ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, February 7, 2009

ရင်သပ်ရှုမောဖွယ် မြင်ကွင်း

ကမ္ဘာမြေတစ်ခွင် ပြဲပြဲစင်အောင် တစ်နေကုန်ပူပြင်းတောက်လောင်ထားသော ရှင်နေမင်းကြီးလည်း တစ်နေ့တာ အလေလိုက်၍ မောပန်းသဖြင့် အိပ်စက်အနားယူရန် အနောက်ဘက် ကောင်းကင်ဆီသို့ တဖြည်းဖြည်း ရွေ့လျားပျောက်ကွယ်စ ပြုနေပြီ။ ကောင်းကင်တစ်ခွင်လုံး ဆန်းကစ်အချိုရည် ဖိတ်ကျထားသကဲ့သို့ လိမ္မော်ရောင်သန်းလျှက်ရှိပြီး ပတ်ဝန်းကျင်လေထုမှာ အနွေးဓာတ်မပျယ်သေးသဖြင့် လေလည်သောအခါစအိုမှ ထွက်လာသောလေကဲ့သို့ ခပ်နွေးနွေး ညှီစို့စို့ရှိနေသည် ။ နေ့လည်နေ့ခင်းတွင် အပြင်ဘက်လောကသည် ဆိတ်ငြိမ်လျှက်ရှိသော်လည်း ညနေခင်းအချိန်တွင်မူ ကျောင်းမှပြန်လာသော ကျောင်းသူကျောင်းသားများ၊ ရုံးဆင်းလာသော ရုံးဝန်ထမ်းများနှင့် အိမ်အနီး ပုစွန်တောင်ဈေးမှ ဆိုင်သိမ်းနေသော ဈေးရောင်းဈေးသည်များ၏ ဆူညံပွက်လောရိုက်သံများကြောင့် ရန်ကုန်မြို့သည် အရေးပေါ်ကယ်တင်ထားသော သေခါနီးလူနာကဲ့သို့ ရုတ်ချည်းတဖန် ပြန်လည်၍ အသက်ဝင်နိုးထလျှက်ရှိသည်။ နဂါးပုံ၊ ဒိုင်နိုစောပုံ၊ ကိုယ်တုံးလုံးမိန်းမပုံ စသဖြင့် အမြင်အမျိုးမျိုးပေါ်မူတည်ကာ အသွင်အမျိုးမျိုးဆောင်နေသော မိုးသားတိမ်စိုင်များသည် ကောင်းကင်တွင် ဟိုမှဒီသို့ လေနှင်ရာ မျောလွင့်နေကြသည်။ အိမ်ရှေ့ပလက်ဖောင်းပေါ်တွင် ခွေးဝဲစားနှစ်ကောင် မိတ်လိုက်နေသည့် မြင်ကွင်းကလည်း တစ်မျိုး ကြည်နူးဖို့ ကောင်းသည်။ လမ်းမရှိ လူကူးမျဉ်းကြားအနီးတွင် ယဉ်ထိန်းရဲနှင့် ပြည်သူအချို့ (ခွေးရူးလိုက်တမ်း..အဲ..ဟုတ်သေးဘူး) လိုက်တမ်းပြေးတမ်း ကစားနေသည်မှာ ငယ်စဉ်ကလေးဘ၀ကို အမှတ်ရစေသည်။ အီကဲ့သို့ ရသစုံတွေ့မြင်ခံစားနိုင်သော ညနေခင်းပတ်ဝန်းကျင်ကို ငေးမောနေရသည်မှာ တီဗီဖန်သားပေါ်တွင် မော်ဒယ်သရုပ်ဆောင် မိုးဟေကို တိတ်ခွေကို ကြည့်ရသည်ထက်ပင် ဆွဲဆောင်မှုကောင်းနေပေတော့၏။

