ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, October 26, 2010

ငပေါဂေဟာ သတင်းအဖြာဖြာ

ငပေါဂေဟာမှာ လက်လက်တောက် တစ်ယောက် လျှောက်လွှာတစ်စောင်နဲ့ ကဗျာတစ်ပုဒ်ရေးပြီးကတည်းက ဘာမှမရေးတော့ဘဲ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတာကြောင့် စီနီယာငပေါများက (ဂျူနီယာငပေါမှ မရှိတာ) မျက်စောင်းထိုးနေ ကြပါပြီ။ (အမှန်ကတော့ ကျိန်ဆဲတဲ့အဆင့်ပါ ရောက်နေပါပြီ။) ဒါ့ကြောင့်မရေးမဖြစ်တစ်ပုဒ်လောက်တော့ ရေးဦးမှဆိုပြီး ငပေါဂေဟာထဲ လည်လည်ရောက်တော့... မမြင်စဖူး postတွေ ရေးထားကြတဲ့ မိုးသားနဲ့ချမ်းရဲကို တွေ့မိပါတယ်။ ကိုဟန်သစ်ငြိမ်နဲ့ဏာယကကြီးကတော့ ပေါနေကြ.. အဲလေ ရေးနေကျ ငပေါတွေပါ။

ဘာစိတ်ကူးပေါက်ပြီး crazyvilla ထဲ အလည်ရောက်လာတာလဲ မိုးသားရယ်။ မမြင်ဖူးတာကြာလှပေါ့။ (တကယ်တမ်းကို မြင်ကိုမမြင်ဖူးတာ)။ ငပေါအဖြစ်ကနေ စွန့်လွှတ်မယ်လို့ ခပ်တည်တည်ကြေညာထားတဲ့ ချမ်းရဲကလည်း ၀င်ပေါနေတော့ လက်လက်တောက်လည်း နည်းနည်းလောက်တော့ ၀င်ပေါ အဲလေ ၀င်ရေးဦးမယ်လို့ စဉ်းစားမိတယ်။

သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဖြစ်တဲ့လက်လက်တောက်က ဒီငပေါဂေဟာအတွင်းမှာ ရှိရှိသမျှငပေါတွေအကြောင်းကို အချင်းချင်းလှည့်ပတ်ပြီး အတင်းအုပ်နေကျပါ။ အခုတစ်ခါတော့ ခိုင်လုံတဲ့ငပေါရပ်ကွက်မှ ရရှိတဲ့ ငပေါသတင်းများကို ကြေညာသွားမှာဖြစ်ပါတယ်။

IT ၀ံဂျီးလက်အောက်မှာရှိတဲ့ MRTV 25 နဲ့ MRTV 420 တို့မှ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီရုပ်သံလိုင်းနှစ်လိုင်းဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ တင်သာမက စကြာဝဠာအတွင်းပါ တိုက်ရိုက်ဖမ်းယူကြည့်ရှုနိုင်တဲ့ လိုင်းတွေဖြစ်ပါတယ်။ အခုဆိုရင် ငပေါဂေဟာဌာနချူပ်အတွင်းမှာ တည်ရှိတဲ့ MRTV 25 နဲ့ MRTV 420 တို့ရဲ့ Programming room တွင် နောက်ဆုံးပေါ် Cameraများ ၊ အသံဖမ်းယူမှုများ ပြုလုပ်နေကြပါသည်။ တစ်ချိန်တည်းမှာပဲ နိုင်ငံအသီးသီးမှာရှိတဲ့ ငပေါတွေကလည်း TVများ ရှေ့မှာ ၀ါးရင်းတုတ်ကိုယ်စီနဲ့ (မကျေနပ်ရင် TV ရိုက်ခွဲဖို့နဲ့ လက်လက်တောက်ကို လာဆော်ဖို့) အသင့်အနေအထားနေရာယူထားကြပါသည်။

"မင်္ဂလာပါရှင် အခုချိန်ကစပြီး ငပေါဂေဟာသတင်းအဖြာဖြာအစီအစဉ်ကို စတင် တင်ဆက်သွားမှာဖြစ်ပါတယ်။သတင်းကြေညာရာမှာ နိုင်ငံတကာ ငပေါများသတင်းနဲ့ ပြည်တွင်းငပေါများ သတင်းဆိုပြီး အပိုင်းနှစ်ပိုင်းခွဲပြီး ကြေညာမှာဖြစ်ပါတယ်။

