ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, January 15, 2009

ငပေါ ဝန်ဂျီးဂျုပ် ခန့်အပ်ကြောင်း သဝဏ်လွှာ

တနေ့သ၌ ကျွန်ုပ်သည် အားအားရှိခိုက် ဘလော့လောကတခွင်ပြဲပြဲစင်အောင် လမ်းသလားနေစဉ် သူ့ကို ဂျက်လီနှင့်တူသည်ဟု မြှောက်ပေးသူများ ရှိကတည်းက မျက်မှန်နက်ကို မချွတ်တမ်းတပ်ခါ ကုတ်အင်္ကျီလိုလို ဂျာကင်လိုလို အနက်ရောက် အင်္ကျီပွပွကြီးကိုဝတ်လေ့ရှိသူတဦး ကျွန်ုပ် အနားသို့ ချဉ်းကပ်လာလေသည်။

ဂျက်လီ။ ။ ဒီမှာ ... ခင်ဗျားက ငပေါများဂေဟာ ဆိုတာရဲ့ နာယကကြီးမှတ်တယ်။ ဟုတ်တယ် မဟုတ်လား။ ဟုတ်မှာပါ။ ခင်ဗျားကြည့်ရတာ အတော်ပေါပုံပဲ။ ခင်ဗျားရဲ့ ပေါပုံပေါနည်းကြည့်ရတာလည်း တော်တော် ပေါသက်ရင့်နေပုံဆိုတော့ ဒါ နာယကကြီးပဲ ဆိုတာ ကျနော်အတတ်ပြောနိုင်တယ်။

နုပ်။ ။ ဟုတ်လိုက်လေ ကိုဂျက်လီရယ်။ ကျွန်ုပ်ဟာ ဟောဒီဘလော့လောကရဲ့ အထင်ကရ ငပေါဂေဟာကြီးက ခေတ်ဆွေးငပေါ နာယကကြီး ဖြစ်တော့သကိုး။ ကဲ ဘာကိစ္စ။

ဂျက်လီ။ ။ ဘာရယ်မဟုတ်ပါဘူးဗျာ။ ကျုပ်လည်း ရာထူးတနေရာ လိုချင်လို့ပါ။

နုပ်။ ။ အင်း ကိုဂျက်လီကြည့်ရတာလည်း တော်တော် ပေါနိုင်မယ့်သူပဲ။ ဘာလို့ ဂေဟာကို ဝင်ချင်တာလဲ။

ဂျက်လီ။ ။ ဝင်ချင်တာ မဝင်ချင်တာက အသာထားပါဗျာ။ ကျုပ်က ဝန်ကြီးတနေရာ ရချင်တာ။

နုပ်။ ။ ဝန်ကြီးတွေကတော့ မြင်တဲ့အတိုင်းပဲလေ။ လူက ပြည့်သလောက်ရှိနေပြီ။ အဲဒီတော့ ကိုယ့်ဘာသာစဉ်းစား။ ဘာဝန်ကြီး လုပ်ရင် ကောင်းမလဲဆိုတာကို။

ဂျက်လီ။ ။ တကယ်ကတော့ လယ်ရာပြန်စားရေး ဝန်ဂျီးလုပ်ချင်တာဗျ။ ဒါပေမယ့် သူများ ဦးသွားပြီ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အဲ သိပြီ ခင်ဗျားတို့ ဂေဟာမှာ ဝန်ကြီးဂျုပ်လစ်လပ် နေတယ်။ ကျုပ် ဝန်ကြီးဂျုပ် လုပ်မယ်ဗျာ။