မကြာခင်အချိန်တွင် ယခင်က လေနှင်ရာလွင့်ပါနေသော မိုးတိမ်များသည် တဖြည်းဖြည်း စုဝေးမိပြီး မီးခိုးရောင် ခြုံစောင်ထူကြီးနှယ်ပြောင်းလဲကာ အာကာသတစ်ပြင်လုံးကို အမှောင်ချလွှမ်းခြုံပစ်လိုက်သည်။ လေပြင်းများတိုက်ခတ်သဖြင့် သစ်ရွက်များကြွေကြသည် ။ သစ်ကိုင်းများကျိုးကျသည် ။ စည်ပင်မှမချိုင်လှဲကြလို့ ပင်စည်မှယိုင်လဲကျသော သစ်အိုပင်များလည်းရှိ၏။ လေပြင်းဒဏ်ကြောင့် မကြာခင်က အချစ်ပလူးနေသော ခွေးထီးပေါ်သို့ လျှပ်စစ်ဓာတ်ကြိုးများပါပျက်ကျရာ ဆန့်ငင်ဆန့်ငင် ဝေဒနာခံစားနေရရှာသော ခွေးနှစ်ကောင်ကို သနားဂရုနာသက်ဖွယ်တွေ့မြင်ရသည် ။

မကြာမီ ကြက်ဥတစ်လုံးပြုတ်တာ ကျက်ချိန်လောက်အကြာတွင် မိုးစက်အမှုန်မွှားလေးများ လေပြင်းများနှင့်အတူ ရောယှက်ကျဆင်းလာသည် ။ မြောင်းသင်းနံ့လေးများ ခံစားမိ၏ ။ တဖန် အိမ်သာတစ်ခါတက်လောက် အကြာတွင် (စိုင်းစိုင်းကိုသနားလို့ထင်သည်) မိုးသည်းထန်စွာရွာချလိုက်သည် ။ မြေပြင်ပေါ်တွင် တီကောင်များ၊ ဖားပြုပ်များ ၊ မြောင်းပေါ်မှတက်လာသော ကြွက်များဖြင့် ရန်ကုန်မြို့ကြီးသည် တိရိစ္ဆာန်ရုံတစ်ခုနှယ် အကောင်ပလောင်များ စည်ကားနေတော့၏ ။ မိုးအဆက်မပြတ်ရွာသဖြင့် မြောင်းရေလျှံတက်သောအခါ လမ်းမပေါ်တွင် ရေများသည် ခြေသလုံးခန့်ထိ တက်ကာ ချောင်းကဲ့သို့ စီးဆင်းနေတော့၏။ ရေမချိုးရသေးသော သူတောင်းစားကလေးငယ်လေးများမှာ ရေကူးကန်သို့ရောက်သည့်နှယ် ရေကူးဆော့ကစားကြသည်။ မြန်မာနိုင်ငံအတွက် သီးသန့်မထုတ်လုပ်နိုင်သေးသော ရေထဲတွင်သွားနိုင်လောက်အောင် ခေတ်မမီသေးသော မော်တော်ကားများကို ကားမောင်းသူများက ကိုယ်တိုင်ဆင်းတွန်းကြရသည် ။ အချို့မိန်းမပျိုလေးများကလည်း မိုးရေအောက် မြောင်းရေထဲတွင် မင်းသမီးအမှတ်နှင့် ကဗျာဆန်ဆန်လမ်းလျှောက်နေသည် ။ ရေစိုအ၀တ်နှင့်အပျိုလေးများကို စပါယ်ယာများက လှမ်းအော် စနောက်သည်။ ရန်ကုန်မြို့ကြီး သည်လည်း မိုးသံ ၊ ကားစက်သံ ၊ ဟွန်းသံ၊ ကလေးအော်သံများကြောင့် ဈေးပွဲတော်ကြီးတစ်ခုကဲ့သို့ စည်ကားပျော်ရွှင်ဖွယ်ကောင်းလှသည်။

