ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label *ဝန်ကြီးချုပ်. Show all posts
Showing posts with label *ဝန်ကြီးချုပ်. Show all posts

Sunday, February 28, 2010

သတင်းစာရှင်းလင်းပွဲ

ငပေါများဂေဟာ ဆုရခြင်းကြောင့် ကျွန်ုပ်၏လက် ယောင်ကိုင်းသွားရခြင်း နှင့် နာယကဂျီး၏ သတင်းစာရှင်းလင်းပွဲ
ဝန်ကြီးချုပ်

ဒီကနေ့ ကျနော့်ရဲ့ ညာဘက်လက် လုံး - - - ၀ ယောင်ကိုင်းသွားတယ်။ ကွန်ပြူတာရှေ့မှာ မောက်စ်ကိုင်တာ များသွားလို့ မဟုတ်ပါဘူး။ နာယကဂျီးရဲ့ ရေလိုက်ငါးလိုက် မနေတတ်မှုကြောင့်လို့ ဆိုသော် ရ၏ပေါ့ခင်ဗျာ။ ဖြစ်ပုံက - ဒီလို ဒီလို။

ဒီမနက် ဘလော့အကယ်ဒမီဆု ၁၀ ခုပေးတဲ့ပွဲကို မျက်စေ့လည်သလိုလိုနဲ့ တမင်တကာ ရောက်သွားတယ်။ အခမ်းအနားမှာ နာယကဂျီးကိုလည်း တွေ့လိုက်ရတယ်။ သူလည်း ကိုယ့်လိုပဲ၊ ဘာမှ မသိသလိုနဲ့ အူကြောင်ကြောင်နဲ့ သွားထိုင်နေတာပေါ့။ ထူးခြားတာက သူ့လက်ထဲမှာ ကော်ဖီခွက် ကိုင်ထားတယ်။ ညတုန်းက များသွားတာကို ကော်ဖီတခွက်နဲ့ ပြန်လည်ကုသဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်။

ဟန်သစ်ငြိမ်တယောက်လည်း အကယ်ဒမီဆု ကြေညာချိန်မှာ ရောက်နေတယ်။ ဆုတွေကို ဘယ်ဘလော့တွေ ဆွတ်ခူးမလဲ ဆိုပြီး သူလည်း ရင်ခုန်စွာ စောင့်ဆိုင်းနေဟန်တူတယ်။ သူကလည်း နာမည်တလုံးနဲ့ ဘလော်ဂါကြီးတယောက် မဟုတ်လား။

အချိန်တန်တော့ အခမ်းအနားမှူးက ဆုရတဲ့ ဘလော့တွေကို ကြေညာပါတယ်။ အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆုကို ဆွတ်ခူးသွားတာကတော့ ငပေါများဂေဟာ crazyvilla.net ဖြစ်ကြောင်း ကြေညာလိုက်ချိန်မှာ ကင်မရာသမားတွေဆီက မီးပွင့်တွေ တဖျပ်ဖျပ် ပွင့်သွားလေရဲ့။

မီးပွင့်တွေနဲ့အတူ ခန်းမကြီးထဲမှာ ရှိတဲ့ ပရိသတ်များက ကျနော်တို့ဆီ ပြေးလာကြပါတယ်။ အင်မတန် ဂုဏ်ယူကြောင်း၊ ဒီဆုနဲ့ အရမ်း အရမ်း ထိုက်တန်ကြောင်း၊ ဒီဆု ရသင့်တာ ကြာပြီဖြစ်ကြောင်း၊ ကွန်ဂရက်ကျူလေးရှင်းကြောင်း ပြောပြီး အားရပါးရ လက်ဆွဲ နှုတ်ဆက်ကြပါတယ်။ အခမ်းအနားမှူး ဦးလေးကြီး နဲ့ ဆုပေးတဲ့အဖွဲ့က ဦးလေးကြီးတွေရဲ့ လက်တွေကိုတော့ မမြင်ချင်ယောင် ဆောင်လိုက်ပါတယ်။ ထိုင်းမလေးတွေရဲ့လက်၊ အင်္ဂလိပ်မတွေရဲ့လက်၊ ပြင်သစ်က မဒီတွေရဲ့လက်၊ အာဖရိကလက်တွေတောင် ပါပါသေးတယ်၊ အရေအတွက် မနည်းလှပါဘူး၊ သူတို့လေးတွေရဲ့ ဂုဏ်ပြုချင်လို့ လက်ဆွဲနှုတ်ဆက်မှုတွေကိုတော့ ငြင်းလို့ ဘယ်ကောင်းမလဲ။

ကျနော်တို့နားမှာ ရှိတဲ့ နာယကဂျီးကတော့ အေးဆေးပါပဲ။ သူ့ဆီကို ဂုဏ်ပြုဖို့ ရောက်လာသူတွေထဲမှာ ဆုရွေးချယ်ရေးအဖွဲ့က လူကြီးမင်းတယောက်က ရှေ့ဆုံးကပါ။ အဲဒီလူကြီးက သူ့ကို ဟဲလို နာယကဂျီးစ်လို့ ပြောလည်း ပြော၊ လက်လည်း ကမ်းလိုက်ပါတယ်။ ဒီတော့ အူကြောင်ကြောင် ရပ်နေတဲ့ နာယကဂျီးလည်း သူ့လက်ကို ယဉ်ကျေးမှုအရ ရှေ့ကို ထုတ်ပေးလိုက်ရပါတယ်။ ဒါပေမယ့် နာယကဂျီး လက်ထဲမှာ ကော်ဖီခွက် ကိုင်ထားတော့ ဘာပြောကောင်းမလဲ ကော်ဖီပူပူတွေက ဟိုလူကြီးမင်း ကမ်းလာတဲ့လက်ပေါ် ကျသွားတော့ ဟိုလူကြီးမင်းခမျာ ခေတ်ပေါ်အက ကသလို တွန့်လိန် ခုန်ပေါက် သွားပါလေရော။

ဒါကို မြင်လိုက်တဲ့ ပရိသတ်ကြီးက သူ့ဘက် မသွားရဲတော့ဘဲ ကျနော့်ဘက်ကို ပြုံပြီး လာကြပြီပေါ့။ သို့ကလို ငပေါများဂေဟာရဲ့ အောင်မြင်မှုကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုချင်တဲ့ ပရိသတ် အရေအတွက် အများအပြားကို လက်ခံ နှုတ်ဆက်ရတာကြောင့် ကျနော့်ရဲ့ ညာဘက်လက် ယောင်ကိုင်းသွားရတာပါပဲ။ ဂုဏ်ပြုမှုတွေကို နာယကဂျီးကသာ တ၀က်လောက် မျှယူလိုက်လိုက်ရင် ကျနော့်လက် အဲသလောက် ယောင်မှာ မဟုတ်ပါဘူး။ ဒီစာကို တရက်နောက်ကျပြီးမှ ရေးရတာ ဒါကြောင့်ပါ။ ကဲ - လိုရင်း ဆက်ပါ့မယ်။