ကျွန်ုပ် အလွန်အင်မတန်မှ အံ့သြသွားသည်။ အနှီရာထူးကို ကျွန်ုပ်တို့ တခါမှ မစဉ်းစားစဖူး။ ထိုသို့သော ရာထူးမျိုးကို ဤပုဂ္ဂိုလ်ကျော်က သတိတရ ရှိသွားချေပြီ။ ထိုကိစ္စအတွက် ကျွန်ုပ်တို့ အရေးပေါ်စည်းဝေး ခေါ်မှဖြစ်တော့မည်။ ကျွန်ုပ်တို့ ငပေါဂေဟာ ဘုတ်အဖွဲ့ဝင်များအနက် ကျွန်ုပ်၏ ဂျီတော့ထဲတွင် မီးစိမ်းနေသူမှာ ထိုအချိန်က မြန်မာပြည်က ပြန်ရောက်ခါစ ရုံးတွင်ဖင်မြဲနေသော တွင်းတူး ဗီလိန်သာ ရှိလေသည်။ ထို့ကြောင့် ကျွန်ုပ်လည်း မနှောင့်ယှက်ပင် မနှောက်ယှက် ချင်သော်ငြား ထုံးစံအတိုင်း ပလုံ ပလုံ လုပ်လိုက်ရချေသည်။ အိပ်မှုံစုံမွှား မျက်ချေး ဗလပြစ်ဖြင့် ထလာသော တွင်းတူးမှာ ကျွန်ုပ်ကို ကြိမ်ဆဲချေရော့မည်။ သို့သော် ဒါက ဂေဟာ ကောင်းကျိုးမဟုတ်တုံလော။

တွင်းတူး။ ။ ဘာတုန်း အစ်မဂျီးရာ ရှုပ်လိုက်တာ ဒီမှာ အိပ်မက်ထဲ အွန်စောနဲ့ ...။

နုပ်။ ။ အွန်စောနဲ့သာပြောနေ နင့်မီးကလင်းနေတာဟ။ အိပ်ချင်လည်း မီးပိတ်ပြီးမှ အိပ်ပေါ့။ နင်တို့စင်ကပူရမှာ မီးခတွေ ဈေးက ကြီးကကြီးသနဲ့။

ထိုအခါ တွင်းတူးမှာ ခဲပေါင်းများစွာ မှန်ထားသော သံဓာတ်တိုင်ကြီးကဲ့သို့ ရှုံ့တွ လိန်တွန့်ရင်း ပျင်းကျော ဆွဲလေသည်။

နုပ်။ ။ ဒီမှာ အသင်းကိစ္စ အရေးပေါ်ပြီဟေ့။ ခု ဝန်ကြီးဂျုပ် လျှောက်ချင်တဲ့သူ တယောက် ပေါ်လာပြီ။ အဲဒါတိုင်ပင်ချင်လို့။

တွင်းတူး။ ။ ဟမ် .. ဟုတ်လား။ အဲ့ရာထူးကို ကျနော်တို့တောင် မစဉ်းစားမိပါလား အစ်မဂျီးရဲ့။

နုပ်။ ။ အေးလေ တို့ဂေဟာရဲ့ပေါ်လစီကိုက ကိုယ်ဦးကိုယ်ယူစနစ်မဟုတ်လား။ ကိုယ်တော် ကြောင်းကို ကိုယ်ပဲသေချာသိတာဆိုတော့ ခု ဒီလူကလည်း သူ့ကိုယ်သူ အရမ်းတော်တယ်ပြောနေတယ်။ ကြည့်ရတာ ငါတို့ နင်တို့နီးနီးတော်ပုံပဲနော် … (တွင်းတူးမှာ ညစ်လိန်လိန်နေသဖြင့် အနည်းငယ် ပင့်ပေးလိုက်ရသေးသည်)

တွင်းတူး။ ။ အဲဒါတော့ ဟုတ်ပါပြီလေ။ သို့သော် သူက ကျနော်တို့ထက်များ ရာထူးကြီး သွားမလား။ ဟိုလူတွေလည်းစိုးရိမ်မှာပဲနော်။

နုပ်။ ။ ဒီကိစ္စ ငါရှင်းပါ့မယ်။ လွယ်လွယ်လေး။ ခေါက်ဆွဲပြုတ်တာထက်လွယ်တယ်။ သူက ဝန်ကြီးတွေရဲ့ အထက်မှာရှိပေမယ့်။ ငါတို့ ဘုတ်အဖွဲ့ရဲ့အောက်မှာပဲ ငှဲငှဲ။

တွင်းတူး။ ။ ဒါဆိုရင်တော့ဖြစ်ပါတယ်။ နောက်တခုက ခု ငတိ မအားလို့ ကျုပ်တယောက်တည်း ဂေဟာအလုပ်တွေ လုပ်နေရတယ်။ အဲဒါသူ့ကိုပါ ညာတာပါတေးနဲ့ ဘုတ်အဖွဲ့ထဲထည့်ပြီး လုပ်ခိုင်းရရင် ကောင်းမှာပဲ။