ပုဇွန်တောင်ဈေးမှ လတ်လတ်ဆတ်ဆတ်ရောင်းချနေသော ငါးပုစွန်းဘန်းထဲမှ ငါးများပုစွန်အရှင်များလည်း လမ်းပေါ်မှရေပေါ်တွင် လူများနှင့်အတူ လှုပ်စိလှုပ်စိ ပေါလောပေါ်နေကြသည် ။ ထိုသို့ ပလတ်စတစ်အိတ်၊ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်၊ ဖိနပ်များ၊ လူများ ၊ တိရိစ္ဆာန်များနှင့် အခြားအရာဝတ္ထုများအစုံ ပေါလောပေါ်နေသော မြောင်းရေထဲတွင် မိမိတို့၏ ဟင်းသီးဟင်းရွက် သားငါးများကို လိုက်ကောက်သူကကောက်သည်။ ကားတွန်းသူက ကားတွန်းကြသည်။ ရေကူးသူ ကလေးငယ်များက ရေကူးသည် ။ လမ်းစည်းကမ်းထိန်းသိမ်းရေးပုဂ္ဂိုလ်မှာလည်း လမ်းစည်းကမ်းမည်သို့ထိန်းသိမ်းရမည်မသိဘဲ အုတ်တိုက်လေးထဲတွင် လက်မှိုင်ချက ထိုမြင်ကွင်းကို ကျွန်တော်ကဲ့သို့ ရှုစားငေးမောနေတော့၏ ။

အချုပ်ဆိုရသော် မမေ့နိုင်သော မြင်ကွင်းအဖုံဖုံဖြင့် ခံစားမှုအစုံပေးစွမ်းနိုင်သည့် ရှုခင်းပန်းချီကားတစ်ချပ်ကို အမည်တပ်ရမည်ဆိုပါကို "ရန်ကုန်မြို့ ညနေခင်း" ဟုပင်ခေါ်ဆိုရမည်ဖြစ်သည်။ ထိုပန်းချီကားတစ်ချပ်သည်ပင် ကျွန်တော်ဘ၀၏ မမေ့နိုင်သော မြင်ကွင်းတစ်ခုပင် ဖြစ်ပေတော့သတည်း။

Monday, January 5, 2009

အစွမ်းကုန်ပေါခြင်း

မလွတ်မလပ်ရေးနေ့ဂုဏ်ပြုနေ့လည်စာစားပွဲ
ယမန်နေ့မလွတ်လပ်ရေးနေ့တွင် ပေါဂိုဏ်းသူဂိုဏ်းသားများ၏ ဂုဏ်ပြု နေ့လည်စာစားပွဲ တစ်ရပ်ကို စင်္ကာပူရှိ နာမည်ကြီး Fullerton ဟိုတယ်တွင် အကြောင်းရှာ၍ ကျင်းပခဲ့ရာ ဖိတ်ကြားထားသော အထူ (အပါးမဟုတ်ဘူးနော် ခပ်ထူထူဧည့်သည်တွေပြောတာ) ဧည့်သည်တော်များနှင့် ပေါဂိုဏ်းသူဂိုဏ်းသားများ မစုံညီစွာ တက်ရောက်ခဲ့ကြသည်။
တွင်းတူးဗီမှာ ပြည်တွင်းပြန်၍ လမ်းပျောက်မြေပုံခုနစ်ချက်ကို သွားခိုးနေပါသဖြင့် မတက်ရောက်နိုင်ကြောင်း (သွားဆွဲတာ ဆွဲလို့မရသောကြောင့် ခိုးခြင်းဖြစ်သည်။ ခိုး၍မရလျှင် လုမည်ဟု သတင်းရရှိသည်) ထို့အတူ နိုင်ဂံဂျားရေးဝန်ဂျီးငပတ်မွှေမှာလည်း ပျဉ်းမနား မျှစ်ချဉ်များ စားမိသောကြောင့် ဝမ်းလျှောနေပါသဖြင့် နေ့လည်စာစားပွဲ မတက်ရောက်နိုင်ရာ သဘာငတိမှ ၎င်းတို့၂ဦးစာကို ပါဆယ် ဆွဲသွားခဲ့သည်ဟု သတင်းရရှိပါသည်။