ဟန်သစ်ငြိမ်လည်း အငြိမ်မနေရဘူး။ သူ့ကို ငပေါများဂေဟာက ဆရာ့ဆရာကြီး တဦးမှန်း နိုင်ငံတကာ သတင်းဌာနပေါင်းစုံက သိသွားတဲ့အခါ သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးဖို့ တောင်းဆိုသံတွေ ဆူညံသွားပါတယ်။ သူက ဖေဖော်ဝါရီ ၃၀ ရက်နေ့မှာ အထူး သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ပြောပေမယ့် သတင်းသမားတွေက သဘောမတူပါဘူး။ ဒီနေ့လုပ်မှ သင့်တော်မယ်။ ဒီနေ့လုပ်မှ ဖြစ်မယ်၊ ငပေါများဂေဟာက ဖေဖော်ဝါရီ ၂၅ မှာ ဆုရတဲ့အတွက် ဒီနေ့ကို ငပေါများနေ့ လို့တောင် သတ်မှတ်လိုက်ချင်တယ် စသဖြင့် ဂျီကျ အပူကပ်ကြတဲ့အတွက် ဟန်သစ်ငြိမ်လည်း သူတို့ကို အလိုလိုက်ရပါတော့တယ်။ လုပ်ပေးပါ့မယ်ပေါ့။

နာယကဂျီးကိုယ်တိုင် သတင်းသမားတွေကို ရှင်းလင်းပွဲလုပ်မယ်၊ ညနေပိုင်းမှာ လုပ်မယ်၊ ဧည့်ခံဖို့ ပုလွေဆရာတရာ များစွာလည်း ပါမယ် ဆိုပါစို့၊ အဲသလို အော်ချက်ထုတ်လိုက်တယ်။

ဟန်သစ်ငြိမ်က အဲသလို ရဲရဲဝံ့ဝဲ့ အာမခံလိုက်တာ အကြောင်းရှိတယ် တဲ့။ နာယကဂျီးဟာ သူကိုယ်တိုင် ဦးစီးတဲ့ အင်တာနေရှင်နယ် လင်းဂွစ်ရှ် စကားပြောနည်း သင်တန်းကြီးမှာ တက်ရောက်လေ့လာနေတာ အတော်ကြာပြီ ဆိုပဲ။ ဒီတော့ ဘယ်သတင်းဌာနက ဘာစကားနဲ့ မေးမေး အဆင်ပြေပြီပေါ့။

ပြီးတော့ အယ်ဂျာဇီးယား၊ ဘီဘီစီ၊ ဘီကီနီ စတဲ့ ကမ္ဘာကျော်သတင်းဌာနပေါင်းစုံက ဌာနမှူးတွေကိုယ်တိုင် အသံဖမ်းစက်၊ ကင်မရာ အကြီးအသေးပေါင်းစုံ၊ ဧရာမဆလိုက်မီးတွေနဲ့ စောင့်ဆိုင်းနေတော့ ဟန်သစ်ငြိမ်က အားနာဟန် တူပါရဲ့။

စိုးရိမ်စရာ ကောင်းတာက နာယကဂျီးတယောက် ဒီ မီဒီယာဆရာတွေနဲ့ အိုကေပါ့မလားပေါ့။ ဒီလိုပွဲ လုပ်တယ်ဆိုတာ လွယ်တာမှတ်လို့။ နာယကဂျီးကတော့ ယုံကြည်ချက် အပြည့်ပါပဲ။ သတင်းစာရှင်းလင်းပွဲ ဆိုတာ အီးဇီး (easy)၊ ကိတ်မုန့်တဖဲ့ (a piece of cake)၊ ချွေးမထွက်ဘူး (no sweat) တဲ့။ အင်း - ပြဿနာတွေ အကြီးအကျယ် တက်တော့မှာပဲလို့ ထင်မိတယ်။

ညနေရောက်တော့ ကျနော့်ရဲ့စိုးရိမ်စိတ်တွေ လျော့သွားပါတယ်။ နာယကဂျီးကို သူ့လုပ်ငန်းခွင်မှာ အေးအေး ဆေးဆေး တွေ့လိုက်ရလို့ပါပဲ။ သတင်းစာရှင်းလင်းပွဲလည်း အထိုက်အလျောက် ပြီးသွားပြီလို့ သူက အေးအေး ဆေးဆေး ပြောပါတယ်။ ရှင်းလင်းပွဲ ပြုလုပ်ပုံကိုလည်း ပြန်ပြောပြပါတယ်။ ဒီလိုပါ -

"သတင်းစာ ရှင်းလင်းပွဲလား၊ ပြီးပြီ ဆိုပါတော့ဟယ်။ ငါ့စားပွဲပေါ်မှာ သတင်း ရေးထားတဲ့စာရွက်တွေ မနေ့က အထိ ပြန့်ကျဲ ရှုပ်ပွနေတာ တွေ့တယ် မဟုတ်လား၊ အခု အဲဒီသတင်းစာရွက်တွေကို ငါ ရှင်းပစ်လိုက်တယ်။ လွယ်ပါတယ်၊ အကုန်လုံးကို စုထပ်ပြီး ကွန်ပြူတာနောက်ဘက်မှာ ပုံထားလိုက်တာပါပဲ။ ဟီးဟီးဟီး" တဲ့။ ။

Friday, October 2, 2009

ဂေဟာပြန်တမ်း

CrazyVilla သည် “မြန်မာပြည်ဘလော့လောကတွင် နာမည်ကြီးသော blogspot.com” တွင် အကောင့်တခုယူပြီး လက်ဆော့လေ့ရှိသည့် မစ္စတာကေလာ အား CrazyVilla ၏ တွင်းတစ် အဖြစ် တာဝန် ဝတ္တရားများကို စတင် ဆောင်ရွက်သည့် နေ့မှစ၍ ခန့်ထားလိုက်သည်။

ပုံ
ဝန်ဂျီးဂျုပ်

၁။ ဝန်ဂျီးဂျုပ်တို့၏ တာဝန် ပိုင်ဆိုင်သည်နှင့် အညီ (ရှိတာနဲ့ ပိုင်ဆိုင်တာနဲ့ အတူတူပဲမဟုတ်လား) ဂေဟာအတွက် ကနဦး၊ ပိုင်အိုးနီးယား၊ ပထမဆုံးအကြိမ် ရာထူးတိုးခြင်းကို အများသိစေရန် လုပ်ဆောင်ရတော့မည် ဖြစ်သောကြောင့် ဂေဟာပြန်တမ်းကို အထက်ပါအတိုင်း ထုတ်ပြန်နိုင်ရန် ရေးသားလိုက်ရသည်။

