ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, February 28, 2010

သတင်းစာရှင်းလင်းပွဲ

ငပေါများဂေဟာ ဆုရခြင်းကြောင့် ကျွန်ုပ်၏လက် ယောင်ကိုင်းသွားရခြင်း နှင့် နာယကဂျီး၏ သတင်းစာရှင်းလင်းပွဲ
ဝန်ကြီးချုပ်

ဒီကနေ့ ကျနော့်ရဲ့ ညာဘက်လက် လုံး - - - ၀ ယောင်ကိုင်းသွားတယ်။ ကွန်ပြူတာရှေ့မှာ မောက်စ်ကိုင်တာ များသွားလို့ မဟုတ်ပါဘူး။ နာယကဂျီးရဲ့ ရေလိုက်ငါးလိုက် မနေတတ်မှုကြောင့်လို့ ဆိုသော် ရ၏ပေါ့ခင်ဗျာ။ ဖြစ်ပုံက - ဒီလို ဒီလို။

ဒီမနက် ဘလော့အကယ်ဒမီဆု ၁၀ ခုပေးတဲ့ပွဲကို မျက်စေ့လည်သလိုလိုနဲ့ တမင်တကာ ရောက်သွားတယ်။ အခမ်းအနားမှာ နာယကဂျီးကိုလည်း တွေ့လိုက်ရတယ်။ သူလည်း ကိုယ့်လိုပဲ၊ ဘာမှ မသိသလိုနဲ့ အူကြောင်ကြောင်နဲ့ သွားထိုင်နေတာပေါ့။ ထူးခြားတာက သူ့လက်ထဲမှာ ကော်ဖီခွက် ကိုင်ထားတယ်။ ညတုန်းက များသွားတာကို ကော်ဖီတခွက်နဲ့ ပြန်လည်ကုသဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်။

ဟန်သစ်ငြိမ်တယောက်လည်း အကယ်ဒမီဆု ကြေညာချိန်မှာ ရောက်နေတယ်။ ဆုတွေကို ဘယ်ဘလော့တွေ ဆွတ်ခူးမလဲ ဆိုပြီး သူလည်း ရင်ခုန်စွာ စောင့်ဆိုင်းနေဟန်တူတယ်။ သူကလည်း နာမည်တလုံးနဲ့ ဘလော်ဂါကြီးတယောက် မဟုတ်လား။

အချိန်တန်တော့ အခမ်းအနားမှူးက ဆုရတဲ့ ဘလော့တွေကို ကြေညာပါတယ်။ အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆုကို ဆွတ်ခူးသွားတာကတော့ ငပေါများဂေဟာ crazyvilla.net ဖြစ်ကြောင်း ကြေညာလိုက်ချိန်မှာ ကင်မရာသမားတွေဆီက မီးပွင့်တွေ တဖျပ်ဖျပ် ပွင့်သွားလေရဲ့။

မီးပွင့်တွေနဲ့အတူ ခန်းမကြီးထဲမှာ ရှိတဲ့ ပရိသတ်များက ကျနော်တို့ဆီ ပြေးလာကြပါတယ်။ အင်မတန် ဂုဏ်ယူကြောင်း၊ ဒီဆုနဲ့ အရမ်း အရမ်း ထိုက်တန်ကြောင်း၊ ဒီဆု ရသင့်တာ ကြာပြီဖြစ်ကြောင်း၊ ကွန်ဂရက်ကျူလေးရှင်းကြောင်း ပြောပြီး အားရပါးရ လက်ဆွဲ နှုတ်ဆက်ကြပါတယ်။ အခမ်းအနားမှူး ဦးလေးကြီး နဲ့ ဆုပေးတဲ့အဖွဲ့က ဦးလေးကြီးတွေရဲ့ လက်တွေကိုတော့ မမြင်ချင်ယောင် ဆောင်လိုက်ပါတယ်။ ထိုင်းမလေးတွေရဲ့လက်၊ အင်္ဂလိပ်မတွေရဲ့လက်၊ ပြင်သစ်က မဒီတွေရဲ့လက်၊ အာဖရိကလက်တွေတောင် ပါပါသေးတယ်၊ အရေအတွက် မနည်းလှပါဘူး၊ သူတို့လေးတွေရဲ့ ဂုဏ်ပြုချင်လို့ လက်ဆွဲနှုတ်ဆက်မှုတွေကိုတော့ ငြင်းလို့ ဘယ်ကောင်းမလဲ။

