ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, November 1, 2008

နာယကကြီးရဲ့ ငှက်ယောဇဉ် (ဥက အကောင်ပေါက်တော့ ငှက်ဖြစ်သွားတာ)

ရာဇဝင်ထဲမှာ နယကကိုထားရစ်ခဲ့

တနေ့သ၌ ကျွန်ုပ်သည် ရုံးမှအပိုင်စားပေးထားသော သင်္ချာစက္ကခေါ် ကွန်ပျူသ (ယိုးဒယားသံဖြင့်) ရှေ့၌ အလုပ်များချင်ယောင်ဆောင်ရင်း နေ့လည်စာရစ်ကာ အိပ်ငိုက်နေစဉ် ရုတ်တရက် ဘွားကနဲ ပေါ်လာသော ကျက်သရေအလွန်မရှိသည့် မောင်အန်ဒီ၏ မျက်ခွက်ကြီးကြောင့် အိပ်ချင်စိတ်များ ပျောက်ကာ ကိုယ့်လိပ်ပြာ ကိုယ်ပြန်ခေါ်ရမတတ် ဖြစ်သွားခဲ့လေသည်။

မောင်အန်ဒီ။ ။ ဘူးထွားဟားဟားဟားဟား။

ကျွန်ုပ်။ ။ အောင်မယ်လေး သောက်ပလုတ်တုပ်။ ကလူကလူကလူ။ ဟာ လန့်လိုက်တာ။ ဘာတုန်းဟ။ ဒီမှာ ငါ အလုပ်လုပ်နေတာ မတွေ့ဘူးလား။

မောင်အန်ဒီ။ ။ လုပ်မနေနဲ့။ ဒါမျိုးတွေရိုး ဟိုးဟိုးနေပြီ။ အလုပ်လုပ်ချင်ယောင်ဆောင် နေတာများ။ မသိရင်ခက်မယ်။

ကျွန်ုပ်။ ။ သိရင်လည်း ပြီးရောဟာ။ ငါဆက်ငိုက်မလို့။ ပျင်းရင်လည်း ညီညီ့ဆီသွားလည်ချည်။

မောင်အန်ဒီ။ ။ ဟဲဟဲ ခုပဲ ညီညီ့ဆီကပြန်လာတာ။ ကျုပ်တို့ အရူး အပေါဂိုဏ်းဖွဲ့မလို့။ အဲဒါ ပါမလား လာမေးတာ။

ထိုသို့သော မောင်အန်ဒီ၏ စကားအဆုံးတွင် ကျွန်ုပ်၏ အိပ်ငိုက်နေသော မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ အလွန်စိတ်ဝင်စားမိသွား၏။ ကျွန်ုပ်၏ မီးခဲပြာဖုံး ပညာခန်းများ ပြရန်နေရာ တွေ့ချေပြီ။ သို့သော် ပညာရှိတို့ မည်သည် စိတ်လှုပ်ရှားခြင်း၊ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း စသည်တို့ကို တပါးသူအား မြင်ခွင့်မပေးသော ထုံးစံရှိရကား ... မျက်နှာ၌ မည်သည့် အမူအရာမှ မပေါ်လွင်အောင်ဖုံးဖိရင်း ခပ်တည်တည်နှင့် ပြန်လည် မေးခွန်း ထုတ်လိုက်တော့သည်။

ကျွန်ုပ်။ ။ အိမ်း နင်တို့ ဂိုဏ်းဖွဲ့တာတော့ ဟုတ်ပါပြီ။ ငါ့ကိုပါစေချင်ရင်တော့ ဥက္ကဌ ရာထူးပေးမှ ဖြစ်မယ် (ထိုသို့ပြောနေချိန်တွင် ကျွန်ုပ်၏ မျက်နှာမှာ အလွန်တည်ကြည်လေးနက်ကာ ရာထူးမမက် သော်လည်း ပေါခြင်းတာဝန်များကို ထမ်းဆောင်ချင်လွန်းသည့်ရုပ် ပေါက်နေသည်ဟု နောင်သောအခါ မောင်အန်ဒီက လေးစားသမှုဖြင့် ပြန်လည်ပြောပြသည်။ ယုံချင်ယုံမယုံချင်နေပေါ့)

မောင်အန်ဒီ။ ။ အာ ဒါတော့ရဘူးဗျ။ ကျုပ်က ဥက္ကဌ ရာထူး ယူပြီးသား။

ပညာရှိတဦးဖြစ်သော ကျွန်ုပ်မှာ မောင်အန်ဒီ့ထံမှ ထိုသို့သော အဖြေရမည်ကို ကြိုတင်တွေးဆပြီး ဖြစ်ရကား သူများမဦးခင် မရ ရတာယူမည်ဟု ဆုံးဖြတ်ကာ ကမန်းကတန်း မေးခွန်းတခွန်း အမြန်ထုတ်လိုက်ရလေသည်။