၂။ ကေလာကောင်၏ တာဝန်မှာ ဘာမျှ မရှိပေ။ သို့သော်
(က) ပို့စ်များကို ဘုတ်အဖွဲ့ဝင် လူကြီးမြင်းများသို့ ဖော်ဝါ့လုပ်ခြင်း၊
(ခ) ဆင်ဆာ မဲပေးခြင်း
(ဂ) ဆင်ဆာအမိန့်ကျလျှင် ပို့စ်တင်ခြင်း
စသည်တို့ကို သေသေချာချာ၊ တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ ကြိုးကြိုးစားစား၊ ဇွဲနဘဲရှိရှိ (နဘဲဆိုတာ ဘာလဲ သိရန် မလို)၊ လေးလေးမြတ်မြတ်၊ မပျက်မကွက်၊ မလွဲမသွေ၊ တကယ်၊ အတည်ပေါက်၊ အဟုတ်၊ မုချ လုပ်ရမည်။

၎။ ဤရာထူးတိုးခြင်းကို အမှုရှောင်၊ တွင်းတူး၊ ငတိ၊ နာယက တို့ ၄ ဦး သဘောတူသဖြင့် အိုင် ကျွန်ုပ် အတည်ပြုလိုက်သည်။

၎။ ကေလာကောင်၏ လစာကို ဒေါ်လာ ၁ သိန်း ပလပ်စ် ကျပ် ၅၀၀၀ (ယခုထွက်မည့် ငါးထောင်တန် အသစ်စက်စက် တရွက်) သတ်မှတ်ထားသည်။ တာဝန် ဝတ္တရားများ ထမ်းဆောင်မှု၊ အမိန့်နာခံမှု၊ တီထွင်ဖန်တီးမှု၊ ဆက်ဆံရေးကောင်းမှု၊ အတွေးအခေါ်များ စူးရှမှု (ဆိုင်လားတော့ မသိဘူး) စသည်တို့အပေါ် မူတည်ပြီး လစာ တိုးမည် သို့မဟုတ် လျှော့ပစ်မည်။

၅။ ဂေဟာ၏လုပ်ငန်းများအတွက် စရိတ် လိုအပ်ပါက ကေလာသည် သူ၏ ဘဏ်ကတ်ကို ATM ဟု လူသိများသော စက်အတွင်းသို့ ထည့်ပြီး လျှို့ဝှက်နံပတ်ကိုနှိပ်လိုက်လျှင် အားလုံး အဆင်ပြေသွားနိုင်မည် ဖြစ်သည်။ ထို့နောက် စက်တွင်ရှိသော ခလုတ်တချို့ကို ဉာဏ်ရှိသလို နှိပ်ပါက ထိုစက်က သူ့အား ငွေသား (ငွေသား) ထုတ်ပေးစေရန် ကျွန်ုပ်တို့ စီမံထားသည်။

၆။ မစ္စတာကေလာသည် ဂေဟာ၏ လုပ်ငန်းများကို နေ့စဉ် လုပ်နိုင်သည်။ ခံစားခွင့်အဖြစ် လစဉ် ၃၁ ရက်နေ့တိုင်းတွင် နေ့တ၀က် ခွင့်ယူနိုင်သည်။ သို့သော်လည်း ဂေဟာလူကြီးမြင်း တဦးဦး၏ ထောက်ခံမှုဖြင့် အနည်းဆုံး ၁ လ ကြိုတင်ပြီး ခွင့်ယူရမည်။

၇။ တဦးတည်းသော အသင်းသား ကေလာကို တွင်း ၁ ရာထူး ခန့်အပ်ခြင်း ဖြစ်သောကြောင့် အသင်းသားနေရာ လစ်လပ်သွားသည်။ ထို့ကြောင့် ထိုနေရာကို လျှောက်ထားလိုသူများ လျှောက်ထားနိုင်သည်။ လျှောက်ထားသူသည် အမျိုးသား ဖြစ်ရမည်။ အမျိုးသမီးများ လျှောက်ထားရန် မလိုရေးချ မလိုပါ။

ကံကောင်းပါစေ မစ္စတာ ကေလာ

သင့်ရဲ့ - ၀န်ဂျီးဂျုပ်

Tuesday, August 18, 2009

နုတ်ထွက်ခြင်းဥပဒေ (၁၃၇၁ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁၃ ရက် ၊ ၁၈-၈-၂၀၀၉)

နုတ်ထွက်ခြင်းဥပဒေ
၁၃၇၁ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁၃ ရက် ၊ ၁၈-၈-၂၀၀၉

နိဒါန်း
ဤဂေဟာကြီးတွင် ရုံး လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေကို ထုတ်ပြန်ရန် လိုအပ်လျှက်ရှိသည်။ ထို့ကြောင့် အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်။

အခန်း ၁။ ဤဥပဒေကို နုတ်ထွက်ခြင်းဥပဒေ ဟု ခေါ်တွင်စေရမည်။
အခန်း ၂။ နုတ်ထွက်လိုသူသည် ထွက်စာကို လျှောက်လွှာစာရွက်ဖြင့်သာ ရေးသားတင်ပြရမည်။ ကွန်ပျူတာစာစီဖြင့် မဟုတ်ဘဲ ကာယကံရှင်၏ လက်ရေးဖြင့် ရေးသားရမည်။
အခန်း ၃။ အနည်းဆုံး စာမျက်နှာ ၅၀၀ ရှိရမည်။ စာတမျက်နှာတွင် စာကြောင်းရေ ၂၀ ရှိရမည်။
အခန်း ၄။ သတ်ပုံမှားသော လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်။
အခန်း ၅။ သတ်ပုံ အကျအပေါက် စစ်ဆေးရန် ပညာရေးဝန်ကြီးတွင် တာဝန်ရှိသည်။
အခန်း ၆။ ကိုရီးယား၊ ယိုးဒယား၊ အီသီယိုပီးယား စသည့် ယား ဖြင့် ဆုံးသော ဘာသာများဖြင့်သာ ရေးရမည်။
အခန်း ၇။ လျှောက်လွှာကို နာယကဂျီးထံသို့  အမြန်ချောပို့ဖြင့် (အမြန်ချောပို့ဖြင့်) ပို့ ရမည်။
အခန်း ၈။ နာယကဂျီးက လျှောက်လွှာကို ၁ ရက်အတွင်း အပြီး ဖတ်ရမည်။
အခန်း ၉။ နာယကဂျီးက ၀န်ဂျီး ၅ ဦးဖြင့် မျက်နှာချင်းဆိုင် သွားရောက် တွေ့ဆုံပြီး နုတ်ထွက်ခွင့် ပြုမပြုကို အနည်းဆုံး ၅ နှစ်ကြာ ဆွေးနွေး တိုင်ပင်ရမည်။ ထိုသို့ တိုင်ပင်ရမည့် နေ့ကလည်း လဆန်း ၅ ရက်နေ့ ဖြစ်ရမည်။ ထိုနေ့ ညနေ ၅ နာရီတွင် ငါးကြော် သို့မဟုတ် ငါးဟင်း တမျိုးမျိုးကို စားပြီး တိုင်ပင်ကြရမည်။ ကုန်ကျစရိတ်ကို ဘဏ္ဍာရေးဝန်ကြီးထံတွင် ထုတ်ယူရမည်။
အခန်း ၁၀။ နာယကဂျီး နှင့် ၀န်ကြီးများထံမှ လာသည့် ဆုံးဖြတ်ချက်သည် မည်သို့သော ဆုံးဖြတ်ချက် စေကာမူ တရားရေးဝန်ကြီး၏ အတည်ပြုချက်ကို ရယူရမည်။
အခန်း ၁၁။ ထိုသို့ အတည်ပြုပြီးပါက နုတ်ထွက်လွှာ တင်သွင်းသူကို အမှန်တကယ် နုတ်ထွက်လိုခြင်း ရှိမရှိ မေးရမည်။ မေးသည့်အခါ မြန်မာဘာသာကိုသာ သုံးရမည်။
အခန်း ၁၂။ နုတ်ထွက်လိုခြင်းမရှိဟု ဖြေပါက လျှောက်လွှာကို ပိဿာချိန်ဖြင့် ရောင်းစားရမည်။
အခန်း ၁၃။ နုတ်ထွက်လိုသေးသည်ဟု ဖြေဆိုပါက ၀န်ကြီးများအဆင့် အစည်းအဝေးကို ၅ နှစ်အတွင်း ခေါ်ဆိုပြီး ထိုလျှောက်လွှာကို အစုံ ၂၀ ကူးပြီး တင်ပြရမည်။