ထိုနေ့လည်စာစားပွဲ၌ ၂၀၀၈နှစ် အတွက် အပေါဆုံးဆု ရရှိထားသော ငှက္ကဌကြီး နှင့် နာယက ဂျီးတို့က ကျေးဇူးတင်စကားများ ပြော်ကြားခဲ့ကြသည်။ ငှက်ကထကြီး နှင့် နာယကဂျီး တို့က သူတို့အား တခဲနက်ထောက်ခံခဲ့ကြသော ပေါဂိုဏ်းသူဂိုဏ်းသားများ အား အထူးပင် ကျေးဇူးတင်ကြောင်း၊ နောင်တွင်လည်း ဒီ့ထပ်ပို၍ ပေါဦးမည် ဖြစ်ကြောင်း ပြောကြားကာ ချ ပေး ထားသည့် ဘီယာမလောက်သဖြင့် ထပ်မှာပေးရန် သတိပေးပြောဆို ခဲ့သည်။ ထို့ပြင် ပေါဂိုဏ်းသူဂိုဏ်းသားများအတွက် အပေါကင်းနှင့်အပေါကွင်း တို့ကိုပါ ရွေးချယ်ဖို့ ရှိကြောင်း မစားရဝခမန်းပြောကြားသွားပါသည်။

မလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မွေးမြူရေးဝန်ကြီးက ၎င်း အထူးပြု မွေးမြူထားသော တီကောင်အရှင်လတ်လတ် အကောင် ၁၀၀ ကို ဆည်မြောင်း ဝန်ဂျီး အား လက်ဆောင် ပေးအပ်ခဲ့ရာ ဆည်မြောင်းဝန်ဂျီးထီးရိုးက ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး ယတြာခြေသည့်အနေနှင့် ၎င်းအသစ် စက်စက်ဖွင့်ကာစ ဒန်အိုးဆည်ကြီးထဲ သွားလွှတ် လိုက်သည်ဟု သတင်းရရှိပါသည်။ ဆက်သွယ်ရေး ဝန်ဂျီး ကလည်း အားကျမခံ တက်ရောက်လာသော ဂုဏ်သရေမရှိ (သရေ မရှိ ပေမယ့် ကျန်တာအကုန်ရှိတယ်) လူကြီးမြင်းများအတွက် ကလေးကစားစရာ ဟမ်းဖုန်း တလုံး ကံစမ်းမဲဖောက်ပေးရာ အသင်းသားချုပ်ကြီးခေါင်က ပြိုင်ဘက်မရှိ မဲပေါက် သွားသည် ဟု သိရပါသည်။ ပြန်ကြားရေးဝန်ဂျီး ချမ်းရဲကလည်း ယနေ့ နေ့လည်စာစားပွဲသတင်းကို မှတ်တမ်းဓာတ်ပုံ များဝေဝေဆာဆာဖြင့် ၎င်းပိုင်သတင်းစာဂျီးတွင်ဖော်ပြသွားမည် ဖြစ်သော်လည်း လောလော ဆယ် ထုတ်ဝေခွင့်မကျသေးသဖြင့် ၎င်းယောက္ခမပိုင် မြန်မာ့အမှောင် သတင်းစာဂျီးတွင် အရင် ထည့်သွင်းပေးမည်ဟု ကတိပေး ပြောကြားသွားပါသည်။

ထို့နောက် သဘာငတိကြီးက မိန့်ခွန်းပြောကြားနေစဉ် တဦးတည်းသော အသင်းသား ကေလာမှာ အိပ်ပျော်နေပါသဖြင့် ၎င်းအတွက် ရှယ်ယာများကို အမှုရှောင် နန်းညီက ပါဆယ် ထုတ်ပေးရန် ဟိုတယ်ဝန်ထမ်းများအား တိတ်တဆိတ် ပြောကြားခဲ့သည်ဟု စက်ရပ် ဖောင် ပိတ်သတင်း အနေနှင့် ကြားသိခဲ့ပါသည်။

