန်ခြင်း စသည့် ထိုထိုသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်း၌ ပင်ပန်း ချိနဲ့နေပြီ ဖြစ်ပါသဖြင့်။ လက်ထောက်မူကြိုဆရာမ ဖြစ်စေ၊ ခြေထောက်ထောက်မူကြိုဆရာမ ဖြစ်စေ၊ ဒုတိယ မူကြိုဆရာမဖြစ်စေ၊ ပထမ နှစ်ပိုင်းတစ်ပိုင်း မူကြိုဆရာမဖြစ်စေ၊ တွဲဖက် မူကြိုဆရာမ ဖြစ်စေ၊ တွဲချင်တွဲမတွဲချင်နေဖတ် မူကြိုဆရာမ ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးချုပ်မှူးကြီး ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးချုပ် ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးမှူးချုပ် ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးမှူးကြီး ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးမှူး ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးအရာရှိ ဖြစ်စေ၊ အရေးပေါ် လိုအပ်နေပါသဖြင့် နာယကဂျီး၏ ကိုယ်ရေးအရာရှိ သော်လည်းကောင်း၊ ကိုယ်ဖတ်အရာရှိ သော်လည်းကောင်း၊ ကိုယ်တိုက်ပင်းအရာရှိ သော်လည်းကောင်း၊ မူကြိုသင်တန်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ခန့်အပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ လျှောက်လွှာတင်လိုသော ပေါအဆင့် ဂရိတ် အက်စ် အောင်မြင်ထားသော မူကြို ဆရာမ တစ်ဦး အလိုရှိသည်။ အသေးစိတ်အချက်များကို အောက်တွင်ဖော်ပြထားသည်။

၁။ ပေါအဆင့် ဂရိတ် အက်စ် (Great S) အောင်မြင်ပြီး
၂။ ပြည်တွင်း ပြည်ပ ပေါသက် အနည်းဆုံး နှစ် ၃၀။
၃။ အသက် ၁၈ မှ ၂၅ အတွင်း အိမ်ထောင်မရှိသူ၊ အိမ်ထောင် မပြုဖူးသူ၊ ရည်းစားမရှိသူ၊ ရည်းစားမထားဖူးသူ ဖြစ်ရမည်။
၎။ မူကြိုသင်တန်းမှ သင်တန်းသားများ ဖြစ်ကြသည့် ငပေါ အရာရှိများအားလုံးကို အရက်သောက်ချင်သူများကို အရက်လိုက်တိုက်ခြင်း၊ သောက်ပြီး ရစ်ချင်သူများကို အရစ်ခံပေးခြင်း၊ နှုတ်ထွက်စာများကို ပယ်ဖျက်ခြင်း၊ ပေါက်တက်ကရလုပ်ချင်ရာလုပ် သွားချင်ရာသွား စိတ်ဂယောင်ချောက်ခြားနှင့် ပေါချင်တိုင်းပေါနေသော ဘုတ်များ၊ ဝန်ဂျီးများအား လိုက်ထိန်းခြင်း၊ ဖဲရိုက်ချင်သူများကို ဖဲထုတ်ဝယ်ပေးခြင်း၊ ဖဲခိုးချင်သူများကို မာကင်လုပ်ပေးခြင်း၊ အသည်းကွဲသူများကို ကော်ဖြင့်ကပ်ပေးခြင်း၊ ဆိုင်တဘက်နှင့်မူကြို မှန်မှန် မတက်သောသူများအား အရောင်းစာရေးမ များနှင့် အောင်သွယ်ပေးခြင်း၊ စသော အမှုများကို ဆောင်ရွက်နိုင်ရမည်။

ပုံ။
အတွင်းရေးမှူး ၂
ငပေါများဂေဟာ
(မူကြိုဝန်ထမ်းသစ် ခန့်အပ်ရေး တာဝန်ရှိသူ)

နုတ်ထွက်ခြင်းဥပဒေ (၁၃၇၁ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁၃ ရက် ၊ ၁၈-၈-၂၀၀၉)

နုတ်ထွက်ခြင်းဥပဒေ
၁၃၇၁ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁၃ ရက် ၊ ၁၈-၈-၂၀၀၉

နိဒါန်း
ဤဂေဟာကြီးတွင် ရုံး လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေကို ထုတ်ပြန်ရန် လိုအပ်လျှက်ရှိသည်။ ထို့ကြောင့် အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်။

အခန်း ၁။ ဤဥပဒေကို နုတ်ထွက်ခြင်းဥပဒေ ဟု ခေါ်တွင်စေရမည်။
အခန်း ၂။ နုတ်ထွက်လိုသူသည် ထွက်စာကို လျှောက်လွှာစာရွက်ဖြင့်သာ ရေးသားတင်ပြရမည်။ ကွန်ပျူတာစာစီဖြင့် မဟုတ်ဘဲ ကာယကံရှင်၏ လက်ရေးဖြင့် ရေးသားရမည်။
အခန်း ၃။ အနည်းဆုံး စာမျက်နှာ ၅၀၀ ရှိရမည်။ စာတမျက်နှာတွင် စာကြောင်းရေ ၂၀ ရှိရမည်။
အခန်း ၄။ သတ်ပုံမှားသော လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်။
အခန်း ၅။ သတ်ပုံ အကျအပေါက် စစ်ဆေးရန် ပညာရေးဝန်ကြီးတွင် တာဝန်ရှိသည်။
အခန်း ၆။ ကိုရီးယား၊ ယိုးဒယား၊ အီသီယိုပီးယား စသည့် ယား ဖြင့် ဆုံးသော ဘာသာများဖြင့်သာ ရေးရမည်။
အခန်း ၇။ လျှောက်လွှာကို နာယကဂျီးထံသို့  အမြန်ချောပို့ဖြင့် (အမြန်ချောပို့ဖြင့်) ပို့ ရမည်။
အခန်း ၈။ နာယကဂျီးက လျှောက်လွှာကို ၁ ရက်အတွင်း အပြီး ဖတ်ရမည်။
အခန်း ၉။ နာယကဂျီးက ၀န်ဂျီး ၅ ဦးဖြင့် မျက်နှာချင်းဆိုင် သွားရောက် တွေ့ဆုံပြီး နုတ်ထွက်ခွင့် ပြုမပြုကို အနည်းဆုံး ၅ နှစ်ကြာ ဆွေးနွေး တိုင်ပင်ရမည်။ ထိုသို့ တိုင်ပင်ရမည့် နေ့ကလည်း လဆန်း ၅ ရက်နေ့ ဖြစ်ရမည်။ ထိုနေ့ ညနေ ၅ နာရီတွင် ငါးကြော် သို့မဟုတ် ငါးဟင်း တမျိုးမျိုးကို စားပြီး တိုင်ပင်ကြရမည်။ ကုန်ကျစရိတ်ကို ဘဏ္ဍာရေးဝန်ကြီးထံတွင် ထုတ်ယူရမည်။
အခန်း ၁၀။ နာယကဂျီး နှင့် ၀န်ကြီးများထံမှ လာသည့် ဆုံးဖြတ်ချက်သည် မည်သို့သော ဆုံးဖြတ်ချက် စေကာမူ တရားရေးဝန်ကြီး၏ အတည်ပြုချက်ကို ရယူရမည်။
အခန်း ၁၁။ ထိုသို့ အတည်ပြုပြီးပါက နုတ်ထွက်လွှာ တင်သွင်းသူကို အမှန်တကယ် နုတ်ထွက်လိုခြင်း ရှိမရှိ မေးရမည်။ မေးသည့်အခါ မြန်မာဘာသာကိုသာ သုံးရမည်။
အခန်း ၁၂။ နုတ်ထွက်လိုခြင်းမရှိဟု ဖြေပါက လျှောက်လွှာကို ပိဿာချိန်ဖြင့် ရောင်းစားရမည်။
အခန်း ၁၃။ နုတ်ထွက်လိုသေးသည်ဟု ဖြေဆိုပါက ၀န်ကြီးများအဆင့် အစည်းအဝေးကို ၅ နှစ်အတွင်း ခေါ်ဆိုပြီး ထိုလျှောက်လွှာကို အစုံ ၂၀ ကူးပြီး တင်ပြရမည်။

ရှင်းလင်းချက် ၁။
အနည်းဆုံး စာမျက်နှာ ၅၀၀ ရှိရမည် ဟု အခန်း ၅ တွင် ပြဌာန်းထားသော်လည်း ၀န်ကြီး ၁၅ ဦး၏ ထောက်ခံချက် ပူးတွဲ တင်ပြနိုင်လျှင် စာမျက်နှာ ၄၈၅ မျက်နှာ ရေးသားနိုင်သည်။