ရှင်းလင်းချက် ၁။
အနည်းဆုံး စာမျက်နှာ ၅၀၀ ရှိရမည် ဟု အခန်း ၅ တွင် ပြဌာန်းထားသော်လည်း ၀န်ကြီး ၁၅ ဦး၏ ထောက်ခံချက် ပူးတွဲ တင်ပြနိုင်လျှင် စာမျက်နှာ ၄၈၅ မျက်နှာ ရေးသားနိုင်သည်။

ရှင်းလင်းချက် ၂။
လျှောက်လွှာများကို ရေးသားရာတွင် ကာယကံရှင်၏ ညာလက် သို့ မဟုတ် ဘယ်လက်ကို အသုံးပြုရမည်။

ရှင်းလင်းချက် ၃။
အခန်း (၉)တွင် ဖော်ပြထားသည့် ဘဏ္ဍာရေးဝန်ကြီး တာဝန် လစ်လပ်နေဆဲ ဖြစ်သည်။ ထိုဝန်ကြီး မရှိသေးသရွေ့ ကုန်ကျစရိတ်ကို နာယကဂျီးက ကျခံရမည်။ နာယကဂျီး ဘိုင်ပြတ်နေပါက လျှောက်လွှာတင်သွင်းသူက ကုန်ကျစရိတ် တာဝန်ယူရမည်။

ထုတ်ပြန်သူ
ဝံဂျီးဂျုပ်
(ကြားဖြတ် ဥပဒေ)

Thursday, June 18, 2009

ပိုက်ဆံလိုနေတယ်ဟုတ်၊ မပူနဲ့၊ နည်းလမ်းတခု ရှိတယ်။

ဇင်းမယ် တိရိစ္ဆာန်ရုံမှာ ပန်ဒါ တကောင် မွေးတယ်။ ဒီနေ့ (ဇွန် ၁၈ ရက်နေ့ သောကြာနေ့)မှာတော့ ပန်ဒါလေးက ၁၆ ရက်မြောက် မွေးနေ့ကို ကျင်းပနေလေရဲ့။ သိပ် ငယ်သေးတယ်။ ဒါပေမယ့် မကြာခင် စားလို့ ရတော့မယ်။ သွားပေါက်ပြီး အစာစားလို့ရတော့မှာကို ပြောတာပါ။ ပန်ဒါကိုတော့ ချက်စားလို့ ဘယ်ဖြစ်မလဲ။ ချက်စားလို့ကတော့ အင်မတန့် အင်မတန် ရာဇာဝတ်တော် ခံရမယ့်ကိစ္စဗျာ။ ရှားပါးပစ္စည်းထက်တောင် ရှားသေးတယ်။ ယိုးဒယားမှာ ဒီလို အဖြူအမည်းဝက်ဝံ မရှိ။ တရုတ်ပြည်ကနေ ၂ ကောင် ချေးငှားထားတာလေ။ ပြန်ပေးရမှာ။ ၁၀ နှစ်ပြည့်တာနဲ့ ပြန်ပို့ပေးရမှာ။ ဒီ ပန်ဒါပေါက်စလေးလည်း နောက် ၂ နှစ်အထိပဲ ဇင်းမယ်မှာ နေရမယ်။ ထပ်နေစေချင်ရင် တရုတ်အစိုးရကို ခွင့်တောင်းရမယ်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ဒါမှမဟုတ် ပန်ဒါသံခင်းတမန်ခင်းကို အကြောင်းပြုပြီး နောက်ထပ် ၁ နှစ်လောက်တော့ ရမယ် ထင်ပါရဲ့။ မိဘတွေလို ၁၀ နှစ်တော့ နေခွင့်ရမယ် မထင်။ ပန်ဒါပေါက်လေးကို ကြည့်ချင်ရင် တီဗီရှေ့မှာ ထိုင်စောင့်ကြည့်ပေတော့။ ဘာဖြစ်လို့လဲဆို ဇင်းမယ် တိရိစ္ဆာန်ရုံသွားလည်း ဒီကောင်လေးကို တီဗီထဲကတဆင့်ပဲ ကြည့်ရမယ်လေ။ အထီး အမ သိချင်လို့ သတင်းတွေ လိုက်ဖတ်ကြည့်တာ AFP သတင်းတခုမှာ female လို့ ဆိုထားရဲ့။ အဲဒီ ပန်ဒါလေးအတွက် နာမည် ပို့ပေးကြပါ။ အဲဒီနာမည် ကြိုက်ရင် ရွေးမယ်။ ဘတ်တသန်း ဆုချမယ် ဆိုပဲ။ အဲသလို ထိုင်းအာဏာပိုင်တွေက ကြေညာထားတယ်။ ဒါကြောင့် ဒီပို့စ် ခေါင်းစဉ်ကို “ပိုက်ဆံလိုနေတယ်ဟုတ်၊ မပူနဲ့၊ နည်းလမ်းတခု ရှိတယ်” လို့ ပေးထားတာပေါ့။ ဘတ်တသန်း မြန်မာငွေ ဘယ်လောက်လဲ သိချင်ရန် ၃၁ နဲ့ မြှောက်။ နာမည်ပေးရမှာ ဒီနေ့ နောက်ဆုံးပဲ။ နက်ဖန်ဆို လက်မခံတော့ဘူး။ သြဂုတ် ၂ ရက်နေ့မှာ နာမည်ကို ကြေညာမယ် ဆိုပဲ။

ပန်ဒါလေးအတွက် အရွေးခံရတဲ့ နာမည်က ဘာများ ဖြစ်မလဲ၊ တူးတူးသာ၊ ကေသွယ်၊ ပန်ဒိုရာ ဆိုတဲ့ နာမည်တခုခု ဖြစ်လာမယ် ထင်ပါရဲ့း) အင်း - - မေငြိမ်း၊ ခင်မင်းဇော် စသဖြင့်လည်း ဖြစ်နိုင်တာပဲ။ တော်သေးပြီ။ :D