အခုချိန်ကစပြီး ပြည်တွင်းငပေါသတင်းများကို ကြေညာပါမယ်ရှင်။

Crazyvilla ၏ သဘာငတိဖြစ်သူ ဖိုးဂျယ်သည် သင်္ဃန်းကျွန်းမြို့နယ်တွင်ရှိသော ဘုန်းကြီးကျောင်း တစ်ကျောင်း၏ ဟင်းပေါင်းအစွမ်းဖြင့် နှစ်ပေါင်ခန့် ကိုယ်အလေးချိန်တက်လာကြောင်း၊ သို့သော် H5N1 ဟုထင်ရသော ရောဂါတစ်မျိုးကို ယခုအခါခံစားနေရကြောင်း ကောလဟာလ သတင်းများ ထွက်ပေါ်လာသည်။ ထို့ကြောင့် ငပေါဂေဟာဌာနချူပ်မှ ဖဲထုပ်စပွန်ဆာ ပေးမည်ဖြစ်ကာ ကာစီနိုမမ ကိုယ်တိုင် ဒိုင်ကိုင်မည်ဖြစ်ကြောင်း လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာ ကြေညာလိုက်ပါသည်။

ဖခမည်းတော်၏ မိန့်မှာချက်များအရ ချမ်းရဲသည် အလွန်ကြီးကျယ်မြင့်မြတ် ကျက်သရေရှိလှသော ငပေါဘ၀ကိုစွန့်လွှတ်ပြီး မိန်းမယူကာ မိန်းမလုပ်စာ ထိုင်စားမည်ဟု IT ၀ံဂျီးအား online တွင် ပြောကြားသွားသော်လည်း ယခုအခါ crazyvilla တွင် Post အသစ်တင်သဖြင့် ငပေါအပေါင်းက ဝေခွဲမရဖြစ်နေကြကြောင်း သတင်းရရှိပါသည်။

ပြည်တွင်းသို့ ပြန်လည်ရောက်ရှိနေသော ဗီလိန်သည် ကမ္ဘာ့ဖလားဘောလုံးပွဲကြောင့် ပွပေါက်တိုးသွားသဖြင့် "This time for africa" သီချင်းဖြင့် Shakia ကဲ့သို့ ခဏခဏ အပျော်လွန်ပြီး ကနေကြောင်း ဖြစ်နိုင်လျှင် ထိုကမ္ဘာ့ဖလားဘောလုံးပွဲကို တစ်နှစ်တစ်ကြိမ် လုပ်စေချင်ကြောင်း MRTV 420 သို့ပြောကြားသွားသည်။ ထို့ပြင်ငပေါဂေဟာနှစ်ပတ်လည် ညီလာခံတွင် Waka Waka သီချင်းဖြင့် Shakia ကဲ့သို့ လှုပ်ပြမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ငပေါအပေါင်းမှ စိုးရိမ်ထိတ်လန့်နေကြကြောင်း အန္တရာယ် မိုးလေ၀သ သတင်းတစ်ရပ်အနေဖြင့် တင်ပြအပ်ပါသည်။

ငပေါဂေဟာ ဏာယကကြီးဖြစ်သူကို တစ်ခါမှ မမြင်ဖူးသော လက်လက်တောက်ခမျာ စီနီယာငပေါများ၏ မိန့်ကြားချက်အရ အသံကျယ်ကျယ်ဖြင့် လက်သီးလက်မောင်းတန်းနေသော ရုပ်ဆိုးဆိုးသူများကို မြင်တိုင်း ဏာယကကြီးပေလောဟု လိုက်ကြည့်မိကာ ဝေခွဲမရ ဖြစ်နေကြောင်း ဖော်ပြအပ်ပါသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပေါညီသည် ယခုဖြေဆိုရမည့်စာမေးပွဲတွင် IT ၀ံဂျီး၏ နည်းပညာအကူအညီများဖြင့် ခိုးချကူးယူ ရေးသားသွားမည်ဖြစ်ကြောင်း အခန်းစောင့် ဆရာမများအား သူကူးရေးသည်ကိုဖမ်းပါက အိမ်ရှေ့လာပြီး ဗြောက်အိုးဖောက်မည်ဟု စစ်ကြေညာထားကြောင်း မီဒီယာများသို့ အသိပေးပြောကြားသွားပါသည်။

အလားတူပင် အမှုရှောင်နန်းညီသည် အဲယားကွန်း ခန်းထဲတွင် ချောင်းဆိုးကာ တုပ်ကွေးဖြန့်သည်ဟု ကောလဟာလများ ထွက်ပေါ်နေခြင်းအပေါ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်လေသည်။ သူသည် ဒီဖြစ်ရပ်ကို မတော်တဆ တမင်သက်သက် တိုက်ဆိုင်ကာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါကြောင်း၊ သို့ရာတွင် အေးအတူ ပူအမျှဟူသော စိတ်ဓါတ်ဖြင့် ထိုသို့မျှဝေခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင် online တွင်ပါ ဝေငှပေးလိုကြောင်း မီဒီယာများသို့ အသိပေးပြောကြားသွားသည်။

