ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, January 19, 2009

ငှက်ကထကြီး ရန်ကုန်ဘလော့ဂါများအား သွားရောက်တွေ့ဆုံ၊ လိုအပ်သည်များ မှာစား၊ မူးရမ်းခဲ့

မြန်မာပြည်တွင် ချစ်ကြည်ရေးခရီးစဉ် အလည်အပတ် ရောက်ရှိနေသော… အိပ်မက်ပြည့်ရှင် ဆရာမကြီးမက်မက်၏ ဖိတ်ကြားချက်အရ… ရန်ကုန်ရှိဘလော့ဂါများ၏ မိတ်ဆုံပွဲသို့ တက်ရောက်သော ငပေါများဂေဟာ ငှက္ကဋ္ဌကြီးမောင်အန်ဒီသည် ရေချိန်လွန်ကဲ သွားသောကြောင့် အိမ်ပေါ်သို့လေးဘက်ထောက်တက်ရကြောင်း သတင်းရရှိသည်။

သတင်းအစုံလင်မှာ… စင်ကာပူရှိ အိပ်မက်ပြည့်ရှင်ဆရာမကြီးမက်မက်သည် ပြည်တွင်း (ရန်ကုန်မြို့) ရှိ ဘလော့ဂါများ ရင်းနှီးကျွမ်းဝင်စေရန် ရန်ကုန်မြို့ မလျှို့ဝှက်တဝှက် တစ်နေရာ၌ပြုလုပ်သော ဘလော့ဂါများတွေ့ဆုံဧည့်ခံပွဲ၌ ငပေါများဂေဟာ ကိုယ်စားလှယ်များ အဖြစ် ငပေါများဂေဟာ၏ ဂုဏ်ထူးရှော်ငှက္ကဋ္ဌကြီးမောင်အန်ဒီနှင့် လူဝံမှုကြီးကြပ်ရေး (မျောက်ဝံမဟုတ်ပါ) ဝန်ကြီး ဂျူဝသုန်(ခေါ်) ခပ်ညံ့ညံ့ကောင်တို့တက်ရောက်ကြသည်..။

အဆိုပါဧည့်ခံပွဲသို့ ရန်ကုန်ရှိအားယားနေသော ဘလော့ဂါများ၊ အချို့မှာ မအားသော်လည်း ကျွေးမွေးဧည့်ခံစရိတ်ငြိမ်းဖြစ်သဖြင့် "နိပ်ဟ" ဟု အတင်းအားကာ တက်ရောက်လာသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်…။

ပထမဦးစွာ စီစဉ်သူဆရာမကြီးမက်မက်မှ ပွဲကျင်းပရခြင်းအကြောင်းရင်းကို အနည်းငယ် ရှင်းလင်းပြောကြားပြီးအခမ်းအနားကို ကော်ဖီများကိတ်မုန့်များဖြင့် စတင်ဖွင့်လှစ်၏…။ ထို့နောက် တက်ရောက်သူတစ်ဦးချင်းဆီမှ မိတ်ဆက်စကား အနည်းငယ်မြွက်ကြားကြသည်။ ထို့နောက်ဘလော့ဂါများမှာ အွန်လိုင်းတွင်သာ အချိန်ကုန်ကြပြီး ရန်ကုန်မြို့ကိုမရောက်ဖူးသော
တောသားများဖြစ်ကြသောကြောင့် ဆရာမကြီးမက်မက်မှနေ၍ ဘလော့ဂါများအား
ရန်ကုန်မြို့အနှံ့မော်တော်ကားဖြင့် လှည့်လည်ပြသပြီး ကန်တော်ကြီးတွင်
ဂိမ်းကစားနည်းများဖြင့် တည်ခင်းဧည့်ခံပြန်၏…။

ထို့နောက်နောက်ကျမှရောက်ရှိလာသော (စီစဉ်သူတစ်ဦးလည်းဖြစ်သည့်) လူဝံမှုဝန်ကြီး ဂျူဝသုန်(ခေါ်) ခပ်ညံ့ညံ့ကောင် မစားမသောက်လိုက်ရသည်ကို စာနာထောက်ထားပြီး ၄င်းမိတ်ဆုံစားပွဲကို ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်နှင့် မလှမ်းမကမ်းရှိ လေးဘမ်းဟိုတယ်သို့ ပြောင်းရွှေ့ကြပြန်၏…။ (အမှန်မှာ သူလာလာမလာလာ ၁၉လမ်းသို့ ရွှေ့ကြမည်သာတည်း။ ဤကားစကားချပ်)

ထိုလေးဘမ်းဟိုတယ်တွင် မိန်းကလေးများအတွက်စားဖွယ်ရာများနှင့်ရေခဲရေ…၊
ယောင်္ကျားလေးများအတွက် ဝီစကီနှစ်တောင့်နှင့် ဘီယာသောက်ချင်သလောက်
စီစဉ်ပေးထားလေရာ… အလုပ်ပြုတ်၊ ဘိုင်ကျ၊ လောလောဆယ်မိဘလုပ်စာ ထိုင်စားနေရရှာသော ငပေါများဂေဟာငှက္ကဋ္ဌကြီးမောင်အန်ဒီခမျာ "မသောက်ရတာကြာပြီ။ ယနေ့တော့ အလှူရှင်ဒါယကာတွေ့တုန်းနှံလိုက်မည်" ဟူ၍နှံလိုက်ရာ အလုပ်ပြုတ်၊ ဘိုင်ကျ
မသောက်တာကြာပြီဖြစ်သဖြင့်"လစ်မစ်"ကျဆင်းလျက်ရှိနေသောကြောင့်…
စည်ဘီယာလေးခွက်နှင့် ဝီစကီလေးပက်မျှအကုန်တွင် ဦးခေါင်းအဝီစိထိုးနေသဖြင့်
(လူဝံမှုဝန်ကြီး၏အဆိုအရ) တက္ကစီပေါ်သို့ ထမ်းတင်ပေးလိုက်ရသောဟူသတတ်…။