Sunday, March 15, 2009

ဝန်ကြီးချုပ်ထံမှ ဥပဒေ မူကြမ်း

ပုံတွင် တွေ့ရသည်မှာ နာယကကြီး ပါဝင်သော ညစာစားပွဲ အခင်းအကျင်းဖြစ်သည်။ တမတ်စေ့ ပုံစံ ပန်းကန်ပြားထဲမှ ဟင်းလျာမှာ ကြက်ရိုးများကို ကြော်ထားခြင်းဖြစ်သည်။ ဆယ်ပြားစေ့ပုံစံ ပန်းကန်မှာ ဟင်းရည်ပန်းကန် ဖြစ်ပေတော့သည်။ သို့သော် ဤဘလော့ဂ်သည် လုလု၏ မီးဖိုဆောင်ရပ်ဝန်း မဟုတ်သေးသေးတင် မဟုတ် သဖြင့် အစားအသောက်အကြောင်းကို ဇာမချဲ့လိုပြီ။ ဇာချဲ့လိုသော အကြောင်းအရာမှာ တမတ်စေ့ပန်းကန်ဘေးမှ စက္ကူဖြတ်ပိုင်း ဖြစ်တော့သည်။

တညတ၌ ဆိုင်တဆိုင်တွင် နာယကကြီး နှင့် ကျွန်ုပ် ၀န်ကြီးချုပ်တို့ အပါအ၀င် လေးဦးသား ယင်းသို့ စားသောက် သုံးဆောင်ပြီးကြသောအခါ ဘောက်ချာ ရောက်လာသည်။ ဘောက်ချာ ဟူသည်မှာ ချက် Check သို့မဟုတ် Bill ဟု ခေါ်သော စာရွက်ဖြစ်သည်။ ယိုးဒယားတို့က Check Bill ဟု ခေါ်သည်။

အဆိုပါ Check Bill ဘောက်ချာတွင် ကျသင့်ငွေကို ထင်ထင်ရှားရှား ရေးထားသည်ကို ကျွန်ုပ်တို့ တ၀ိုင်းလုံး တွေ့လိုက်ရသည်။ တခြားသူများက ထူးထွေတည့်အံ့ရာသော် ဖြစ်ဟန်မတူ။ ကျွန်ုပ်ကမူ ၀န်ကြီးချုပ်တို့၏ ရာဇအိနြေ္ဒ ဟူသည်ကိုပင် ထိန်းသိမ်းခြင်းငှာ မစွမ်းသာဘဲ အံ့သြဘနန်းဖြစ်ကာ ကင်မရာကိုပင် ထုတ်ပြီး အထက်ပါအတိုင်း မှတ်တမ်း တင်လိုက်မိခဲ့သည်။

Check Bill ဘောက်ချာပေါ်တွင် အနှီသို့ ခပ်ကြီးကြီး ရေးရခြင်းမှာ ဤဆိုင်က စားသုံးသူတို့၏ သဘောသဘာဝ ၂ မျိုး ကို သဘောပေါက် နားလည်သောကြောင့် ဖြစ်လိမ့်မည်။ စိတ်ထဲမှ ကြိတ်ပြီး အဆိုပါဆိုင်ကို Restaurant of the Month ဆု ပေးလိုက်မိသည်။ သူတို့ သဘောပေါက်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

သဘာဝ ၁။ စားသောက်ပြီးချိန်တွင် တချို့က ယမကာ တန်ခိုးကြောင့် အမြင် မှုန်ဝါးမှု

သဘာဝ ၂။ စုပေါင်းစား စုပေါင်းရှင်းသည့် အနောက်တိုင်းမှ အကျင့်များ ကူးစက်မှု

ဟုတ်သည်။ စားသောက်ဆိုင်များတွင် အထက်ပါအတိုင်း သဘာဝ ၂ ခုရှိသည်။ ထို့ကြောင့် ကျသင့်ငွေကို ဘောက်ချာဖြတ်ပိုင်းပေါ်တွင် ခပ်ကြီးကြီး ဖော်ပြ ရေးသားလိုက်ခြင်းဖြစ်နိုင်သည်။ ရလဒ်အားဖြင့် ယမကာ လုလင်များလည်း မျက်လုံးတွင် အတွင်းအားထည့်ပြီး ကြည့်ရန် မလိုတော့ပေ။ စုပေါင်းရှင်းမည့်သူများလည်း ဘောက်ချာစာရွက်ကို ယူကြည့်ရန် မလိုအပ် (မလိုအပ်) တော့ပေ။ ထိုင်ရာမထဘဲ ကျသင့်ငွေကို အရပ်လေးမျက်နှာမှ မြင်နိုင် သိနိုင်သည်။ ကောင်းလေစွ။

နိဂုံးချုပ်ပါမည်။ ဥပဒေ ဟူသည်များကို ၀န်ကြီးချုပ်ကဲ့သို့သော တာဝန်ရှိသူများက ထုတ်ပြန်တတ်သည်။
ကျွန်ုပ် ၀န်ကြီးချုပ်ကလည်း ဥပဒေ တခု ထုတ်ရမည် ဆိုလျှင် “အဟမ်း - အဟမ်း - - - ယနေ့မှစ၍ စားသောက်ဆိုင်များတွင် စားသုံးသူများအတွက် ကျသင့်ငွေကို ရေးသားဖော်ပြသည့်အခါ စာလုံးအရွယ်အစား ၁၅၀ (font size 150) ရှိစေရမည်။ ဤဥပဒေသည် စားသောက်ဆိုင်များအားလုံးတွင် အာဏာတည်စေရမည်” ဟု ထုတ်ပြန်လျှင် ကောင်းပေမည်ဟု ယူဆသည်။ ဂေဟာမှ ၀န်ကြီးများနှင့် အုပ်ချုပ်ရေးအဖွဲ့သားများ ဤဥပဒေ မူကြမ်းကို မည်သို့ သဘောရပါသနည်း။ အသေးစိတ် ဆွေးနွေးလိုပါက ပိုက်ဆံ ပိုပိုမိုမို ယူဆောင်ပြီး အနှီဆိုင်သို့ ကြွခဲ့ပါရန်။ ဒန် တန့် တန်။

( မှတ်ချက် - ဆိုင်သို့ သွားရောက်ပြီး ညစာ သုံးဆောင်သော နေ့မှာ သမ္မတဟောင်းဘုရှ်ကို ဖိနပ်စာကျွေးသူ သတင်းစာဆရာ ထောင် ၃ နှစ်ချခံရပြီး နောက်တနေ့ဖြစ်သည်။ အချိန်မှာ ညီအစ်ကို မသိတော့သည့်အချိန် ဖြစ်သည်။)