နုပ်။ ။ ဖြစ်ပါတယ်။ ဒါဆို ခန့်လိုက်တော့မယ်နော်။ ငှဲငှဲ ငါတို့ဂေဟာက ဟိုအစိုးရသစ်ထက် ဝန်ကြီးဂျုပ်စောခန့်တာဟ။ တော်ကြာ သူတို့ကဝန်ကြီးဂျုပ်ရွေးပြီး ငါတို့မှာ ဝန်ကြီးဂျုပ်မရှိရင် ဘယ်ကောင်းမလဲ။ လူရိုသေ ရှင်ရိုသေ သဘောနဲ့ ခန့်တယ်ပဲ ထားပါတော့ဟာ။ သူလည်း တော်တော် ပေါသက်ရှိတဲ့ သူတယောက်ပါ။ သူဘယ်လောက်ပေါကြောင်း သူ့ကိုယ်သူ ထောက်ခံထားတယ်။ မျက်မှန်နက်ကြီးနဲ့ ကုတ်အင်္ကျီမည်းကြီးနဲ့ မသိရင် အမေရိကန် ဂိုဏ်းစတားလိုလို ဘာလိုလိုနဲ့။ ဝန်ဂျီးဂျုပ်က ခုလိုပုံနဲ့ဆိုတော့ လူရှိန်တာပေါ့ဟာ။

တွင်းတူး။ ။ အိုကေ အစ်မဂျီး။ ချဗျာ။ ကျုပ်လည်းသက်သာ ဂေဟာလည်း လူတိုး ဘယ်လောက် အဆင်ပြေလဲ။

တွင်းတူးသည် သူမလုပ်ရပြီးရော ဆိုသည့်သဘောဖြင့် လျှင်မြန်စွာ ထောက်ခံလေသည်။ ကျွန်ုပ် နာယကဂျီးသည် အလွန့်အလွန်မအားလပ်သည့် ကြားမှ ဂေဟာအကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင် ချင်သော ဆန္ဒဖြင့် ဘုတ်အဖွဲ့ဝင်များထံ စာလွှာတော်ဂျီးများကို လျှင်မြန်စွာ လွှတ်လိုက်လေရာ .. လူကြီးမြင်းများထံမှ ထင်ထားသည့်အတိုင်း (ဖတ်ပင်ဖတ်ရဲ့လားမသိ) ထောက်ခံပါသည် ဟူသော စာများ ပလူပျံအောင် ရောက်ရှိလာလေတော့သည်။

နုပ်။ ။ ဟဲ့ဒါဆို ငါကြေညာလိုက်တော့မယ်နော်။

တွင်းတူး။ ။ ကောင်းသလိုလုပ်ပါဆိုဗျာ။ နောက်ထပ်လာမနှောက်ယှက်နဲ့တော့။

ထိုအခါ ကျွန်ုပ်မှာ တွင်းတူးဘက်မှ ကိုဂျက်လီဘက်သို့ လှည့်ရပြန်သည်။

နုပ်။ ။ ကိုဂျက်လီရေ။ ခု ကိုဂျက်လီကို ဝန်ဂျီးဂျုပ်ခန့်ပြီ။ ကဲ ဂေဟာကိုသွားပြီး အဖွဲ့သားတွေနဲ့ တွေ့ ပေါနိုင်သမျှသာ ပေါပေတော့ဗျို့။ တခုတော့ရှိတယ်နော် နာယကဂုဏ် ၇ ပါးဆိုတာ ရှိတယ်တဲ့ ..။ တကယ်က ၆ ပါးပါ။ အဲဒီ ၆ ပါးလုံး ကျွန်ုပ်မသိလို့ ကိုယ့်ဘာသာ တပါးထပ်ထည့်ထားတာ။ အဲဒီထပ်ထည့်ထားတဲ့ ဂုဏ်က “ပေါဂုဏ်” တဲ့ .. ကျွန်ုပ်ရဲ့ ဘော်ဒါဖြစ်တဲ့ ကိုဂျက်လီအနေနဲ့ နာယကဂျီး ရဲ့ပေါဂုဏ်ကိုတော့ မဖျက်စီးစေချင်ဘူး။