ငှက္ကဋ္ဌကြီး၏ပြောရေးဆိုခွင့်ရ ကိုယ်ရေးအတွင်းရေးမှုး လီဒါဟေးကမူ
ထိုမှအပြန်တွင် ငှက္ကဋ္ဌကြီးမှာ အိမ်ပေါ်သို့လေးဘက်ထောက်ပင်တက်ရကြောင်း…၊
သို့ရာတွင်နောက်နေ့ အိမ်ပေါ်မှလေးဘက်ထောက် မဆင်းရသည်မှာကံကောင်းကြောင်း…။
ယခုအခါတွင် ငှက္ကဋ္ဌကြီးမှာ အခြေအနေကောင်းမွန်စွာရှိနေကြောင်း…၊ သို့ရာတွင်
ဘိုင်ကျရောဂါစွဲကပ်နေသဖြင့် အွန်လိုင်းနှင့် ငပေါဂေဟာအရေးကိုလောလောဆယ်
လှုပ်ရှားဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စသည်ဖြင့် ရှင်းလင်းဖြေကြားသည်…။

နောက်ဆက်တွဲသတင်းအနေဖြင့်အဆိုပါ ဧည့်ခံပွဲအပြီး (ငှက္ကဋ္ဌကြီးပြန်အပြီး အတန်ကြာမှပြီး) တွင် ငပေါဂေဟာ၏ လူဝံမှုဝန်ကြီးမှာ ရေချိန်အဆမတန်လွန်ကဲသဖြင့် ထမ်းစင်ဖြင့်ပင် ထမ်းထုတ်ရကြောင်းကိုလည်းခိုင်လုံသော သတင်းရပ်ကွက်များမှသတင်းရရှိသည်…။
ထိုပွဲတွင်ထမ်းထုတ်ရသောဘလော့ဂါ အများအပြားပင်ရှိကြောင်းကို အဆိုပါ လေးဘမ်း ဟိုတယ် ရှိ အမည်မဖေါ်လိုသူ ဝန်ထမ်းတစ်ဦးမှလည်းပြောကြားသည်..။

မှတ်ချက်။ ။ ငှက်ကထဂျီးနှင့် လူဝံမှုကြီးကျပ်ရေးဝံဂျီးတို့၏ စွမ်းစွမ်းတမံ ဆောင်ရွက်ချက် များအတွက် ဂေဟာက အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း .. ရှေ့ဆက်၍ ဒီ့ထက်ပိုမို စွမ်းဆောင်ကြရန် နာယကဂျီးမှ ဝင်ရောက်နှမ်းဖြူးပဏာယူလိုက်သည်။

9 comments:

Han Thit Nyeim said...

ဟား... ဟား... ဟား... ဟု လွတ်လပ်စွာ ရယ်ပေါသွားပါသည်။

chanye` said...

ဒီငှက်ကထကြီက အသောက်အစားအပျော်အပါးကလည်း မက်သပါ့။
ရာထူးက ဖြုတ်ချလိုက်ရင်ကောင်းမယ်ထင်တယ်။ ဟိဟိ

ဖိုးဂျယ် said...

ဟုတ်ပါ့ ငတိလိုလဲ ရုပ်တည်နဲ့ မနေဘူး
မမြဲ မူးနေတာပဲ ငပေါဂေဟာ သိက္ခာကျတယ်
နာယကဂျီးကြည့်လိုက် ဘယ်လောက်သောက်သောက်အေးဆေးပဲ

Thet Mg Oo said...

အေးလေ. နော် .. ဂျဲ .. . နာတို့ကိုတောင် အကြောင်းမကြားဘူး ....

Andy said...

အိ... အတိုက်အခံတွေတော်တော်များနေပါလား...
ဒါပေမယ့် ငါ ငှက္ကဋ္ဌကွ... မြန်မာပြည်မှာ ငှက္ကဋ္ဌဆိုတာ သေမှပြုတ်ကျတာကွ ဟားဟားဟား

ခေါင်ခေါင် said...

ဒီအုတ်ကထ လုပ်ပုံနဲ့တော့ တို့ငပေါဂေဟာတော့ နာမည်ပျက်ပါဘီ..။

Unknown said...

ှငှက်ကထကြီးရေ ကြောက်တယ်နော်
ဘာတွေပြောနေတာရဲ
မီးမီး ကြောက်ကြောက်...:P

tututha said...

ငပေါဂေဟာမှာ ငှက်ကထက မသေမရှင်ဖြစ်ရင် ပြုတ်ကျမယ် သတိထား ... ဟွန်း။

ခေါင်ခေါင် said...

မြန်မာပြည်က အုတ်ကထ လာစမ်းဘာ..စလုံးရောက်မှ .. အကြောင်းသိမယ်...