ရှင်းလင်းချက် ၂။
လျှောက်လွှာများကို ရေးသားရာတွင် ကာယကံရှင်၏ ညာလက် သို့ မဟုတ် ဘယ်လက်ကို အသုံးပြုရမည်။

ရှင်းလင်းချက် ၃။
အခန်း (၉)တွင် ဖော်ပြထားသည့် ဘဏ္ဍာရေးဝန်ကြီး တာဝန် လစ်လပ်နေဆဲ ဖြစ်သည်။ ထိုဝန်ကြီး မရှိသေးသရွေ့ ကုန်ကျစရိတ်ကို နာယကဂျီးက ကျခံရမည်။ နာယကဂျီး ဘိုင်ပြတ်နေပါက လျှောက်လွှာတင်သွင်းသူက ကုန်ကျစရိတ် တာဝန်ယူရမည်။

ထုတ်ပြန်သူ
ဝံဂျီးဂျုပ်
(ကြားဖြတ် ဥပဒေ)

နာယကဂျီး၏ တချက်လွှတ် အမိန့် (ဘီဒို အာဏာ၊ သေတ္တာ အာဏာ၊ အံဆွဲ အာဏာ၊ မှန်တင်ခုံ အာဏာ အကုန်သုံးထားသည်။)

ပေါရဲရင်ပေါကြည့်စမ်း .. ယောင်လို့ ထွက်မယ်လို့ ပြောရဲရင်ပြောကြည့်စမ်း။ နာယကဂျီးအကြောင်း ကောင်းကောင်းသိသွားမယ် .. ။

အထက်ပါ ငှက်၏ နှုတ်ထွက်စာမှာ အတုကြီးသာဖြစ်ကြောင်း၊ လက်မှတ်မပါ သောကြောင့် ငှက်ကထကိုယ်စား တစုံတယောက်က လုပ်ကြံဖန်တီးခြင်းသာဖြစ်ကြောင်း၊ အမှန်စင်စစ် ငပေါဂေဟာတွင် ရုံးစာလက်ခံရာခြင်းတောင်း မရှိသောကြေင့် မည်သည့် ပေးစာ၊ ရုံးစာများကိုမှ လက်ခံဆောင်ရွက်ခြင်း မရှိကြောင်း၊ မည်သည့် အလုပ်မှ လုပ်စရာမရှိသော်လည်း ငှက်ကထ ရာထူးနှင့်အညီ စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ငှက်ကထဂျီးအား ငပေါဂုဏ်ရည် ပထမဆင့် သီဟသူရ ငှက်ကထ ဘွဲ့ ချီးမြှင့်မည်ဖြစ်ကြောင်း၊ နောက်တခါ ထွက်မယ် အနားယူမယ် ပြောသူအားလုံးကို လစတိုး၍ အဆိုပါဘွဲ့အား ဘုန်းဘောလအော ချီးမြှင့်ကာ ထွက်စရာအပေါက်မရှိသော အခန်းထဲ၌ လှောင်ပိတ်ထားမည်ဖြစ်ကြောင်း အမိန့်တရပ် ထပ်မံ ထုတ်ပြန်လိုက်သည်။

ပုံ။ ။ နာ ယ က ဂျီး

အတွင်းရေးမှူး ၂ ထပ်ဆင့် ထောက်ခံလိုက်သည်။

Wednesday, July 22, 2009

အယူခံ

ငပေါဂေဟာမှ ပြန်ကြားရေးဝန်ကြီး ချမ်းရဲသည် ငပေါဂေဟာ တိုးတက်ဖွံ့ဖြိုးရေးအတွက် စော်ကြည်ရေးအလည်အပတ်ခရီးများ ကမ္ဘာအနှံ့ သွားရောက်ခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော်လည်း အတွင်းသစ္စာဖေါက်များမှ ပြန်ကြားရေးဝန်ကြီး အလုပ်မလုပ်ဟု သွားပုပ်လေလွင့် ကဲ့ရဲ့ဝေဖန်လျှက်ရှိသည်။ အမှန်သော် ပြန်ကြားရေးဝန်ကြီးသည် အချုပ်မှာသာသနာ (အဲလေ) အစုပ်အချာအာဏာ (ဒါလဲဟုတ်သေးဘူး။) အချုပ်အခြာအာဏာတည့်တံ့ခိုင်မြဲစေရန် ကြိုးပမ်းဆောင်ရွက်ပုံများ မှာ အံ့မခမ်းချီးကျူးဖွယ်ကောင်းလှသည်။

သူကိုယ်တိုင်ကပင်..
"ဟေ့... ငပေါဟာ.. ငပေါပဲ။ ငပေါဟာ ငပေါဂေဟာ မှာပဲ နေရမယ် ၊ ငပေါဂေဟာမှာပဲ သေရမယ် ။ အကြောင့်အမျိုးမျိုးကြောင့် (အခြား ဟ၀ှာ) ဂေဟာကိုရောက်နေပေမယ့် တနေ့မှာ ငပေါဂေဟာကို ပြန်ရမယ် ။ ပုံ/ ဦးချမ်းရဲ" ဟုဟစ်ကြွေးခဲ့ဖူး ၏။

ထို့ပြင် အောက်ပါအချက်အလက်များမှာ ဂေဟာအကျိုးအတွက် ပြန်/၀န် လုပ်ဆောင်ခဲ့သော လုပ်ငန်းအကျဉ်းချုပ်ဖြစ်သည်။

- ၂၀၀၉ ခု မေလ ၂ ရက်နေ့တွင် အားကစားဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင်ပြီး ဖဲရိုက်ကစားနည်းကို အားကစားတစ်ရပ်အနေဖြင့် သတ်မှတ်ပြဌန်းခဲ့။ ဂေဟာအတွင်း အလောင်းကစားသင်းဥက္ကဌချုပ်အနေဖြင့် ၂ရက်တိတိ(မမွဲမချင်း) တာဝန်ယူဆောင်ရွက်ပြီး ဖဲကြည့်ပုံအခြေခံဥပဒေသစ်ရေးဆွဲ။

- ကမ္ဘာတ၀ှမ်းဖြစ်ပွားခဲ့သော ၀က်တုပ်ကွေးကူးစက်ရောဂါကြီး ဂေဟာအတွင်းကူးစက်ခြင်းမှ တားဆီးကာကွယ်ရေးအတွက် သာမန်နှာခေါင်းစည်းများထက် အဆင့်မြင့်သော ဘုရားပွဲဈေးမှ မျက်နှာဖုန်းများ (စွန်းဝူခုန်းရုပ်၊ စပိုက်ဒါမန်းရုပ်၊ ကျန်ကျောင်းရုပ်များ ) ကို ဂေဟာသူ ဂေဟာသားများထံ ဖြန့်ဖြူးပေးဝေ ။

ထို့ပြင် (အောက်ပုံတွင်ပြထားသည့်အတိုင်း) အလွယ်တကူ တိုင်းတာသိရှိနိုင်သော ခေတ်မီ ဒစ်ဂျစ်တယ်သာမိုမီတာများကိုအသုံးပြုပြီး ၀န်ထမ်းများ ကျန်းမာရေးကိုစစ်ဆေးခဲ့ ။


စာကြွင်း။ ။ ထိုကဲ့သို့ အဖျားအပူချိန်စမ်းသပ်ရာတွင် ကိုင်နေကျ ပစ်စတိုသေနတ်ကို ဒစ်ဂျစ်တယ်သာမိုမီတာနှင့် မှားယွင်းတိုင်းတာ ခလုတ်နှိပ်မိခြင်းကြောင့် ၀န်ထမ်းတဦး နှဖူးကျည်ဆံမှန်ပြီး ပွဲချင်းပြီးသေဆုံး)












- ထို့ပြင် စီးပွားပျက်ကပ်ကြီးကြောင့် ဂေဟာသူ/သားများ အလုပ်လက်မဲ့မဖြစ်စေရန် အဖွဲ့ဝင်တိုင်းကို တံမြက်စည်းတစ်ချောင်းစီးပေးဝေကာ ကေလာမမအားဦးစီးစေ၍ ဂေဟာသန့်ရှင်းရေးကိုအဆက်မပြတ် ခိုင်းစေခဲ့။

- ထို့ပြင် ဂေဟာသူလေးများအား ကိုယ်လုံးအချိုးအစား ပြေပြစ်လှပလာစေရန် စေတဏှာဖြင့် ဖစ်နက်ဆင်တာတခု ဂေဟာတွင်းဖွင့်လိုကြောင်း တွင်း(၂)ကအကြံပေးရာ အကောင်ထည်ပေါ်အောင် ဆောင်ရွက်ပေးခဲ့