ကျွန်ုပ်။ ။ ဒါဆို နာယက လုပ်မယ်။

မောင်အန်ဒီ။ ။ ဟာ အဲဒါတော့ဖြစ်တယ်။

ထိုသို့ အဖြေပေးပြီးသကာလ မောင်အန်ဒီသည် လျှပ်စီးလက်သည့်အလား ကျွန်ုပ်ထံမှ လျှင်မြန်သော အဟုန်ဖြင့် ထွက်သွားကာ မည်ကဲ့သို့လုပ်လိုက်သည်မသိ ခဏချင်းတွင်ပင် ကျွန်ုပ်၏ အမည်နာမကို နန်းညီ၏ ဘလော့ပေါ်၌ နာယကတဦးအဖြစ် စံမြန်နေကြောင်း တွေ့လိုက်ရလေတော့သည်။

ထိုအချိန်မှစ၍ ကျွန်ုပ်လည်း ငပေါနာယကကြီးဖြစ်သွားရကား နာယကတို့ထုံး နှလုံးမူကာ ငပေါအဖွဲ့ ခေါင်ချုပ်များ၏ စည်းဝေးတွင် တတ်ယောင်ကား ဝင်ဝင်ပါနေရလေတော့၏။ ခက်သည်က ကျွန်ုပ်မှာ ပေါခြင်းအတတ်ကို တဖက်ကမ်းခတ် တတ်မြောက်သော်ငြားလည်း သူရို့ပြောနေသော လောကဓာတ် ပညာခန်းများကို တခွန်းတပါဒမျှမသိ။ သူရို့စည်းဝေးတိုင်းတွင် ဝင်ရောက်အိပ်ငိုက်ရင်း ဘုမသိ ဘမသိ လက်ျာလက်ထထ ပြနေရသောကြောင့် ကျွန်ုပ်၏ ညာဖက်လက်များပင် အကျောဆိုင်းချင်သလိုလို ဖြစ်နေလေပြီ။

တနေကုန်ကြိုးစားပမ်းစား ဝင်နေသော ငပေါတို့၏ ဂေဟာကို ယခုမှ ချောချောမောမော ဝင်နိုင် ထွက်နိုင် အဆင့်သာ ရှိချေသေးသည်။ မတတ်သည်ကို မတတ်ဟု ဝန်ခံပြန်လျှင်လည်း ကိုယ်ညံ့သည် ကို သူတပါးသိကာ ပျက်ရယ်ပြုချေဦးမည်။ ညံ့ပင်ညံ့သော်ငြားလည်း မခံချင်စိတ်ဖြင့် တတ်ယောင် ကားလုပ်ရန် ဆုံးဖြတ်ပြီးသကာလ တတ်သော်လည်း လူငယ်များကို ဖြစ်စေချင် သောကြောင့် ဦးစားပေးသလိုလိုရောချကာ သူရို့ဘာလုပ်လုပ် မကောင်းမရှိ ထောက်ခံခြင်း အမှုကိုသာ ပြုနေလိုက်တော့သည်။

ကျွန်ုပ်၏ လျှို့ဝှက်ချက်ကို ဗီလိန်တယောက်ကိုသာ ခပ်တိုးတိုး အသိပေးထားလေသည် (အကြောင်း တခုခုရှိရင် ကိုယ့်ဘက်ကပါအောင် မဲဆွယ်ထားတာ)။ အမှန်မတော့ ကျွန်ုပ်သည် လောကဓာတ် ပညာများနှင့် အလွန်ဝေးသော ရာဇဝင်ထဲမှ ငပေါကြီးတဦးသာ ဖြစ်လေသည်တမုံ့ :P

3 comments:

ဗီလိန် said...

ဟဲဟဲ ဒီလိုဖားတဲ့အတွက် ရော့ ဖုန်းတစ်လုံးနဲ့ ငါးကျပ်သားဆွဲကြိုးတစ်ကုံး ငှဲငှဲငှဲ

crazybloggergroup said...

အော် ပေါရဲပါ့ပေ နာယကရယ်။ ကဲကဲ ဆက်ပေါကြပေတော့ ပုံ/ သဘာငတိ ဂျဲဂျယ်

Andy said...

ငှက္ကဌကိုများ ကျက်သရေမရှိသော မျက်ခွက်ကြီးတဲ့..
ဒီလောက် ဘရက်ပစ်နဲ့ တူတဲ့ မျက်ခွက် (အဲအဲ) မျက်နှာလေးကို...