ယခုအချိန်မှစပြီး နိုင်ငံတကာငပေါသတင်းများကို စတင်ကြေညာပေးမှာဖြစ်ပါတယ်ရှင်။

ပြည်ပက ကာစီနိုမမသည် ငပေါတစ်ချို့အပြိုင်အဆိုင် ဘောင်းဘီချွတ်နေကြသော်လည်း မမကတော့ ဘယ်တော့မှ မချွတ်နိုင်ဟု ဖော်ပြ အဲလေ တင်ပြ (ပိုဆိုးကုန်ပြီ) ပြောကြားသွားပါသည်။ ထို့ကြောင့် ငပေါများမှ ၀မ်းသွားပါကြောင်း (မှားတွားရို့) ၀မ်းနည်းပါကြောင်း ပြောကြားလေသည်။

အသင်းသားဂျူပ်ဖြစ်သော မမခေါင်သည် ယခုအခါ လေယာဉ်စပယ်ယာအဖြစ် လုပ်ကိုင်လျက်ရှိရာ အဆင်ပြေလျက်ရှိကြောင်း၊ ယခုသီတင်းကျွတ်တွင် စီနီယာငပေါများအား လေယာဉ်တစ်စီးစီး ကန်တော့မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဌက္ကဋ္ဌ၊ ဏာယကကြီး၊ တွင်း(၁)၊ တွင်း(၂) နှင့် သဘာငတိတို့မှာ သီတင်းကျွတ်အား စောင့်မျှော်နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရပါသည်။

နောက်ဆုံးသတင်းအနေဖြင့် ငပေါဂေဟာ၏ ရှိရှိသမျှအတင်းအဖျင်းတွေကို ကြေညာသွားသော လက်လက်တောက်သည် စီနီယာငပေါများ၏ ၀ိုင်းသမမှုကိုကြောက်လန့်သောကြောင့် ဒီအစီအစဉ်ပြီးဆုံးသည်နှင့် လစ်ပြေးသွားပြီဖြစ်ကြောင်း ကြေညာအပ်ပါသည်ရှင့်။


သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး
လက်လက်တောက်

7 comments:

Han Thit Nyeim said...

ရုပ်ဆိုးဆိုးသူများကို မြင်တိုင်း ဏာယကကြီးပေလောဟု လိုက်ကြည့်မိကာ ဝေခွဲမရ ဖြစ်နေကြောင်း...

ခွိ... ခွိ... (ဏာယကဂျီးကို ကြောက်လို့... ဟား... ဟား ဟု ကြယ်လောင်စွာ မရယ်ရဲသဖြင့်)

မိုးယံ said...

အံမယ်လေး ပေါ သွားလိုက်တာ အဲ ပြောသွား လိုက်တာများ ချက်ကျလက်ကျ။

သတင်းတွေကလဲ မီဓီရား လောက မှာ လက်လက်တောက် သွားစေမယ် ။

အခုမန့်နေတဲ့ ငပေါတောင် ဗုဒ္ဓဟီး ဂြိုဟ် ပေါ်ကနေ MRTV 420 မှ တစ်ဆင့်ကြားလိုက်ရတာ။

ဒီလို လက်လက်တောက် နေတဲ့ သတင်းတွေကို ကာစီနို မမ တင်ပြ တော့ မှပဲ ရှင်းရှင်းဘွင်းဘွင်း ကြီးမြင်လိုက်ရဒယ်။

ပေါဂေဟာမှ နောင်တော် ပေါ ၊ မမပေါ များ
ငြိမ်းချမ်းနဲ့ အဲ ငြိမ်းချမ်းကြပါစေ

ပေါယံ

tututha said...

မဆိုးဘူး သတင်းသမားပီသပါပေတယ် ဏာယကဂျီးကို ပြည်တွင်းလား အင်တာနေရှင်နယ်လားတောင် မသိဘူးကွယ်။ ကောင်းလှောင့်တေး ကောင်းလှောင့်တေး၊ ဒါမှ တို့ငပေါကွ ...။

zarny win said...

ဝါးဟားဟား
(အသံကျယ်ကျယ်ဖြင့် ၂ မိနစ်ခန့်  ရယ်သွားပါသည်/ ပုံ - ၀ံကြီးချုပ်)

Anonymous said...

လက်သံပြောင်လှခြည်လား ဂျူနီယာငပေါရယ် ..
စီနီယာတွေကိုကြောက်ပေလို့ပဲ
မကြောက်များမကြောက်လို့ကတော့ (အောင်မငီး)
ပေါညီ

လက်လက်တောက် said...

လက်လက်တောက်ရဲ့အစွမ်းကို သိကြပြီမဟုတ်လား ငှဲ ငှဲ ငှဲ

နန်းညီ said...

ငါက ပါရပြန်ပီ.. အဟင့်