BEFORE
....... AFTER













ထိုကဲ့သို့ ဂေဟာအကျိုးအတွက် အားလပ်သည်မရှိအောင် လုံ့လ၀ီရိယအပြည့်ဖြင့် ကြိုးစားဆောင်ရွက်ခဲ့ပါလျှက် အလုပ်မလုပ်ဟု အများအထင်လွဲခံနေရခြင်းမှာ ကျွန်တော် ပြန်/၀န်ကိုယ်တိုင်အနေဖြင့် မခံချိမခံသာ ဖြစ်မိရပါကြောင်း....။

ချမ်းရဲ
ပြန်ကြားရေးဝန်ကြီး (ခေတ္တဂေဟာ)

Monday, July 20, 2009

နာယကဂျီး၏အရေးပေါ်မိန့်ခွန်း

ငပေါအပေါင်းတို့

ငပေါတို့ဟာ ငပေါတွေဖြစ်ကြတယ်။ ဒါပေမယ့် ပေါသက်မရင့်ကြသေးပါဘူး။ တကယ်တော့ ပေါတယ်ဆိုတဲ့အလုပ်ဟာ မလွယ်ပါဘူး။ ပေါတာဟာ လွယ်ပါတယ်ဆိုပြီး အလွယ်တကူ ဂေဟာထဲ ဝင်လာကြတဲ့အတွက် တချို့ရူးကြောင်ကြောင်ဖြစ်ကုန်ကြပါတယ်။ သို့သော် ဒါက ပေါသက်မရင့်လို့ဖြစ်ရတဲ့အတွက် အပြစ်မတင်လိုဘူး။ နာယကဂျီး အပါအဝင် ဘုတ်အဖွဲ့ဝင်များဟာ ပေါသူ ပေါသားများ စိတ်ချမ်းချမ်းသာသာ ပေါစေနိုင်ရေးအတွက် ငပေါ ဦးတည်ချက် ၄ ရပ်နဲ့အညီ ကြိုးစား ပေါပေးနေသော်ငြားလည်း တချို့သော ငပေါများကိုတော့ လက်မြှောက်ရတဲ့ အနေအထားလေးတွေ တွေ့ရပါတယ်။ စိတ်မကောင်းပါဘူး။ ငပေါအဖွဲ့ဝင်တွေအနေနဲ့ ပေါခြင်းအတတ်ပညာကို ဒီထက်ဒီ လေ့လာဆည်းပူးဖို့လိုအပ်နေပြီလို့ မြင်ပါတယ်။ တွင်း ၂ ပြောသလို ဂေဟာမှာ ရုပ်တည်ဂိုဏ်းရဲ့ ရောဂါတွေ စွဲကပ်လာတာကို တွေ့ရတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ မည်သို့သော ပါစင်နယ် ကိစ္စတွေရှိစေကာမူ ငပေါဟာ ငပေါပဲဖြစ်သင့်ပါတယ်။ ပေါသက်မရင့်သေးတဲ့ ငပေါများကို အပြစ်မတင်လိုပေမယ့် ဆက်လက်ပြီး ရင့်ကျက်စွာပေါနိုင်ဖို့၊ ဘုတ်အဖွဲ့ဝင် လူပေါကြီးများကိုအမီလိုက်ပြီး ညီညီညွတ်ညွတ် ပေါကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ဘုတ်အဖွဲ့ဝင်လူကြီးများ အနေနဲ့လည်း ရှေ့လျှောက် ဝင်လာဦးမယ့် အဖွဲ့ဝင်များကို သေချာစိစစ်ပြီးမှ လက်ခံစေချင်ပါတယ်။ ပေါတယ်ဆိုတာ ပါးစပ်ကတင် ပေါလို့မရဘူးဆိုတာ ငပေါအပေါင်းတို့ ခုလောက်ဆို သဘောပေါက်လောက်ပါပြီ။ ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲ ပေါဖို့ဆိုတာက ပညာလိုပါတယ် (ကြုံတုန်းကျူရှင်ကြော်ငြာဝင်ဦးမှ - နာယကဂျီးက တလကို ဒေါ်လာ ၁ သောင်းထဲနဲ့ သက်သက်သာသာ ပေါနည်းသင်တန်း ပို့ချပေးနေပါတယ်။ မပေါတတ်သေးသူများ အချိန်မီပေါဖို့ သွားတက်နိုင်ပါတယ်) အဲဒီပညာဆိုတာကလည်း နှယ်နှယ်ရရ မဟုတ်ပါဘူး။ မွေးရာပါ အတတ်ပညာလို့ ပြောလို့ရပါတယ်။ ကြီးမှပေါချင်သူတွေကတော့ နည်းနည်း ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် မပူပါနဲ့ နာယကဂျီးရဲ့ ကျူရှင်ရှိတယ် (ဟီဟိ) ခုထိတော့ ဘုတ်အဖွဲ့ဝင်တွေထဲမှာ ရုပ်တည်ဂိုဏ်းရဲ့ ရောဂါကူးစက်တာ မတွေ့ရသေးပါဘူး။ ဒါတောင် တခါတလေ ငတိက အသည်းကွဲသလိုလို ဘာလိုလို ဖြစ်တတ်တာတွေ့ရပါတယ်။ ရောဂါဖြစ်နေရင် ဆေးမီးတိုနဲ့မကုဘဲ အချိန်မီ ဆေးခန်းပြဖို့လိုပါတယ် .. အဲဆောဒီး .. ဝက်တုပ်ကွေးနဲ့ရောသွားလို့။

ဘာပဲဖြစ်ဖြစ် ငပေါတို့ဟာ ငပေါတွေပဲဖြစ်ပါတယ်။ တခါ ငပေါဖြစ်ယုံနဲ့ တသက်လုံး ငပေါဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒီဂေဟာမှာပဲ ဖောဖောသီသီပေါခွင့်ရတာပါ။ ဒါကို အခွင့်ကောင်း တရပ်အနေနဲ့ အသုံးချစေချင်ပါတယ်။ ငပေါများ ရုပ်တည်ဂိုဏ်းက ရောဂါတွေ ကူးစက်လာမှုနဲ့ပတ်သက်လို့လည်း ဘုတ်အဖွဲ့ဝင်လူကြီးမြင်းများက အစည်းအဝေးထိုင်ပြီး သေချာစိစစ် ဖော်ထုတ်သွားဖို့ ရှိပါတယ်။ ငပေါထုကြီးအနေနဲ့ ဘုတ်အဖွဲ့ဝင်လူကြီးမြင်းများကို ဝိုင်းဝန်းကူညီ လက်တွဲပါဝင်စေချင်ပါတယ်။ ငပေါကွန်းဖရန့်စ်ကြီးကို မကြာခင်ကျင်းပပါမယ်။ အဲဒီအခါကျရင် ပေါဖို့အခက်အခဲ ရှိနေသူ တွေကို ကူညီပေးသွားမှာပါ။ မပူပါနဲ့ ငပေါနိုင်ငံတော်ကြီးမှာ စပါးတောင်လိုပုံနေပါတယ် .. အဲ ဆောဒီး .. ဒါက တူတို့ပြောရမှာ ..။

ငပေါဂေဟာကို ခုချိန်မှာ အချိန်မီ ကုသဖို့လိုအပ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ငပေါတို့ဟာ ငပေါတွေဖြစ်တဲ့အတွက် ပေါခြင်းဖြင့် ဂုဏ်ယူကြပါ။ ဒါပါပဲ ..။

ခုလို ဘယ်သူမှမတောင်းဆိုဘဲ ခပ်တည်တည်နဲ့ နာယကဂျီး ပေါသမျှ အဲ ပြောသမျှကို နားထောင်ပေးတဲ့ ငပေါဂေဟာသူ ဂေဟာသားများကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ နားမထောင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ကဲ လက်ခုပ်တီးလို့ရပါပြီ .. ဖြောင်းဖြောင်းဖြောင်းဖြောင်း ....ect