ဂျက်လီ။ ။ ဟာ ဟုတ်ပြီဗျို့ ...။ စိတ်ချ၊ မပျက်စေရဘူး။ နာယကကြီးရဲ့ ပေါဂုဏ်တွေ တိုးတက် စေရမယ်။ ကမ္ဘာပေါ်မှာရှိရှိသမျှ ဝန်ဂျီးဂျုပ်တွေထက် ပေါမယ်။ အပေါတကာ့ထွတ်ခေါင် ပေါမင်းနောင် ဖြစ်အောင်ကို ပေါပါမယ်။ ကျနော့်ထက်ပေါတဲ့ ဝန်ဂျီးဂျုပ်ပေါ်လာရင် အမြစ်ဖြုတ်ပစ်မယ်။ ဒန်ဒန့်ဒန် …။

ကိုဂျက်လီမှာ မြန်မာ့ဂီတကိုလည်း ဝါသနာထုံသူတဦးဖြစ်ပေရာ … ပါးစပ်ဆိုင်းတီး၍ ကွေးနေအောင် ကရင်း ကျွန်ုပ်အနားမှ ပျော်ရွှင်စွာ ထွက်ခွာသွားလေတောသည်။

ငပေါဂေဟာ၌ ဝန်ဂျီးဂျုပ်သစ် ခန့်အပ်ခြင်းအစီအစဉ် ဤတွင် ပြီးဆုံးပါပြီ။

14 comments:

NangNyi said...

ဟို ဂျီမေးလ်မှာတုန်းကလည်း ထောက်ခံတယ်နော်.. ဘာမှမရဘူးနော်.. ခုလည်း ထောက်ခံလိုက်တယ်.. ဘာရမှာတုန်း

tututha said...

ကြည့်ရတာ ဒီဝန်ဂျီးဂျုပ်က အတော်လေးဆင်းရဲပုံရတယ် ညီရေ့ သူ့ကိုပြန်ထောက်ပံ့ရမယ်ထင်တယ်

ဗန်ပိုင်းယား said...

အဂရီး အဂိမ်း အန် အဂိမ်း ...... ကွန်ပလိန်း တက်မယ် ..... လစာ တိုးပေးပါ ....

Mr. Z said...

ဝန်ကြီးချုပ်ထံမှ -
၁။ တနေ့တ၌ ၀န်ကြီးချုပ်သည် ရှုံ့မဲ့နေသည်။ လစာ မရသေးသောကြောင့် ဖြစ်သည်း( ထိုအခိုက် ၀န်ကြီးချုပ်ခန့်အပ်ကြောင်း သဝဏ်လွှာကို ဖတ်လိုက်ရသည်။ သဝဏ်လွှာ ဖတ်အပြီးတွင် ပို၍ ပို၍ ရှုံ့မဲ့သွားလေသည်။
၂။ သဝဏ်လွှာတွင် အကျွန်ုပ် ၀န်ကြီးချုပ်ကို ပါးစပ်ဆိုင်းတီး၍ ကခိုင်းထားသည်။ ကွေးနေအောင် ကသည်ဟု ဆိုသည်။ ၀န်ကြီးချုပ် ပညာရပ် ၁၈ ပါးထဲတွင် ကခုန်ခြင်း ပညာရပ်လည်း ပါဝင်မည့်ပုံရှိသည်။ ဆောင်ရွက်ရန် စာရင်းထဲတွင် “အကသင်ရန်” ဟု တို့ထားလိုက်သည်။
၃။ ၀န်ကြီးများ၏အထက်တွင် ဘုတ်အဖွဲ့ရှိနေခြင်းက သဘာဝ လုံးဝ (လုံးဝ၊ လုံးဝ) မကျရေးချ မကျချေ။ ထို့ကြောင့် ဆောင်ရွက်ရန် စာရင်းထဲထဲတွင် “အာဏာသိမ်းရန်” ဟု တို့ထားလိုက်သည်။
:) PM

sait phay yar said...

ဓီဝန်ချီးချုပ်က အတိုက်အခံပါတီထောင်မဲ့စဘောရှိတယ်
ကြောက်ကြောက်နဲ့ ထောက်ခံပါဒယ်
ပေါလမ်းဂွေ့ရှ်လေးလည်းလာသင်နော်
ဖရီးဖရီး
ဝန်ချီးချုပ်အတွက်ဆိုနော် နော် နော်..

ဖိုးဂျယ် said...

ဘုရား ဘုရား ဒီရက်ပိုင်း မျက်ခုံးလှုပ်နေတာ
ဒါကြောင်းကိုး ဘုရား ဘုရား
နာတော့ ဂျက်လီထက်မြင့်တဲ့ သိုင်းလောက
သိုင်းသမားတွေ ရှာမှ ဖြစ်တော့မယ်

Unknown said...