Tuesday, January 27, 2009

နာမည်ပြောင်းခြင်း

အခန်း (၁)
ဝန်ကြီးချုပ်ကို အင်္ဂလိပ်တို့က PM ဟုခေါ်ကြသည်။

အခန်း (၂)
မြန်မာတို့ကား ၀န်ကြီးချုပ်ကို သိန်းစိန်ဟု ခေါ်လေသည်။
နောက်ဆုံးရ သတင်းမှာ ၀န်ကြီးချုပ်၏ တန်ဘိုး ပိုမိုတက်စေရန် သန်းစိန်ဟု အမည်ပြောင်းတော့မည်ဟူ၏။
ဤသတင်း မမှားပါက မကြာမီ ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း ကြော်ငြာတခု ပါလာဖွယ် ရှိသည်။

အမည်ပြောင်းခြင်း
ငပေါဂေဟာတွင် နေထိုင်သည့် ဦးသောင်းစိန် ၏ သားကြီး ဦးသိန်းစိန် အား ယနေ့မှစ၍ ဦးသန်းစိန်ဟု ခေါ်ပါရန်။ ပုံ (ဦးသိန်းစိန်)

လူသိနည်းသော အချက်တခုရှိသည်။ ၀န်ကြီးချုပ်က "ဦးကုဋေစိန်"ဟူသော အမည်သို့ ပြောင်းလိုသည်၊ ပို၍ပို၍ တန်ဖိုးရှိသော ထိုအမည်ကို လွန်စွာ နှစ်သက်သည် ဟုလည်း သိရသည်။

သို့သော်လည်း ထိုအမည်ကို ယူမည်မဟုတ်ဟု ၀မ်းနည်းစွာဖြင့် ညည်းတွားသည်။ အကြောင်းရင်းမှာ ဦးသိန်းစိန်က "တာ့တလင်းဂျိတ်" ဟု အသံထွက်သော ဋသံလျင်းချိတ် (ဋ) ကို မရေးတတ်သောကြောင့် ဟူ၏။

ထိုသို့သော ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းတခု ၀န်ကြီးချုပ်တွင် ရှိနေသည်။ သို့သော်လည်း မြန်မာတနိုင်ငံလုံးနှင့် သက်ဆိုင်သော အရေးဖြစ်သဖြင့် ပညာရှင်များနှင့် တိုင်ပင်ခဲ့သည်။ ပညာရှင်များက ၁၀၀ ရာခိုင်နှုန်း ကန့်ကွက်လိုက်သည်။ ၀န်ကြီးချုပ်၏ဇွဲ သေခါမှ လျှော့မည် ဟု ကြုံးဝါးတတ်သော မစ္စတာ သိန်းစိန်က ငပေါဂေဟာရှိ လူကြီးမင်းများနှင့် စည်းဝေးတိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၃၀ ရက်နေ့က အနှီဝန်ကြီးချုပ်က အစည်းအဝေးတခု ခေါ်ယူခဲ့သည်။ ကကြီး ခကွေး ဂငယ်တို့အနက်မှ ဋသံလျင်းချိတ်၊ ဍရင်ကောက်၊ ဎရေမှုတ် စသည့် အသုံးနည်း မြန်မာအက္ခရာများကို delete လုပ်ရန် ဟူသတည်း။

အစည်းအဝေးတွင် ၀န်ကြီးချုပ်က လိုအပ်သည်များကို ညွှန်ကြားခဲ့သည်ဟု သတင်း ရရှိသည်။ အဆိုပါ ၀န်ကြီးချုပ် မကြိုက်သည့် အက္ခရာများကို အပြီးတိုင် အငြိမ်းစားပေးရန် အလို့ငှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တခုကို လာမည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်မည် ဟူ၏။ ဤကား ငပေါဂေဟာမှ ၀န်ကြီးချုပ်၏ လျှပ်တပြက်ပုံရိပ် ဖြစ်ပေတော့သည်။

အခန်း (၃)

နိုင်ငံတကာတွင် ၀န်ကြီးချုပ် များစွာရှိသည်။ ၀န်ကြီးချုပ်ကို အင်္ဂလိပ်ဘာသာဖြင့် PM ဟု အခန်း (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အကျယ်မချဲ့လို။ လိုရင်း ရေးရပါက ၀န်ကြီးချုပ်ကို

Problem Maker
Problem Man

စသဖြင့် အနက် ဖွင့်ကြလေသည်။ Postman ဟု ဘာသာပြန်သူများလည်း ရှိလေသည်။
တနိုင်ငံ တပုဒ်ဆန်းဟု ဆိုပါက မှားအံ့မထင်။

အခန်း (၄)
ဘလော့ဂ် သရမ်းသူ မြန်မာပြည်သားအချို့ကလည်း အာဏာရှိ အစိုးရအဖွဲ့ နှင့် ဆင်တူသော ဂေဟာတခုတွင် ၀န်ကြီးအဖွဲ့ဝင်များ အသီးသီး ကိုယ်တိုင်ကိုယ်ကျ ခန့်အပ်ကြလေသည်။ ထိုသို့ ပေါများလှသော ၀န်ကြီးများအတွက် ကံကောင်းခြင်း လက်ဆောင်တခု ပေါ်ပေါက်လာသည်။ လွန်လေပြီးသော ရက်အနည်းငယ်အတွင်းက ဖြစ်သည်။ ယင်း လက်ဆောင်မှာ ၎င်းတို့အား အုပ်ထိန်းနိုင်မည့် ထက်မြက်သည့် အကြီးအကဲတဦးကို ထိုက်ထိုက် တန်တန် ရရှိခဲ့ခြင်းပင် ဖြစ်ပေတော့သည်။

အခန်း (၅)
အဆိုပါ ၀န်ကြီးချုပ် (အခန်း ၄ တွင် ဖော်ပြထားသော ၀န်ကြီးချုပ်) က သူ၏ ဘလော့ဂ်ပေါ်မှ ကိုရီးယားမင်းသမီး ဓာတ်ပုံကို ဖြုတ်လိုက်သည်။ ၀န်ကြီးချုပ်၏ဘလော့ဂ်ဟု သိသာနိုင်စေမည့် အခြားဓာတ်ပုံတခုဖြင့် အစားထိုးလိုက်လေသည်။
အစားထိုးလိုက်သည့် ပုံမှာ ၀ံကြီး (၀န်ကြီး) တကောင်ကို ချုပ်နှောင်ထားသော ဓာတ်ပုံ ဖြစ်လေသည်။ ။

မှတ်ချက် -
ဤစာကို အများသူငါ ဖတ်ရှုနိုင်စေရန်အလို့ငှာ ဘလော့ဂ်ပေါ်သို့ တင်ရမည်။ နာယကကြီးက ဦးဆောင်ပြီး လျှို့ဝှက် ဆောင်ရွက်ရမည်။ တနင်္လာနေ့ မှ သောကြာနေ့အတွင်း ဆောင်ရွက်ရမည်။ စနေတနင်္ဂနွေနေ့များတွင်လည်း ဆောင်ရွက်နိုင်သည်။ ပုံနှိပ်မီဒီယာများက ဤစာကို ကူးယူဖော်ပြလိုပါလျှင် သင့်လျော်သည့် စာမူခ တောင်းယူပြီးမှ ခွင့်ပြုရမည်။ ။