Thursday, July 16, 2009

ကမ္ဘာလူတုပ်ကွေးရောဂါကာကွယ်ကုသရေး သတိပေးနှိုးဆော်ချက်

ငပေါများဂေဟာ… ကျန်းမာရေးဝန်ကြီးဋ္ဌာန… ငပေါများရောဂါကာကွယ်ရေးဆပ်ကော်မတီ

ယခုအခါ ကမ္ဘာပေါ်တွင် ကမ္ဘာလူတုပ်ကွေးရောဂါကြီးမှာ လွန်စွာမှ ပျံ့နှံ့များပြား ရေပန်းစားလျက် ရှိနေသည်။ မိမိတို့ ငပေါနိုင်ငံကြီးသည်လည်း လွန်စွာမှ တိုးတက် ဖွံ့ဖြိုးစည်ကား များပြား လွန်းအားကြီးသော နိုင်ငံကြီးဖြစ်သည့် အားလျော်စွာ ဟိုတိုင်းပြည်၊ ဒီတိုင်းပြည်စသော တုပ်ကွေးပျံ့နှံ့ကူးစက်ရာနေရာများမှ တစ်ရာ့တစ်ပါး လူမျိုးများစွာ ဝင်လာမစွတ် တသွတ်သွတ် နေကြသောကြောင့် ကူးစက်ခံရချေ ရာနှုန်းများစွာရှိချေ၏။ ထို့ကြောင့် ငပေါများ ရောဂါကာကွယ်ရေး ဆပ်ကော်မတီအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သော လူဝံမှုကျီးကျက်ရေး၊ နိုင်ဂျံငါးရေး စသောဌာနများနှင့် ပူးပေါင်းကာ အချိန်နှင့်တပြေးညီ ကာကွယ်တားဆီးရေး လုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပထမဆုံးအနေဖြင့် ငပေါနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများကို (မလာပါနှင့်ဟုလည်း တား၍မရသဖြင့်)
စောင့်ကြပ် ကြည့်ရှုရန်အတွက် ရှိရှိသမျှ ဝင်ပေါက်ထွက်ပေါက် အားလုံးတွင် “ပါဝါရိမ်းဂျားများ” “ပေါအားရှင်” အဖွဲ့များကို ထားရှိပေးထားပါသည်။ အဆိုပါအဖွဲ့ဝင်များမှာ အထူးလေ့ကျင့် သင်ကြားထားပြီးသော ပါဝါအားကြီးသူများ ဖြစ်ကြသဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် မညီညွတ်သော အနောက်တိုင်း လွှမ်းမိုးသည့် ကိရိယာ တန်ဆာပလာများ အကူအညီ လုံးဝမလိုအပ်ပဲ လူတစ်ယောက်ကို ကြည့်လိုက်ရုံဖြင့် တုပ်ကွေးရှိမရှိ သိရှိနိုင်သော စွမ်းအားမြင့် လူသားများ ဖြစ်ကြပါသည်။ ဘန်ကီမွန်းပင်လျှင် ထိုသူများ၏ စွမ်းအင်ကို မျက်ဝါးထင်ထင် တွေ့မြင်အံ့သြ ရင်သပ်ရှုမော သွားရသည်ဖြစ်ရာ WHO တွင်သုံးရန် အယောက် ၇၅၀၀ အော်ဒါမှာသွားသဖြင့် ရှေ့အပတ်ထဲတွင် တင်ပို့ပေးရမည် ဖြစ်ပါသည်။ ပေါသူလူထုအနေဖြင့်လည်း ရောဂါကာကွယ်ရေးအတွက် အောက်ပါနည်းလမ်းများကို စနစ်တကျ လုပ်ဆောင်သင့်ပါသည်။

၁။ အဆိုပါ A/H1N1 ရောဂါပိုးသည် အသက်ရှုလမ်းကြောင်း မှတဆင့် အဓိက ကူးစက်ခြင်း ဖြစ်သည့်အားလျော်စွာ လွန်စွာမှကူးစက်မှုနှုန်း မြန်ဆန်လှပေသည်။ သို့ရာတွင် ငပေါကျန်းမာရေးဋ္ဌာနမှ နောက်ဆုံးဖော်ထုတ်ချက်အရ အသက်မရှုပဲနေလျှင် အဆိုပါရောဂါကို ရာနှုန်းပြည့် ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် လူထုအနေဖြင့် အသက်ရှုခြင်းကို သတိထား ရှောင်ကြဉ်ကြရန်။ မလိုအပ်ပဲ အသက်မရှုကြရန်။ သို့ရာတွင် ကျန်းမာရေးဌာန၏ နောက်ဆုံးတွေ့ရှိချက်အရ နှာခေါင်းတစ်ဖက်ကို ပိတ်၍ရှုပါက
ရောဂါဖြစ်ပွားနိုင်ချေ ၅၀% အထိကျဆင်းသွားကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့အတွက် လိုအပ်ပါက နှာခေါင်းတစ်ဖက်ပိတ်၍ ကျန်တစ်ဖက်ဖြင့်သာ အသက်ရှုကြရန်။

၂။ အဆိုပါ A/H1N1 ရောဂါပိုးသည် ကိုယ်ခံအားနည်းသူများကို အဓိက ကူးစက်တတ်သောကြောင့် ကိုယ်ခံအား များစေရန်အတွက် အားဆေးများများ ထိုးသင့်ပါသည်။ အားဆေးမတတ်နိုင်ပါက နေပူထဲပြေးခြင်း၊ ရေကူးခြင်း၊ မိုးရွာထဲ ဘတ်စ်ကား တွယ်စီးခြင်း စသည်ဖြင့် မိမိကိုယ်ခံစွမ်းအားများ မြင့်မားလာအောင် လေ့ကျင့်ယူနိုင်ပါသည်။ ထို့အပြင် ခွန်အားဖြိုးမောက် အေဘီစီစတောက်ဟု ဆိုထားသဖြင့် အေဘီစီများများ သောက်ရန်။ နောက်ဆုံးဖော်ထုတ် လေ့လာတွေ့ရှိချက်များအရ အောက်စီဂျင်ဓာတ်သည် ကိုယ်ခံစွမ်းအား မြင့်မားစေသည့်အတွက် အောက်စီဂျင် ဓာတ်ငွေ့အိုးကြီးများကို သွားလေရာ ယူသွား၍ရှုကြရန်။ အောက်ဆီဂျင် အိုးမတတ်နိုင်ပါက ရေခဲသည် အောက်ဆီဂျင်ဓာတ် အပြည့်ပါဝင်သော ပစ္စည်းဖြစ်သဖြင့် အမှတ်စဉ်၁တွင် ဖော်ပြထားသည့်အတိုင်း လက်တစ်ဖက်ဖြင့် နှာခေါင်းတစ်ဖက်ကိုပိတ်၍ အခြားလက်တစ်ဖက်ဖြင့်
ကျန်ရှိနေသောနှာခေါင်းဝ၌ ရေခဲကိုတေ့၍ရှုခြင်းအားဖြင့် ကိုယ်ခံစွမ်းအား တိုးမြှင့်ရာလည်းရောက်၊ ရောဂါပိုးကို ရာနှုန်းပြည့် ကာကွယ်ရာလည်းရောက်ကြောင်း ငပေါများ ရောဂါကာကွယ်ရေးဆပ်ကော်မတီမှ သတိပေး ထုတ်ပြန်လိုက်ရပါသည်။

ငပေါဂေဟာငှက်ကထကြီးအောင်ဒီကန်
ငှက်ကထ
ငပေါများရောဂါကာကွယ်ရေးဆပ်ကော်မတီ
စာကြွင်း။ ။
ကျန်းမာရေးဝန်ကြီး တုပ်ကွေးဖြစ်နေသဖြင့် ငှက်ကထကိုယ်တိုင် ကြေငြာရခြင်း ဖြစ်ပါသည်။

Saturday, May 23, 2009

ကူးသန်းရောင်းဝယ်ရေး ဝံကြီး၏ ထုတ်ပြန်ချက်

အစီအရင်ခံ စာမှာပါတဲ့ အကြောင်းတွေကို ကျွှန်တော်တို့တွေ ဆွေးနွေးမိကြတယ်ပေါ့ဗျာ။ ကျွှန်တော်တို့ဆိုတာ ကေလာမမ ၊ ကေလာ ၊ မွေးမြူဝံဂျီး ၊ ဇင်ဇင် နဲ့ ပေါညီ တို့ပေါ့ဗျာ .. ( စပီ ဇာတ်လမ်းက)

တစ်ယောက်ကို BE ထည့်ထားတဲ့ ခွက်တစ်လုံးစီ ကိုင်ပြီး ဂေဟာ မီးဖိုခန်းထဲက မီးကင်းတဲထဲမှာ အကြိတ်အနယ် ဆွေးနွေးကြတာ ... .. .