နိချုန်းဂုတ်အနေနှင့် ငပေါဂိုဏ်းသားများ အားလုံးတညီတညွတ်တည်း မတ်တပ်ရပ်ကာ ငပေါ ဦးတည်ချက်(၄)ရပ်ကို ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆက်တွဲသတင်း။ ။ နေ့လည်စာစားပွဲတွင် ယဉ်ကျေးမှုဝန်ဂျီးက ကမ္ဘာ့အဆူဆုံးရော့ခ်ဘန်ဖြင့် ကိုယ်တိုင် သီဆို တီးခတ် ဖျော်ဖြေပေးခဲ့ပြီး လူဝံမှု ကြီးကြပ်ရေးဝံဂျီးက ဟစ်ဟော့သီချင်းတပုဒ်ဖြင့် ကပြ ဖြေဖျော်သွားသည်။ တရား စီရင်ရေး ယမမင်း၊ ပညာရေးဝန်ဂျီးဇင်ဇင်တို့ကလည်း အားကျမခံ မြနန္ဒာသီချင်းကို ဟဲဗီးရော့ခ်စတိုင် သီဆို ကပြ ဖျော်ဖြေခဲ့ရာ ၎င်းတို့အားလုံး နေ့လည်စာ ငတ်သွားသဖြင့် တိတ်တဆိတ် ပါဆယ်ဆွဲသွားသော အမှုရှောင်နှင့် သဘာငတိတို့ ၂ ဦး ထုခြေလွှာ တင်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မှတ်ချက်။ ။ နာယကဂျီးအကြံပေး၍ ဆက်သွယ်ရေးဝန်ဂျီးက ၎င်းပိုင်လက်ပ်တော့ပ်ဂျီးဖြင့် မှတ်တမ်းတင် ရေးသားသည်

Saturday, November 1, 2008

အီဂိုင်းဂျီး အဓွန့်ရှည်ဘာစေတဒီး

သက္ကရာဇ် ၂၁၁၁ ..
မြန်မာနိုင်ငံတွင် ဘလော့ဟူသမျှအကုန်ဘန်းထားသော ကာလ..
မျိုးဆက်သစ် မြန်မာအွန်လိုင်းလူငယ်များမှာ ဘလော့ဆိုသည်ကို ဘယ်သို့သောအရာဟု မသိနိုင်ကြတော့..
အရင်ခေတ်ကဆို ကျော်၍ခွ၍ရသေးသည်.. အခုမူ.. ဘယ်လိုမှကိုမရ.. blog ဆိုသော စာလုံးပါသည်နှင့် ACCESS
DENIED.. Gmail ..Yahoo mail.. ဘာmail ညာmail.. free mail မှန်သမျှကို သူတို့ပိတ်ထားသည်.. ဂျီတော့လောက်ပဲ သုံးလို့ရသည်.. ဂျီတော့လောက်ကတော့ ဘာမှသိပ်အသုံးမ၀င်.. ချက်တင်လောက်.. သတင်းစကားပါးရုံလောက်သာ သုံးလို့ရသည်.. ဒါတောင် သတင်းထူးရှိတဲ့အချိန်မျိုးဆို ပိတ်ထားသေးသည်.. ဗိုင်းရပ်စ်တွေကလည်း ဒီချက်တင်တွေထဲကနေ မကြာခဏ၀င်နေသဖြင့် သုံးရတာ တထင့်ထင့်..