ထောက်ခံပါတယ်၊ဝဲခမ်းပါ ဝံဂျီးချုပ်ရေ။

PHYO said...

ဟဲဟဲဂျက်လီလောက်ကတော့အေးဆေး
သနားလို့ မပူနဲ့ကိုဂျယ် ကျနော်ရှိတယ် အခုတော့ဂူအောင်းပီးသိုင်းလေ့ကျင့်နေတယ်ဟီးဟီး

tututha said...

ဒီဝန်ဂျီးဂျုပ်ကို ခန့်တော့ ခန့်မိလိုက်ပြီ အာဏာသိမ်းမယ် ဆိုတော့ကာ ကြည့်ရတာ လျှို့ဝှက် စစ်တပ်တွေ ဘာတွေများ ဘက်ဂရောင်းမှာရှိနေလားမသိဘူး ငပေါဂေဟာရဲ့ ဘုတ်အဖွဲ့အောက်မှာ စစ်ဦးစီးဂျုပ် ခန့်ဖိုးများလိုမလား ... အင်း ဒါလည်း မဖြစ်သေးပါဘူး ဂေဟာက ဆူညံလို့ဆိုပြီး စစ်တပ်က အာဏာဝင်သိမ်းရင် အနည်းဆုံး အနှစ် ၂၀ တော့သူတို့လက်ထဲ ထားနေရဦးမယ်။ လောလောဆယ် ဝန်ဂျီးဂျုပ်ကို အတွင်းအားကောင်းတဲ့ ရေကြီးမှုဝန်ကြီး စောင့်ကြည့်။ အခြေအနေမကောင်းရင် အကျောတွေ ဘာတွေပိတ်ပစ် ... ဒါပဲ။

ဖိုးဂျယ် said...

ဟုတ်တယ် ရေကြီးမှုဝန်ဂျီးရေ
အခြေမဟန်ရင် ကိုယ်လက်ဦးမှုအရင်
အရယူထားနော် အတွင်းအားတွေ
ကျိတ်ကျင့်နေပါ တားတားယေးကြောက်လို့ပါ

ခေါင်ခေါင် said...

ထောက်ခံဒယ် ထောက်ခံဒယ်..
အတင်းသားဂျုပ်နဲ့ ၀ံဂျီးဂျုပ်.. ဂျုပ် ဂျုပ်ခြင်း ထောက်ခံရမယ်...

ဝန်ဂျီဂျုပ်ကြီးဆိုတော့ ပါမစ်တွေ အသားကုန်တောင်းရမယ်

ဗီလိန် said...

ဘာမှ မပူကြပါနဲ့။ ဟိုနေ့က ပဲ Red Cliff II သွားကြည့်ထားတယ်။
Zhuge Liang ရဲ့နည်းဗျူဟာ၊
Lui Bei ရဲ့ စိတ်ဓာတ်၊
Guan Yu ရဲ့ သစ္စာ၊
Zhang Fei ရဲ့ သန်မာမှု၊
Zhao Yun ရဲ့ သိုင်းကွက်၊
Cao Cao ရဲ့ အာဏာ၊
Lu Bu ရဲ့ စစ်စွမ်းရည်၊
Diao Chan ရဲ့ မာယာ တွေ အပြင် အခြားသိဖွယ်မှတ်ဖွယ်တွေပါ ပညာယူထားတယ်။ ငပေါဂိုဏ်းကြီးကို ကာကွယ်ဖို့။ ငှဲငှဲငှဲ

Unknown said...

အရမ်းကိုပေါတယ်
ပေါတောတောဂုဏ်ရည်အပြည့်ရှိတယ်
ဒီထက်တော့ပေါဖို့လိုမယ်လို့ထင်တယ်
နည်းနည်းလေးကြိုးစားပြီး ထပ်ပေါရင်အရမ်းကိုပြီးပြည့်စုံသွားပြီ:)

Unknown said...

အရမ်းကိုပေါတယ်
ပေါတောတောဂုဏ်ရည်အပြည့်ရှိတယ်
ဒီထက်တော့ပေါဖို့လိုမယ်လို့ထင်တယ်
နည်းနည်းလေးကြိုးစားပြီး ထပ်ပေါရင်အရမ်းကိုပြီးပြည့်စုံသွားပြီ:)