နောက်ဆုံး အဖြေတစ်ခု ထွက်လာပါလေရော .... ဂေဟာက လူဂျီးမြင်းတွေကို ခိုင်းစားမယ် ပေါ့။ အဲ့ဒါနဲ့ ထုတ်ပြန်ချက်တစ်ခု ကောက်ခါငင်ခါထုတ်လိုက်တယ် .. ထုတ်ပြန်ချက်ကို ဂေဟာမှ လူအားလုံး မြင်နိုင်သော အိမ်သာ တစ်ခါးဝ (အတွင်း၊အပြင်) မှာကပ်ထားကြောင်း

၁) ဂေဟာမှ ကူးသန်းရောင်းဝယ်ရေးဝံ ကြီးကို စာရေးကိရိယာများ ၀ယ်ယူနိုင်ရန် EURO တစ်သန်း ထောက်ပံပေးရန် . . . . .
၂) ၀ံကြီးငှာနများကို ၀ံကြီးချုပ်ကိုယ်တိုင် ထီးဆောင်းပြီး ကြီးကြပ်ရန် .. (ပုသိမ်ထီးပဲရမယ်)
၃) ကူးသန်းရောင်းဝယ်ရေးဝံဂျီး အဆမတန် တင်သွင်းထားသော သဘောင်္ဆေးများ အလကားမဖြစ်အောင် ဂေဟာကို ဆေးအသစ်ပြန်သုတ်ရန် ....
၎) အသင်းသူ အသင်းသားများ အလုပ် အရမ်းရှုပ်နေပါသောကြောင့်(၀ိုင်းထောင်နေတာ) ယင်းတို့အစား ဂေဟာမှ ငှက်ကထ ၊ နာယက၊ တွင်း(၁) ၊ တွင်း(၂) ၊ စည်းရုံးရေအမှုရှောင် ၊ အသင်းသားချုပ် ၊ အကျန်ပေး အရာရှိ တို့ကတာဝန်ခေတ္တ ယူထားရန် (သိပ်မလုပ်ရပါဘူး ဆယ်ထပ်ပဲရှိတဲ့ ဂေဟာကိုဆေးသုတ်ရုံပဲ )
[သဘာငတိကတော့ ၀ိုင်းထဲဝင်ပါနေလို့ မခိုင်းတော့ဘူး တစ်အိမ်လျှော့သွားဦးမယ်]
၅) အင်မတန်စပ်စုတတ်သူ ပေါညီ ခေါ် ကူးသန်းဝံ ကြီးကို အပြစ်ချမှတ်သောအားဖြင့် မီယာမီ ကမ်းခြေတွင်
တစ်လတိတိ သွားနေရန် (မှတ်ချက် ။ ။ အလုပ်လုပ်စရာမလို ) လျှော့ပေါ့သော ဒဏ်ပေးလိုက်သည်။

အထက်ပါတို့ကို သဝေမတိမ်း မလိုက်နာပါက ၀ိုင်းကြေးလုံးဝ မပေးနိုင်ပါကြောင်း ထပ်ဆင့် တင်ပြ အပ်ပါသည်ခင်ဗျား (အားလုံးသဘောတူညီပါကလက်ခုပ်တီးရန်) ......... သဘောမတူရင်နော် .. ဆေးသုတ်တဲ့အထဲပါသွားမယ် ဟင်းဟင်း

မှတ်ချက် = (ငတိ သဘောတူတယ်နော်။ ဒါပေမဲ့ ခဏခဏ ထမပြောနိုင်ဘူး။ ၁၂ဖဲ ဘာလာလာ ဒေါင်းနေပြီ။ မအားဘူး။)

Wednesday, May 13, 2009

ငပေါဂေဟာ ငပေါဆုတံဆိပ်များချီးမြှင့်ခြင်း

ငပေါဂေဟာမှ ငှက္ကဋ္ဌအကျိုး (အင်ဟုတ်ပါဘူး) ဂေဟာကြီး အကျိုးစီးပွားကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော ငပေါများကို ယနေ့နေ့စွဲ ဖြင့် ဂုဏ်ထူးဆောင် တံဆိပ်များ အပ်နှင်းကြောင်း ထုတ်ပြန် ကြေငြာပါသည်။
ဆုတံဆိပ်များမှာ အောက်ပါပုံ အတိုင်းဖြစ်သည်။

ဆုတံဆိပ်များမှာ အဆင့်မြင့်နည်းပညာဖြင့် အဆင့်အတန်းမြင့်စွာ ပြုလုပ်ထားခြင်းဖြစ်ရာ အဆင့်မြင့်လွန်းအားကြီးသဖြင့် အဆင့်မြင့် လူသားများသာ မြင်နိုင်သည်။ ဆုတံဆိပ်များမှာ

ဝဲမှယာ
၁.ပေါသဘာမဟာဘွဲ့၊
၂.ပေါအသဝေါရာဇာဘွဲ့၊
၃.၀ါးတီးပေါအားကြီးထောဘွဲ့၊
၎.ပေါနားရွက်ဘွဲ့၊
၅.အဂ္ဂမဟာငပေါရာဇာဘွဲ့ (အမြင့်ဆုံးဖြစ်သည်)
တို့ဖြစ်ကြသည်။

ပထမဆုံးအနေဖြင့် ပေါသဘာမဟာဘွဲ့ကို ငပေါဂေဟာ အကျိုးကို စွမ်းစွမ်းတမံ၊ ကျားကုတ်ကျားခဲ၊ မချိတရိ၊ မအိပ်မနေဆောင်ရွက်သော သဘာငတိကြီးနှင့် တွင်း ၂ တို့ကို ပူးတွဲချီးမြှင့်လိုက်သည်။

ဒုတိယ ပေါအသဝေါရာဇာဘွဲ့ကို ငပေါဂေဟာ၏ ထောက်ချုပ်ကြီးအား ချီးမြှင့်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ထောက်ချုပ်မှာ မည်မျှ အသဝေါများပြားသနည်းဆိုသော် (သူ၏အဆိုအရ) စာရေးမကိုပင် ချောချောမခန့်ဟူသတတ်။ ဒါတောင် မီးပျက်လျှင် အပြင်ထွက်နေရသည် ဟူ၏။ ထို့အပြင် အသင်းသားချုပ်ကြီး၏ မင်္ဂလာဆောင်ကို ကိုယ်ဖိရင်ဖိ ကူညီခဲ့သည့်အပြင် `အတွင်းသတင်း´ များကိုပါ အတိအကျ အသေးစိတ် ထောက်လှမ်း စုံစမ်းနိုင်၍ဖြစ်သည်။

တတိယ ၀ါးတီးပေါအားကြီးထောဘွဲ့ကို ငပေါဂေဟာ၏ ၀န်ကြီးများအားလုံးနှင့် အသင်းသူအသင်းသားများဖြစ်သော ကေလာနှင့် ပေါမမတို့ကို ချီးမြှင့်လိုက်သည်။ ငပေါဂေဟာ၏ ရန်ဘုံးငွေများကို လျာထားချက် ပြည့်မှီအောင် ရှာဖွေနိုင်သည့်အပြင်၊ လျာထားချက်ထက်ကျော်လွန်အောင် ၀ါးတီးဖွင့်နိုင်လွန်း၍ ဖြစ်သည်။ ဥပမာအနေဖြင့် လယ်ယာပြန်စားရေးဝန်ကြီး၏ ရာထူးအရ လုပ်ဆောင်ချက်များနှင့် ကေလာ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ကြလေ။

ပေါနားရွက်ဘွဲ့ကိုတော့ ဂေဟာ၏ ပိုင်အိုနီးယားများတွင်အပါအ၀င်လဲဖြစ်သည့် အမှုရှောင် ဘဂျီဆရာမကြီးနန်းညီကို ချီးမြှင့်လိုက်သည်။ ဂေဟာနှင့် လူဂျီးမြင်းများအတွက် ဘဂျီဘန်နာများ ပြုလုပ်ပေးသည့်အတွက် ဗန်ဂိုး၏နားရွက်ကို ဂုဏ်ပြုသည့်အပြင် အခုတလော နားရွက်သုပ်စားချင်နေသည်ဟု ပြောသဖြင့် ၀က်တုပ်ကွေးလဲ စိုးရိမ်နေရသော ကာလဖြစ်သောကြောင့် စိတ်အဆာပြေ နားရွက်ဆုချီးမြှင့်ခြင်း ဖြစ်သည်။

ကြားဖြတ်အနေဖြင့် ငပေါဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို ငပေါသူငပေါသားများအားလုံးအတွက် ပေါလန်းဂရေ့ခ်ျစ် အသစ်ကို တီထွင်ပေးသော ပညာရေးဝန်ကြီးအားချီးမြှင့်မည်ဖြစ်ပါသည်။

နောက်ဆုံး အမြင့်ဆုံး အဂ္ဂမဟာငပေါရာဇာဘွဲ့ကြီးကိုတော့ ဖြင့် ဂေဟာ၏ ဂုဏ်ထူးဆောင် ခေတ်ဆွေး နာယကဂျီးနှင့် ဂေဟာ၏ ပိုင်အိုးနီးယားလဲဖြစ် အတော်ဆုံးလဲဖြစ်သော၊ အချောဆုံး၊ အချမ်းသာဆုံး၊ ပညာအရှိဆုံး၊ ဆုံး ဆုံး ဆုံး . . . . ဖြစ်သော ငပေါဂေဟာရဲ့ ငှက်ထကြီးကို ပေးအပ် ချီးမြှင့်လိုက်ကြောင်း ထုတ်ပြန်ပါတယ်။