မြန်မာမှလူငယ်များမှာ ဘလော့ဖတ်ချင်လွန်းသဖြင့် နယ်စပ်ခိုးထွက်လိုထွက်.. နိုင်ငံခြားသို့ကျောင်းတက်မည် ဟူသော
အကြောင်းပြချက်ဖြင့်သွားသူသွား.. အလည်အပတ်ဟု ဗီဇာလျှောက်ပြီး အိမ်နီးချင်းနိုင်ငံများသို့ လစ်သူကလစ်..
ဘလော့လေး တစ်ခါဖတ်ရဖို့အရေး အင်မတန်မှကြိုးပမ်းနေရရှာသည်.. ထိုသို့ဖြစ်ရခြင်းမှာ အစိုးရအပေါ်ပြည်သူများက
ဖိအားပေးတာ များသွားလို့ဟု သုံးသပ်သူတွေက သုံးသပ်သည်.. ဖိအားများလေ သူတို့က ဟိုပိတ်ဒီပိတ်လုပ်လေ..
သူတို့ပိတ်လေ ဖိအားပေးလေဖြင့် မုန့်လုံးစက္ကူကပ်သလို လုံးလည်ချာလည်လိုက်နေသည်.. ပြည်သူများမှာလည်း
စိတ်ညစ်လှပြီ..

သို့သော်..
သူတို့စစ်အစိုးရ မိသားစုတွေကျတော့ အနေအစားမပျက်.. သူတို့သားသမီးတွေကျတော့ ပျော်မြဲရွှင်မြဲ.. ဟာသတွေ..
ရယ်စရာတွေကို သူတို့ပဲရှာရှာကြံကြံသိလာကြကာ ပြန်ဖောက်သည်ချတတ်ကြသေးသည်.. လူငယ်များမှာ
ပျော်ရွှင်ဖွယ်ဟာသစကားများ ကြားရဖို့အရေး သူတို့သားသမီးတွေကို ကပ်ပြီးဖားပြီး ပေါင်းသင်းနေကြရသည်..
သူတို့ပြောသော ဟာသများမှာ အင်မတန်ရယ်ရပြီး အင်မတန်လည်း ဆန်းသစ်သည်.. ဒါတွေကို
သူတို့ဘယ်ကသိနေကြတာလဲ..

နိုင်ငံခြားမှ အသိမိတ်ဆွေတွေက အင်မတန်စုံစမ်းလိုက်ကြရပြီးမှ သိရသည်မှာ မြန်မာနိုင်ငံတွင်
ဘလော့တစ်ခုတော့ကြည့်လို့ရတယ် ကြားသည်ဟု.. ဟာသ ဘလော့တစ်ခုဖြစ်သည်ဟု သိရသည်..
သာမန်ပြည်သူတွေကိုတော့ ပိတ်ထားပြီး သူတို့သားတော် သမီးတော်တွေကိုတော့ အပန်းပြေစေဖို့
အဲဒိဘလော့ပေးဖတ်တယ်ဆိုပဲ.. သားတော်သမီးတော်တွေမှာ အဲဒိ ဘလော့မှ ပို့စ်များကြောင့် စိတ်လက်ကြည်လင်
လန်းဆန်းပြီး အမြဲတက်ကြွနေကြသဖြင့် သူတို့ဖခင်တွေကပါ အပန်းပြေစေဖို့ ဆေးကောင်းတစ်လက်လို မှီဝဲနေသော
ဘလော့ဖြစ်သည်တဲ့.. အဲဒါနဲ့ပဲ သားတော်သမီးတော်တွေနားမှာ အနီးကပ်ပေါင်းသင်းနေသူများမှာ
အသေအလဲတွေစုံစမ်းပြီးမှ နောက်ဆုံးသိရှိရသည်မှာ.. အဲဒိဘလော့သည် ၂၀၀၈ ခုနှစ် အောက်တိုဘာ ၃၀
ရက်နေ့မှာ.. မြန်မာဘလော့ဂါများ အရူးထပြီး စတင်ဖွဲ့စည်းခဲ့သည့် http://www.crazybloggergroup.blogspot.com
ရူးပေါဂိုဏ်း အမည်ရှိ ဘလော့ဖြစ်ကြောင်း သိလိုက်ရလေသတည်း .. .. (ဒန်တန့်တန်)