ကျနော်တို့နားမှာ ရှိတဲ့ နာယကဂျီးကတော့ အေးဆေးပါပဲ။ သူ့ဆီကို ဂုဏ်ပြုဖို့ ရောက်လာသူတွေထဲမှာ ဆုရွေးချယ်ရေးအဖွဲ့က လူကြီးမင်းတယောက်က ရှေ့ဆုံးကပါ။ အဲဒီလူကြီးက သူ့ကို ဟဲလို နာယကဂျီးစ်လို့ ပြောလည်း ပြော၊ လက်လည်း ကမ်းလိုက်ပါတယ်။ ဒီတော့ အူကြောင်ကြောင် ရပ်နေတဲ့ နာယကဂျီးလည်း သူ့လက်ကို ယဉ်ကျေးမှုအရ ရှေ့ကို ထုတ်ပေးလိုက်ရပါတယ်။ ဒါပေမယ့် နာယကဂျီး လက်ထဲမှာ ကော်ဖီခွက် ကိုင်ထားတော့ ဘာပြောကောင်းမလဲ ကော်ဖီပူပူတွေက ဟိုလူကြီးမင်း ကမ်းလာတဲ့လက်ပေါ် ကျသွားတော့ ဟိုလူကြီးမင်းခမျာ ခေတ်ပေါ်အက ကသလို တွန့်လိန် ခုန်ပေါက် သွားပါလေရော။

ဒါကို မြင်လိုက်တဲ့ ပရိသတ်ကြီးက သူ့ဘက် မသွားရဲတော့ဘဲ ကျနော့်ဘက်ကို ပြုံပြီး လာကြပြီပေါ့။ သို့ကလို ငပေါများဂေဟာရဲ့ အောင်မြင်မှုကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုချင်တဲ့ ပရိသတ် အရေအတွက် အများအပြားကို လက်ခံ နှုတ်ဆက်ရတာကြောင့် ကျနော့်ရဲ့ ညာဘက်လက် ယောင်ကိုင်းသွားရတာပါပဲ။ ဂုဏ်ပြုမှုတွေကို နာယကဂျီးကသာ တ၀က်လောက် မျှယူလိုက်လိုက်ရင် ကျနော့်လက် အဲသလောက် ယောင်မှာ မဟုတ်ပါဘူး။ ဒီစာကို တရက်နောက်ကျပြီးမှ ရေးရတာ ဒါကြောင့်ပါ။ ကဲ - လိုရင်း ဆက်ပါ့မယ်။

ဟန်သစ်ငြိမ်လည်း အငြိမ်မနေရဘူး။ သူ့ကို ငပေါများဂေဟာက ဆရာ့ဆရာကြီး တဦးမှန်း နိုင်ငံတကာ သတင်းဌာနပေါင်းစုံက သိသွားတဲ့အခါ သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးဖို့ တောင်းဆိုသံတွေ ဆူညံသွားပါတယ်။ သူက ဖေဖော်ဝါရီ ၃၀ ရက်နေ့မှာ အထူး သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ပြောပေမယ့် သတင်းသမားတွေက သဘောမတူပါဘူး။ ဒီနေ့လုပ်မှ သင့်တော်မယ်။ ဒီနေ့လုပ်မှ ဖြစ်မယ်၊ ငပေါများဂေဟာက ဖေဖော်ဝါရီ ၂၅ မှာ ဆုရတဲ့အတွက် ဒီနေ့ကို ငပေါများနေ့ လို့တောင် သတ်မှတ်လိုက်ချင်တယ် စသဖြင့် ဂျီကျ အပူကပ်ကြတဲ့အတွက် ဟန်သစ်ငြိမ်လည်း သူတို့ကို အလိုလိုက်ရပါတော့တယ်။ လုပ်ပေးပါ့မယ်ပေါ့။

နာယကဂျီးကိုယ်တိုင် သတင်းသမားတွေကို ရှင်းလင်းပွဲလုပ်မယ်၊ ညနေပိုင်းမှာ လုပ်မယ်၊ ဧည့်ခံဖို့ ပုလွေဆရာတရာ များစွာလည်း ပါမယ် ဆိုပါစို့၊ အဲသလို အော်ချက်ထုတ်လိုက်တယ်။

ဟန်သစ်ငြိမ်က အဲသလို ရဲရဲဝံ့ဝဲ့ အာမခံလိုက်တာ အကြောင်းရှိတယ် တဲ့။ နာယကဂျီးဟာ သူကိုယ်တိုင် ဦးစီးတဲ့ အင်တာနေရှင်နယ် လင်းဂွစ်ရှ် စကားပြောနည်း သင်တန်းကြီးမှာ တက်ရောက်လေ့လာနေတာ အတော်ကြာပြီ ဆိုပဲ။ ဒီတော့ ဘယ်သတင်းဌာနက ဘာစကားနဲ့ မေးမေး အဆင်ပြေပြီပေါ့။

ပြီးတော့ အယ်ဂျာဇီးယား၊ ဘီဘီစီ၊ ဘီကီနီ စတဲ့ ကမ္ဘာကျော်သတင်းဌာနပေါင်းစုံက ဌာနမှူးတွေကိုယ်တိုင် အသံဖမ်းစက်၊ ကင်မရာ အကြီးအသေးပေါင်းစုံ၊ ဧရာမဆလိုက်မီးတွေနဲ့ စောင့်ဆိုင်းနေတော့ ဟန်သစ်ငြိမ်က အားနာဟန် တူပါရဲ့။