ပုံ/
ငှက်ကထ ထက် များစွာ ချောသော ကိုယ့် ဂုဏ်ကိုယ် မဖော်လိုသူ သဘာပတိ

Thursday, May 7, 2009

ကုန်ပစ္စည်းသစ် တင်မည်ဖြစ်ကြောင်း ကြေငြာခြင်း

အိုက်တန်းရှင်းပလိစ့်စ်စ် (ATT.....)
ဂေဟာသူဂေဟာသား အပေါင်းတို့ ခင်ဗျာ .. (လေးဒစ်စ့် အန် ဂျန်းဂဲမန်း )

ဂေဟာမှာရှိတဲ့ ခေတ်ဟောင်းနေပြီဖြစ်သော ဆိုက်ကျဲဒိုးများ အစား ငပေါကူးသန်းရောင်းဝယ်ရေး ၀ံကြီးမှ နောက်ဆုံးပေါ် ကားအသစ်များ အစားထိုးရန် တွန်းတိုက် လိုက်ရပါတယ် .....
နောက်ဆုံးပေါ် (07.05.2009 .. 093း0း45)လိပ်တက် ၊ ငါးတတ် (အချိန်အတိအကျနဲ့ပါတာနော်..အထင်သေးနဲ့) .. ဦးစ (U.SA) မှထုတ်လုပ်သော
ကားများ ကုန်တိန်နာ နဲ့ ပေါဂေဟာသို့ ရောက်ရှိလာပါပီ ဗျာ (မှာထားတာတင် တစ်နှစ်ကျော်ပီ ရှူးတိုးတိုး ဘယ်သူမှမပြောနဲ့နော်)

ကားနာမည်က ဆိုက်ရာဒို ဖြစ်ပါတယ် .. သူ့ရဲ့အသုံးဝင်ပုံကတော့ ခရီးကို ဆိုင်းမဆင့်ဗုံမဆင့်ပဲ အတိအကျ နှေးမှာဖြစ်ပြီး .. ဟွန်းသံမှ လွဲပြီးကျန်တဲ့ အသံများ အကုန်ထွက်မည် ဖြစ်ကြောင်း .. ။

၎င်းကားများကို ပရိုမိုးရှင်းအဖြစ် ဂေဟာမှ အဖွဲ့ ဝင်များကို လက်ဆောင်ပေးသွား
မည်ဖြစ်ပါကြောင်း .... လက်ဆောင်ပေးသော ကားများကို မိမိဘာသာ အင်ဂျင်တပ်
ဆင်ရမည် ။ ထိုအင်ဂျင်များကို တစ်လုံး ယူရို ၅သိန်းနှုန်းသာ ဈေးပေါပေါဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ပေါညီ ခေါ် ကူးသန်းဝံကြီးထံတွင် လက်ဆောင်ရသော ကားများကို လာရောက်ထုတ်
ယူနိုင်ပီ ဖစ်ကြောင်း ထပ်ဆင့်အကယ်ဒမီ (ဟုတ်ပါဘူး ရှုပ်ကုန်ပီ) ထပ်ဆင့်ကြော်ငြာ
အပ်ပါသည်။ မှတ်ချက်။ ။ လာရောက် မထုတ်ယူသော ဂေဟာမှလူများအား
ကူးသန်းခွင့်ပါမစ် ပိတ်မည်ဖြစ်ကြောင်း Underground မှသတင်းလွှင့်ထားသည်။

ပုံ/
ကူးသန်းဝံ (ပေါညီ)ကိုယ်တိုင် လက်မှတ်ရေးထိုးမှာ စားသည်။

လက်မှတ်

Tuesday, April 21, 2009

ကြော်ငြာစာတမ်း

ပေါဂေဟာက လူစုံရုံးမတတ်ကြသေးဘူး . . သင်္ကြန်မှာ ကဲမိလို့ အသားမဲသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်မှာ နှပ်နေကြတာလေ
ပေါညီကတော့ သင်္ကြန်အတွင်း မကဲထားတော့ (လူလိမ်မာ လေးလေ) ရုံးလဲ ပြန်ဖွင့်ရော အလုပ်ထဲမှာ လာအိပ်ပါရော ( အိမ်မှာ အိပ်တာ အားမရလို့ )
ကူးသန်းရောင်းဝယ်ရေးတွေလဲ ပုံမှန်ပြန်ဖြစ်ဖို့ ကျိုးစားရဦးမယ်လေ (ကြက်ပေါင်ကျိုး) .. အိုဘားမားနဲ့ လဲသွားတွေ့ ရသေးတယ်။
ဆီကိစ္စတွေ ဆွေးနွေးစရာရှိလို့တဲ့ .. အစကတော့ မူနေသေးတာ နောက်တော့ တစ်ပိုင်း တိုက်မယ်ဆိုတာနဲ့ အားနာနာနဲ့ လိုက်သောက်ရင်း သွားဆွေးနွေးတာလေ ..
အဲဒါကို သဘာငတိ သိသွားတော့ သူ့ကိုမခေါ်လို့ ဖုန်းဆက်ပြီး ရန်ရှာသေးတာ နောက်တော့မှ ဆိုက်ကျဲရိုးးလက်မှတ်ပို့လိုက်မှ ရောက်တဲ့နေရာက ဆိုက်ကျဲရိုးနဲ့ အမြန်မီအောင်လာတာ
အဲဒါတောင် ကေလာမမက လမ်းကြုံခိုးစီးလာသေးတယ် .. ဟိုရောက်တော့ အိုဘားမားနဲ့ စည်းအဝေးလုပ်ပြီး ပေါဂေဟာ တိုးတက်ရေးအတွက်
အောက်ပါ ကြေငြာချက်များပေါညီမှ ကြေငြာလိုက်သည် . . . .

၁) ဂေဟာတွင် အလုပ်လုပ်ရင်း နေထိုင်နိုင်ရန် ဂေဟာအဆောက်အဦး ချဲ့ထွင်ရန် လိုအပ်သည် ။ ထို့အတွက် ဆောက်လုပ်ရေးဝန်ကြီးကို အုပ်တစ်ချပ် သဲတပွင့် ထောက်ပံ့လိုက်သည် ။

၂) သင်္ကြန်တွင်းကဲထားကြပြီး နေမကောင်းသေး သူများအတွက် ဆေးခန်းတစ်ခန်း လိုအပ်သည် ။ ငှက်ကထကြီး ကိုယ်တိုင်လာ တက်မည်ဖြစ်ပါသဖြင့် အဆင့်မြင့်မြင့် ဓနိ ဖြင့်ဆောက်ရန် ။

၃) သင်္ကြန်အတွင်းအသုံးပြုထားသော ရေများ ပြန်လည်သုံးပြုနိုင်ရန် စီစဉ်ရေး ။ မဏပ်များတွင် အသုံးပြုထားသော သစ်သားများကိုလည်း သစ်တောပြုန်းတီးမှု မဖြစ်စေရန် ပြန်လည်စိုက်ပျိုးရေး ။

၎) သင်္ကြန်တွင်း ပိတ်ပင်ထားသော အ၀တ်အစားများကို ၀တ်ဆင်သူများ အားရေးယူပေးရန် ။ ဥပမာ ။ ။ တကိုယ်လုံး လုံလုံခြုံခြုံဝတ်ဆင်ထားသူများ

ပေါညီမှ အထက်ပါ တို့ကို ကိုယ်တိုင်မှာစား လက်မှတ်ရေးထိုးလိုက်သည်။

လက်မှတ်

Thursday, March 19, 2009

နှစ်သစ် သင်္ကြန်ကြိုဆိုခြင်း

အခု တစ်လော ပေါဂေဟာ လူဂျီးမြင်းများ ကမ္ဘာ့ စီးပွားရေး ကဒ်နဲ့အတူ ရောယောင်ပြီးအကြီးအကျယ် စိတ်ထိခိုက်နေကြတယ်နဲ့တူတယ်။

အချို့အချို့တွေကျတော့လည်း စာမေးပွဲရှိလို့တဲ့
အချို့အချို့တွေကျတော့လည်း ဟောလီးဒေး ပြည်တော်ပြန်သတဲ့
အချို့အချို့တွေကျတော့လည်း ပလာစတာကိစ္စ..ကော်ကိစ္စတွေနဲ. ရှုပ်နေကြဟန်တူလေရဲ..
အချို့အချို့တွေကျတော့လည်း မွေးနေ့ပွဲတွေ၊ အလုပ်တွေနဲ့ ယောင်နေကြတယ်လို့လည်း သိရတယ်။
(မမ ဘာမှပြောဘူးနော် . . . . မသိသလိုလေးဘဲ နေနေတာ . . .)