Thursday, January 15, 2009

ငပေါ ဝန်ဂျီးဂျုပ် ခန့်အပ်ကြောင်း သဝဏ်လွှာ

တနေ့သ၌ ကျွန်ုပ်သည် အားအားရှိခိုက် ဘလော့လောကတခွင်ပြဲပြဲစင်အောင် လမ်းသလားနေစဉ် သူ့ကို ဂျက်လီနှင့်တူသည်ဟု မြှောက်ပေးသူများ ရှိကတည်းက မျက်မှန်နက်ကို မချွတ်တမ်းတပ်ခါ ကုတ်အင်္ကျီလိုလို ဂျာကင်လိုလို အနက်ရောက် အင်္ကျီပွပွကြီးကိုဝတ်လေ့ရှိသူတဦး ကျွန်ုပ် အနားသို့ ချဉ်းကပ်လာလေသည်။

ဂျက်လီ။ ။ ဒီမှာ ... ခင်ဗျားက ငပေါများဂေဟာ ဆိုတာရဲ့ နာယကကြီးမှတ်တယ်။ ဟုတ်တယ် မဟုတ်လား။ ဟုတ်မှာပါ။ ခင်ဗျားကြည့်ရတာ အတော်ပေါပုံပဲ။ ခင်ဗျားရဲ့ ပေါပုံပေါနည်းကြည့်ရတာလည်း တော်တော် ပေါသက်ရင့်နေပုံဆိုတော့ ဒါ နာယကကြီးပဲ ဆိုတာ ကျနော်အတတ်ပြောနိုင်တယ်။

နုပ်။ ။ ဟုတ်လိုက်လေ ကိုဂျက်လီရယ်။ ကျွန်ုပ်ဟာ ဟောဒီဘလော့လောကရဲ့ အထင်ကရ ငပေါဂေဟာကြီးက ခေတ်ဆွေးငပေါ နာယကကြီး ဖြစ်တော့သကိုး။ ကဲ ဘာကိစ္စ။

ဂျက်လီ။ ။ ဘာရယ်မဟုတ်ပါဘူးဗျာ။ ကျုပ်လည်း ရာထူးတနေရာ လိုချင်လို့ပါ။

နုပ်။ ။ အင်း ကိုဂျက်လီကြည့်ရတာလည်း တော်တော် ပေါနိုင်မယ့်သူပဲ။ ဘာလို့ ဂေဟာကို ဝင်ချင်တာလဲ။

ဂျက်လီ။ ။ ဝင်ချင်တာ မဝင်ချင်တာက အသာထားပါဗျာ။ ကျုပ်က ဝန်ကြီးတနေရာ ရချင်တာ။

နုပ်။ ။ ဝန်ကြီးတွေကတော့ မြင်တဲ့အတိုင်းပဲလေ။ လူက ပြည့်သလောက်ရှိနေပြီ။ အဲဒီတော့ ကိုယ့်ဘာသာစဉ်းစား။ ဘာဝန်ကြီး လုပ်ရင် ကောင်းမလဲဆိုတာကို။

ဂျက်လီ။ ။ တကယ်ကတော့ လယ်ရာပြန်စားရေး ဝန်ဂျီးလုပ်ချင်တာဗျ။ ဒါပေမယ့် သူများ ဦးသွားပြီ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အဲ သိပြီ ခင်ဗျားတို့ ဂေဟာမှာ ဝန်ကြီးဂျုပ်လစ်လပ် နေတယ်။ ကျုပ် ဝန်ကြီးဂျုပ် လုပ်မယ်ဗျာ။

ကျွန်ုပ် အလွန်အင်မတန်မှ အံ့သြသွားသည်။ အနှီရာထူးကို ကျွန်ုပ်တို့ တခါမှ မစဉ်းစားစဖူး။ ထိုသို့သော ရာထူးမျိုးကို ဤပုဂ္ဂိုလ်ကျော်က သတိတရ ရှိသွားချေပြီ။ ထိုကိစ္စအတွက် ကျွန်ုပ်တို့ အရေးပေါ်စည်းဝေး ခေါ်မှဖြစ်တော့မည်။ ကျွန်ုပ်တို့ ငပေါဂေဟာ ဘုတ်အဖွဲ့ဝင်များအနက် ကျွန်ုပ်၏ ဂျီတော့ထဲတွင် မီးစိမ်းနေသူမှာ ထိုအချိန်က မြန်မာပြည်က ပြန်ရောက်ခါစ ရုံးတွင်ဖင်မြဲနေသော တွင်းတူး ဗီလိန်သာ ရှိလေသည်။ ထို့ကြောင့် ကျွန်ုပ်လည်း မနှောင့်ယှက်ပင် မနှောက်ယှက် ချင်သော်ငြား ထုံးစံအတိုင်း ပလုံ ပလုံ လုပ်လိုက်ရချေသည်။ အိပ်မှုံစုံမွှား မျက်ချေး ဗလပြစ်ဖြင့် ထလာသော တွင်းတူးမှာ ကျွန်ုပ်ကို ကြိမ်ဆဲချေရော့မည်။ သို့သော် ဒါက ဂေဟာ ကောင်းကျိုးမဟုတ်တုံလော။

တွင်းတူး။ ။ ဘာတုန်း အစ်မဂျီးရာ ရှုပ်လိုက်တာ ဒီမှာ အိပ်မက်ထဲ အွန်စောနဲ့ ...။

နုပ်။ ။ အွန်စောနဲ့သာပြောနေ နင့်မီးကလင်းနေတာဟ။ အိပ်ချင်လည်း မီးပိတ်ပြီးမှ အိပ်ပေါ့။ နင်တို့စင်ကပူရမှာ မီးခတွေ ဈေးက ကြီးကကြီးသနဲ့။

ထိုအခါ တွင်းတူးမှာ ခဲပေါင်းများစွာ မှန်ထားသော သံဓာတ်တိုင်ကြီးကဲ့သို့ ရှုံ့တွ လိန်တွန့်ရင်း ပျင်းကျော ဆွဲလေသည်။

နုပ်။ ။ ဒီမှာ အသင်းကိစ္စ အရေးပေါ်ပြီဟေ့။ ခု ဝန်ကြီးဂျုပ် လျှောက်ချင်တဲ့သူ တယောက် ပေါ်လာပြီ။ အဲဒါတိုင်ပင်ချင်လို့။

တွင်းတူး။ ။ ဟမ် .. ဟုတ်လား။ အဲ့ရာထူးကို ကျနော်တို့တောင် မစဉ်းစားမိပါလား အစ်မဂျီးရဲ့။

နုပ်။ ။ အေးလေ တို့ဂေဟာရဲ့ပေါ်လစီကိုက ကိုယ်ဦးကိုယ်ယူစနစ်မဟုတ်လား။ ကိုယ်တော် ကြောင်းကို ကိုယ်ပဲသေချာသိတာဆိုတော့ ခု ဒီလူကလည်း သူ့ကိုယ်သူ အရမ်းတော်တယ်ပြောနေတယ်။ ကြည့်ရတာ ငါတို့ နင်တို့နီးနီးတော်ပုံပဲနော် … (တွင်းတူးမှာ ညစ်လိန်လိန်နေသဖြင့် အနည်းငယ် ပင့်ပေးလိုက်ရသေးသည်)