စိုးရိမ်စရာ ကောင်းတာက နာယကဂျီးတယောက် ဒီ မီဒီယာဆရာတွေနဲ့ အိုကေပါ့မလားပေါ့။ ဒီလိုပွဲ လုပ်တယ်ဆိုတာ လွယ်တာမှတ်လို့။ နာယကဂျီးကတော့ ယုံကြည်ချက် အပြည့်ပါပဲ။ သတင်းစာရှင်းလင်းပွဲ ဆိုတာ အီးဇီး (easy)၊ ကိတ်မုန့်တဖဲ့ (a piece of cake)၊ ချွေးမထွက်ဘူး (no sweat) တဲ့။ အင်း - ပြဿနာတွေ အကြီးအကျယ် တက်တော့မှာပဲလို့ ထင်မိတယ်။

ညနေရောက်တော့ ကျနော့်ရဲ့စိုးရိမ်စိတ်တွေ လျော့သွားပါတယ်။ နာယကဂျီးကို သူ့လုပ်ငန်းခွင်မှာ အေးအေး ဆေးဆေး တွေ့လိုက်ရလို့ပါပဲ။ သတင်းစာရှင်းလင်းပွဲလည်း အထိုက်အလျောက် ပြီးသွားပြီလို့ သူက အေးအေး ဆေးဆေး ပြောပါတယ်။ ရှင်းလင်းပွဲ ပြုလုပ်ပုံကိုလည်း ပြန်ပြောပြပါတယ်။ ဒီလိုပါ -

"သတင်းစာ ရှင်းလင်းပွဲလား၊ ပြီးပြီ ဆိုပါတော့ဟယ်။ ငါ့စားပွဲပေါ်မှာ သတင်း ရေးထားတဲ့စာရွက်တွေ မနေ့က အထိ ပြန့်ကျဲ ရှုပ်ပွနေတာ တွေ့တယ် မဟုတ်လား၊ အခု အဲဒီသတင်းစာရွက်တွေကို ငါ ရှင်းပစ်လိုက်တယ်။ လွယ်ပါတယ်၊ အကုန်လုံးကို စုထပ်ပြီး ကွန်ပြူတာနောက်ဘက်မှာ ပုံထားလိုက်တာပါပဲ။ ဟီးဟီးဟီး" တဲ့။ ။

6 comments:

မိုးသား said...

အရင်နှစ်က ဆုမရခဲ့ပေမယ့် ..ဒီနှစ်ရဖို့ မျှော်လင့်မိတာ အမှန်ပဲ.. ဂေဟာက ညီအစ်ကို မောင်နှမတွေရဲ့ စည်းလုံးမှုကို လေးစားဂုဏ်ယူပါတယ်. ဒီထက်ပျော်ရွှင်စရာကောင်းတဲ့ ဘလော့ဂ်လေးဖြစ်ပါစေဗျာ.. ကိုယ့်ကိုယ်ကို ငပေါလို့ အမည်တပ်ခံပြီး သူများတွေ ပျော်စေရွှင်စေဖို့ ပို့စ်လေးတွေ မပြတ်တင်ပေးတဲ့ သူငယ်ချင်းတွေ .. ညီအရင်းအစ်ကိုလို ချစ်ကြတဲ့ ညီကို မောင်နှမတွေအတွက် ဂုဏ်ယူမိတယ်.. အားလုံးပျော်ရွှင်ကြပါစေ..။

ချစ်တဲ့..မိုးသား

mama said...

အွန်း
အကယ်ဒမီကျတော. လာဒယ်..
အကယ်ဒမီ နောက်ဆက်တွဲ မျှော်ပါ
မမ

ဟန်သစ်ငြိမ် said...

အကယ် ဒမီ နောက်ဆက်တွဲအကြောင်း ရေးသားမယ်လို့ စဉ်းစားနေတယ်ဗျို့... စောင့်ဖတ်ကြဗျာ.... :)

Unknown said...

ပေါညီ
ထောက်ခံပါဒယ်ဗျို့

မီးလေး said...

အကောင်းဆုံး အသင်းအဖွဲ့ ဘလော့ဂါဆုကို ငပေါများဂေဟာမှ ရရှိသွားတဲ့အတွက် ငပေါများဂေဟာမှ ညီအစ်ကို မောင်နှမများနှင့် ထပ်တူ ၀မ်းသာဂုဏ်ယူမိပါကြောင်း...
နောင်များလဲ ဒီထက့်များများပေါနိုင်ကြပါစေ...

လက်လက်တောက် said...

နောက်တစ်ခါကျရင် လက်လက်တောက်လေးကိုပါ ထည့်ရေးပေးပါနော်