မမ ကတော့ လာမဲ့ မြန်မာ နယူးယားအတွက် ကဲဘို့ ပြင်ဆင်နေတယ်။ လာသမျှ စာတွေ ဖောက်လိုက်ရင် ၀ံကြီးဌာနတွေက ဖိတ်ထားတာနဲ့ ရုပ်ရှင်၊ သရုပ်ဆောင်တွေ မယ်တော်တွေက ဖိတ်ထားကြတာနဲ့။ သင်္ကြန်လေး ရှိတာမှ ၃ ရက်တည်း မမ ဘယ်နှစ်ကိုယ်များ ခွဲပြီး သွားရပါ့ မလဲ လို့
(အယ် တိုးတက်နေတဲ့ ခေတ်ကြီးမှာ ကိုယ်ခွဲစရာလား . . . ကိုယ်လုံး လုပ်ပြီး ပွားလိုက်မှာပေါ့ နော်)

ဟိုမရောက် ဒီမရောက်ရင်လည်း မျက်နှာပျက်စရာတွေ ဖြစ်အုံးမယ်လေ ဟူး . . . နာမည်ကြီး ဖြစ်ရတာကလည်း တကယ် တကယ်ကျတော့လည်း လွတ်လပ်မှုတွေ တကယ်ဆုံးရှုံးတာဘဲ။ အားလုံးကို ဥပက္ခာပြုပြီး ဂေဟာအတွက် ရေပက်မဏ္ဍပ်တစ်ခု လုပ်ချင်တယ်။

စိတ်ဝင်စားသူများ လိုအပ်သလိုအရေးတယူ မှာစား စာရင်းသွင်းနိုင်ကြပါကြောင်း။

မဏ္ဍပ်အမည်- ရင်ထဲဗလာ ပေါဂေဟာ

မဏ္ဍပ်နေရာ- U.K.(Upper kanaungto)

ဘာမဆို U.K မှ ဆိုလို့များ တို့လည်း U.K နိုင်ပါတယ်နော် . . .ဟွန်း

ဖွင့်လှစ်မည့်ရက်စွဲ- ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့ထိ

ကြိုဆိုရေး -sugar မင်း သို့မဟုတ် suger king ကို Hip Hop band များက ထိန်းမနိုင် သိမ်းမနိုင် အကများဖြင့် ဖြေဖျော်ကြိုဆိုရန်၊

အထူးလုံခြုံရေးအစီအစဉ်ဖြင့်၎င်း သယ်ဆောင်လာသော Hip Hop Band များကို out of service
ဖြစ်စေရန် အချိန်ပြည့် ကာဗာ ဆားဗစ် လုပ်နိုင်ရန် ဂေဟာမှ စီစဉ်ထားကြောင်း။

ဝတ်စုံ - ကိုးရီးယား ဒီဇိုင်း၊ တရုပ်ပြည်ဒီဇိုင်းများ ရိုးအီနေပြီဖြစ်သောကြောင့် ဂေဟာမှ ၀န်ထမ်းများအတွက် မိုင်၉၀ အကွာမှ ကွင်းကွင်း ကွက်ကွက် လင်းလင်းလက်လက် မြင်စေရန်အလို့ငှာ
သစ်ရွက် အစိုများဖြင့် စနစ်တကျပြုလုပ်ထားသော တာဇံ အကျီ င်္များအား အထူးမှာကြားပြီးဖြစ်ကြောင်း၊
(အနောက်တိုင်း ယဉ်ကျေးမှုကိုပယ်ဖျက်၍ အရှေ့တိုင်းကိုသာ ဦးစားပေးထားကြောင်း အနောက်က တိုင်းစရာမလို၍ ဖြစ်ပါသည်။)

ဝတ်စုံများမှာ မိန်းမ၀တ် နှင့် ယောက်ကျားဝတ် ဟူ၍ ခွဲခြားထားခြင်း မရှိကြောင်း (ရောင်းရန်လုံးဝ မရည်ရွယ်ပါ)
အကယ်၍ ဈေးကွက်များတွင် တွေ့ရပါက သက်ဆိုင်ရာ ဌာနဆိုင်ရာဝံကြီးများ အကြံအဖန်လုပ်ထုတ်၍သာ ဖြစ်ကြောင်း)

(သတိ- သစ်ရွက်ခြောက်လျှင် ကော်ပီ သာဖြစ်သည်)

မဖြစ်မနေရံပုံငွေ - မဏ္ဍပ်ကြီးဖြစ်မြောက်ရေးအတွက် ဒေါ်လာစား များအားမျှော်ကိုးပြီး စင်္ကာပူဒေါ်လာ ၁၀၀၀ မှစ၍ ရှိလျှင် ရှိသလို ထည့်နိုင်ကြောင်း၊

(ပေါဂေဟာမှ ရာထူးကြီးကြီး ရထားသော ၀ံကြီးများက အပြိုင်အဆိုင် အားရပါးရ စေတနာများ ထက်သန်စွာဖြင့် အလုအယက် လှူဒန်းကြမည်ဟုလည်း ယုံကြည်ထားပါကြောင်း . . ဂေဟာ ရန်ပုံငွေအတွက်လည်း စိတ်မအေးဖွယ်ရာများ ထပ်ကြုံရန်လည်းရှိကြောင်း။

ပျော်ရွှင်ရပိုင်ခွင့် - ရောင်စုံရေပိုက်တစ်ခုကို ၁၀ မိနစ်ကို စင်္ကာဒေါ်လာ ၅၀၀ ဖြင့် credit card or cash ဖြင့် လွယ်လင့် တကူပေးနိုင်ရန်၊ cash machine, ATM စက်များ မဏ္ဍပ်အတွင်း ထားရှိကြောင်း၊ ငွေသားများ ရေစို ပေါက်ကွဲ စုတ်ပြတ် မည်ကိုစိုးရိမ်၍ ပလပ်စတစ် ကာဘာများနှင့် အထပ်ထပ် လုံခြုံစိတ်ချစွာ စီမံထားပါသဖြင့် မလုပ်တတ် မကိုင်တတ်ဖြစ်နေလျှင် နီးရာဝန်ထမ်းအား အကူအညီတောင်းနိုင်ရန် အဆင်သင့် ရှိကြောင်း၊

(ဂေဟာဝန်ထမ်းများနှင့်အတူ ပတ်သက်ရာ ပတ်သက်ကြောင်း အတွယ်အတာများပါလာလျှင် ပလပ်စတစ်ရေပုံးနှင့် နို့ဆီခွက်များလည်း အလုံလောက်စီစဉ်ထားကြောင်း)

အစီအစဉ်များ - ကြွရောက်လာသမျှ 7 ရက်သားသမီးများ လွယ်လင့်တကူ စားသောက်နိုင်ရန် ဆန်ပြုတ်များကို ကျွတ်ကျွတ်အိတ်ဖြင့်ထည့်၍ အဆင့်သင့် ချိတ်ဆွဲထားကြောင်း၊ တန်းစီစရာ မလိုအောင် တစ်ယောက် တစ်ထုတ်နှုန်းဖြင့် ယူနီဖောင်းပြည့် ၀န်ထမ်းများက အပီအပြင် ၀န်ဆောင် ကြီးကြပ် စီမံ့ ပေးထားကြောင်း၊

အလွန်ဆာနေသောအချိန် အားရပါးရ စားသုံးနိုင်ရန်အတွက် အိုက်စကလင် များကိုလည်း သက်ဆိုင်ရာကောင်တာတွင် မှာစားနိုင်ကြောင်း၊

အုန်းသီး၊ ဖရဲသီး၊ ပိန္နဲသီး နှင့် ဒူးရင်းသီးများကို self service ဖြင့် ကိုယ့်ခွန်၊ ကိုယ့်အားဖြင့် နွှစားနိုင်ရန်လည်း အသင့်ထားပေးကြောင်း၊

မဏ္ဍပ်အတွင်း မူးယစ်သောက်စား ရမ်းကားခြင်းလုံးဝ မလုပ်ရန်အလို့ငှာ၊ မဏ္ဍပ်ဘေးတွင် လွတ်လပ်စွာ လုပ်နိုင်ကြောင်း နေရာ သတ်မှတ်ထားရှိ၊

ဖျော်ဖြေရေးများအတွက် ဆဲရန်ရှိ အစီအစဉ်ဖြင့် ၀ံကြီးများမှ ပါမစ်ချပေးရန် စောင့်ဆိုင်းနေပါသည်။
(သေချာလျှင် ထပ်မံကြေငြာပါမည်)

နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အို စာရင်းအရ ငှက်ကဌ၊ နာယကကြီး၊ ၀ံကြီးချုပ်၊ အသင်းသားချုပ်ကြီးနှင့် ၀ံကြီး အချို့အား ကတုံး တုံးရန် နှင့် ခြေသည်း လက်သည်းများကို ဂျပန် ခွာနည်းဖြင့် ပူဇော်မည်ဖြစ်ကြောင်း၊