တွင်းတူး။ ။ အဲဒါတော့ ဟုတ်ပါပြီလေ။ သို့သော် သူက ကျနော်တို့ထက်များ ရာထူးကြီး သွားမလား။ ဟိုလူတွေလည်းစိုးရိမ်မှာပဲနော်။

နုပ်။ ။ ဒီကိစ္စ ငါရှင်းပါ့မယ်။ လွယ်လွယ်လေး။ ခေါက်ဆွဲပြုတ်တာထက်လွယ်တယ်။ သူက ဝန်ကြီးတွေရဲ့ အထက်မှာရှိပေမယ့်။ ငါတို့ ဘုတ်အဖွဲ့ရဲ့အောက်မှာပဲ ငှဲငှဲ။

တွင်းတူး။ ။ ဒါဆိုရင်တော့ဖြစ်ပါတယ်။ နောက်တခုက ခု ငတိ မအားလို့ ကျုပ်တယောက်တည်း ဂေဟာအလုပ်တွေ လုပ်နေရတယ်။ အဲဒါသူ့ကိုပါ ညာတာပါတေးနဲ့ ဘုတ်အဖွဲ့ထဲထည့်ပြီး လုပ်ခိုင်းရရင် ကောင်းမှာပဲ။

နုပ်။ ။ ဖြစ်ပါတယ်။ ဒါဆို ခန့်လိုက်တော့မယ်နော်။ ငှဲငှဲ ငါတို့ဂေဟာက ဟိုအစိုးရသစ်ထက် ဝန်ကြီးဂျုပ်စောခန့်တာဟ။ တော်ကြာ သူတို့ကဝန်ကြီးဂျုပ်ရွေးပြီး ငါတို့မှာ ဝန်ကြီးဂျုပ်မရှိရင် ဘယ်ကောင်းမလဲ။ လူရိုသေ ရှင်ရိုသေ သဘောနဲ့ ခန့်တယ်ပဲ ထားပါတော့ဟာ။ သူလည်း တော်တော် ပေါသက်ရှိတဲ့ သူတယောက်ပါ။ သူဘယ်လောက်ပေါကြောင်း သူ့ကိုယ်သူ ထောက်ခံထားတယ်။ မျက်မှန်နက်ကြီးနဲ့ ကုတ်အင်္ကျီမည်းကြီးနဲ့ မသိရင် အမေရိကန် ဂိုဏ်းစတားလိုလို ဘာလိုလိုနဲ့။ ဝန်ဂျီးဂျုပ်က ခုလိုပုံနဲ့ဆိုတော့ လူရှိန်တာပေါ့ဟာ။

တွင်းတူး။ ။ အိုကေ အစ်မဂျီး။ ချဗျာ။ ကျုပ်လည်းသက်သာ ဂေဟာလည်း လူတိုး ဘယ်လောက် အဆင်ပြေလဲ။

တွင်းတူးသည် သူမလုပ်ရပြီးရော ဆိုသည့်သဘောဖြင့် လျှင်မြန်စွာ ထောက်ခံလေသည်။ ကျွန်ုပ် နာယကဂျီးသည် အလွန့်အလွန်မအားလပ်သည့် ကြားမှ ဂေဟာအကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင် ချင်သော ဆန္ဒဖြင့် ဘုတ်အဖွဲ့ဝင်များထံ စာလွှာတော်ဂျီးများကို လျှင်မြန်စွာ လွှတ်လိုက်လေရာ .. လူကြီးမြင်းများထံမှ ထင်ထားသည့်အတိုင်း (ဖတ်ပင်ဖတ်ရဲ့လားမသိ) ထောက်ခံပါသည် ဟူသော စာများ ပလူပျံအောင် ရောက်ရှိလာလေတော့သည်။

နုပ်။ ။ ဟဲ့ဒါဆို ငါကြေညာလိုက်တော့မယ်နော်။

တွင်းတူး။ ။ ကောင်းသလိုလုပ်ပါဆိုဗျာ။ နောက်ထပ်လာမနှောက်ယှက်နဲ့တော့။

ထိုအခါ ကျွန်ုပ်မှာ တွင်းတူးဘက်မှ ကိုဂျက်လီဘက်သို့ လှည့်ရပြန်သည်။

နုပ်။ ။ ကိုဂျက်လီရေ။ ခု ကိုဂျက်လီကို ဝန်ဂျီးဂျုပ်ခန့်ပြီ။ ကဲ ဂေဟာကိုသွားပြီး အဖွဲ့သားတွေနဲ့ တွေ့ ပေါနိုင်သမျှသာ ပေါပေတော့ဗျို့။ တခုတော့ရှိတယ်နော် နာယကဂုဏ် ၇ ပါးဆိုတာ ရှိတယ်တဲ့ ..။ တကယ်က ၆ ပါးပါ။ အဲဒီ ၆ ပါးလုံး ကျွန်ုပ်မသိလို့ ကိုယ့်ဘာသာ တပါးထပ်ထည့်ထားတာ။ အဲဒီထပ်ထည့်ထားတဲ့ ဂုဏ်က “ပေါဂုဏ်” တဲ့ .. ကျွန်ုပ်ရဲ့ ဘော်ဒါဖြစ်တဲ့ ကိုဂျက်လီအနေနဲ့ နာယကဂျီး ရဲ့ပေါဂုဏ်ကိုတော့ မဖျက်စီးစေချင်ဘူး။

ဂျက်လီ။ ။ ဟာ ဟုတ်ပြီဗျို့ ...။ စိတ်ချ၊ မပျက်စေရဘူး။ နာယကကြီးရဲ့ ပေါဂုဏ်တွေ တိုးတက် စေရမယ်။ ကမ္ဘာပေါ်မှာရှိရှိသမျှ ဝန်ဂျီးဂျုပ်တွေထက် ပေါမယ်။ အပေါတကာ့ထွတ်ခေါင် ပေါမင်းနောင် ဖြစ်အောင်ကို ပေါပါမယ်။ ကျနော့်ထက်ပေါတဲ့ ဝန်ဂျီးဂျုပ်ပေါ်လာရင် အမြစ်ဖြုတ်ပစ်မယ်။ ဒန်ဒန့်ဒန် …။

ကိုဂျက်လီမှာ မြန်မာ့ဂီတကိုလည်း ဝါသနာထုံသူတဦးဖြစ်ပေရာ … ပါးစပ်ဆိုင်းတီး၍ ကွေးနေအောင် ကရင်း ကျွန်ုပ်အနားမှ ပျော်ရွှင်စွာ ထွက်ခွာသွားလေတောသည်။

ငပေါဂေဟာ၌ ဝန်ဂျီးဂျုပ်သစ် ခန့်အပ်ခြင်းအစီအစဉ် ဤတွင် ပြီးဆုံးပါပြီ။