ဧည့်သည်များ ယခုလို အင်တာနက်တွင် တင်လိုက်ပြီးသကာလ-ကိုနေကိုတိုး၊ အိန္ဒြာကျော်ဇင် ၊ မိုးဟေကို၊ ဖြိုးဝေစိုး၊ ပြေတီဦး တို့နှင့် အခြားမယ်တော်၊ ရုပ်ရှင်သရုပ်ဆောင်များသည်၎င်း၊ victoria Backham, Paris Hilton မှ သည် Ronadol7 etc နှင့် Prince William, Obama တို့မှ လာရောက်ရန် လျှောက်လွှာများနှင့် မိသားစုများသော brit pitt တို့အတွက် ဂေဟာမှ အလွန်ခေါင်းကိုက်စွာ လက်ခံရန် စဉ်းစားနေရပါကြောင်း၊ များတို့ ဂေဟာက မြန်မာမှု မြန်မာ့ ဟန်စစ်စစ်ဖြင့် ဖန်တီးထားသော် မဏ္ဍပ်ဖြစ်ပါ၍ နိုင်ငံခြားယဉ်ကျေးမှုများ မပါဝင်စေရန် ရည်ရွယ်ပါကြောင်း (သူတို့လာရင် ပေါက်ကရတွေ လုပ်ကြအုံးမှာ)

ရေပက်ခံထွက်လိုသော လူများအတွက် ထိုင်းနိုင်ငံမှ သုံးဘီးများကို ဘန်ကောက်မြို့တွင် နေထိုင်သော အသင်းသားက တစ်ပတ် တစ်စီးနှုန်းဖြင့် ချင်းမိုင်းမှ အဆင့်ဆင့် လိုင်စင်ပျောက် ကိုယ်တိုင် မောင်းယူလာမည်ဖြစ်ကြောင်း။

ဤကဲ့သို့ ဂေဟာ အတွက် အကြီးစားစီမံ ခန့်ခွဲမှုများဖြင့် မြိုင်ဆိုင်နေသောမဏ္ဍပ်မှာ နောက်ဆုံး အထူး အစီအစဉ်အနေဖြင်..

အကယ်၍ မပြောကောင်း မဆိုကောင်း အခိုက်အတန့်လေး မီးများမလာခဲ့သည် ရှိသော် ဓါတ်အားလေးများ ဖုတ်ကနဲ့ စက္ကန့်ဝက်လောက် ကျသွားခဲ့သည်ရှိသော်၊ ရောင်စုံ မော်တာပိုက်များ ဈေးကြီးပေးပြီး အပီအပြင် မြန်မာ့ ရိုးရာသင်္ကြန်ကို ကြိုဆိုခံစားနေကြသော မိကောင်းဖသား လူဂျီးများ အီလက်ထရိုက် ကြောင့် စိတ်အနှောင့် အယှက်မဖြစ်စေရန်အလို့ ငှာ မမ တို့ မဏ္ဍပ်ကို နီးစပ်ရာ U.K ဆိပ်ကမ်းတွင် ဆောက်လုပ်ရန် စီစဉ်ထားပါကြောင်း၊ နို.ဆီခွက် ပလပ်စတစ်ရောင်စုံပုံးများနှင့် သရက်ရွက်၊ ပိန္နဲရွက်များကိုလည်း အကုန်အကျများစွာ စီစဉ်ထားကြောင်း

လိုအပ်သည်များကို ထပ်ဆင့် မှာစားနိုင်ရန်အတွက် ဂေဟာမှ သက်ဆိုင်ရာဝံကြီးများအား
ပါမစ်ချပေးပါရန် တင်ပြလိုက်ရပါသည်။
ကေလာမမ

Wednesday, January 28, 2009

အရေးပေါ်ကြေညာချက်

ကမ္ဘာ့စီးပွားရေးကပ်ကြောင့် တကမ္ဘာလုံးနီးပါး အလုပ်လက်မဲ့ပြဿနာများနှင့် ရင်ဆိုင်နေရရာ ငပေါဂေဟာသို့ စုပြုံအလုပ်လျှောက်လာဖွယ်ရှိ သဖြင့် ယနေ့ ငပေါဘုတ်အဖွဲ့မှ အရေးပေါ်ကြေညာချက်တစောင် ထုတ်ပြန် လိုက်သည်။

၁။ ငပေါဂေဟာသည် အဖွဲ့ဝင်နှင့် ဝံဂျီးများအားလုံးကို လစာ ဒေါ်လာငွေ သန်းနှင့်ချီ၍ ပေးနေသောကြောင့် လည်းကောင်း၊ ပါမစ်များ ဖောချင်းသောချင်း ချပေးနေသောကြောင့် လည်းကောင်း၊ မည်သည့် စီးပွားရေးကပ်ရှိသည်မဆို၊ မည်သို့ပင် ပေါက်ကရလုပ်လုပ် မည်သူ့ကိုမျှ အလုပ်မဖြုတ်သောကြောင့် လည်းကောင်း ဂေဟာသို့ ဝင်လိုသူများ တနေ့ထက်တနေ့တိုးပွားလျှက်ရှိရာ ယခုဆိုလျှင် ဝံဂျီးများ စုံသလောက် ဖြစ်နေပြီ ဖြစ်သည် (ထို့အတွက် ငပေါလူကြီးမြင်းများက ဝမ်းသာအားရ ဖြစ်မိပါသည် - ဤကား စကားချပ်)

ထို့ကြောင့် ယနေ့မှစ၍ ၅ ရက်အတွင်း ဝံဂျီးလျှောက်လွှာလက်ခံခြင်း အစီအစဉ် ပိတ်သိမ်းတော့မည် ဖြစ်သည်။ သို့ရာတွင် ဂေဟာသို့ဝင်လိုသူများ စိတ်မပျက်ရန်အလို့ငှာ နောက်ထပ် ရာထူးများ စီစဉ်ထားပါသည်။ ယနေ့မှ စ၍ ဒုဝံဂျီးရာဒူးများကို ဦးရာလူ၊ ပေါရာလူစနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည် .. ။

၂။ ငပေါဂေဟာတွင် သမ္မတရာထူး လုံးဝ (လုံးဝ) ခန့်အပ်လိမ့်မည်မဟုတ်ပါ။ မစ္စတာအိုဘားမားကိုယ်တိုင် တောင်းတောင်းပန်ပန်ဖြင့် ငပေါသမ္မတ ခန့်အပ်ပါရန် တောင်းပန်လာသော်လည်း ကျွန်ုပ်တို့ ဘုတ်အဖွဲ့က စိတ်မကောင်းခြင်းကြီးစွာ ငြင်းပယ်လိုက်ပါသည် (ငပေါအဖွဲ့ကငြင်းလိုက်သဖြင့် သူ့ခမျာ အလွန်သိမ်နုတ်သော အမေရိကန်သမ္မတရာထူးကို လက်ခံလိုက်ရခြင်းဖြစ်သည်)

အဘယ်ကြောင့် ဟူမူကား ငပေါဂေဟာတွင် ဘုတ် အဖွဲ့ဟူ၍ ရှိနေရာ ယင်းဘုတ်အဖွဲ့က သမ္မတရာဒူးဂျီး (ဆာဒူးကြီးမဟုတ်) ကို ပူးတွဲတိုင်ပင် နှီးနှော၍ စုပေါင်း ထမ်းဆောင် သွားမည်ဖြစ်သောကြောင့်ပင် (ဒါကတော့ ခေါင်းတခေါင်းထဲထက်စာရင် ခေါင်းများတော့ ကောင်းတယ်ဟူသော နောက်ဆုံးပေါ် ဂလိုဘယ် ပေါ်လစီအရ ဖြစ်ပါသည်) ထိုအကြံကို အမေရိကန်နိုင်ငံက ဒေါ်လာ ဘီလီယံနှင့်ချီ ပေး၍ လာဝယ်သည့်တိုင်အောင် ငပေါဘုတ်အဖွဲ့က မရောင်းလိုက်ဘဲ ကိုယ်တိုင်ကျင့်သုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မှတ်ချက်။ ။ ပေါစံချိန်မမီသူများ အသင်းဝင်အဖြစ်သာ လက်ခံမည်။

ဤကား ငပေါဂေဟာ လူကြီးမြင်းများ၏ စေတနာပင်ဖြစ်တော့သည်။ ဂေဟာအဖွဲ့ဝင်များ ကျန်းမာကြပါစေ။ လောင်းလစ်ဗ် ငပေါဗီလာ။

ပုံ/ ငပေါဘုတ်