ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, November 25, 2008

မင်္ဂလာဆောင် အပိုင်း (တစ်)

သဘာပတိ ဂျဲဂျယ်က သူနှင့်လိုက်ဖို့ခေါ်သည်။ ငြင်းမည်ဟု စိတ်ကူးသော်လည်း ဒီပွဲက မသွားလို့မကောင်းချေ။ ခရစ္စတီယာနို ရော်နယ်ဒိုဆိုသည်က ကိုယ်နှင့် အတန်းတူ သူငယ်ချင်းဖြစ်သည်။ ယခု သူ့မင်္ဂလာပွဲကို မတက်ဖြစ်လျှင် ဒီကောင် စိတ်ဆိုးပေလိမ့်မည်။ တကယ်တော့ ဒီကောင့်ကို ဒီတစ်သက် အိမ်ထောင်ကျမည်ဟုပင် ထင်မထားခဲ့။ ဒီကောင်က ဘောလုံးကန်ကောင်းလို့သာ လက်ရှိအချိန်တွင် ကမ္ဘာကျော်နေသော်လည်း ငယ်ငယ်ကတော့ အတန်းထဲမှာ ငပေါဖြစ်သည်။ အမြဲတမ်း ကိုယ်ခိုင်းတာ လုပ်ရသော ကိုယ့်ရဲ့ငယ်နိုင်ဖြစ်သည်။ ကိုယ် ဆေးလိပ်သောက်ချင်လျှင် ဒီကောင့်ကိုပဲ မုန့်ဖိုးပေးပြီး ၀ယ်ခိုင်းရသည်။ ကိုယ်ကိုယ့်ကြောက်လိုက်သည်မှာလည်း မပြောပါနှင့်တော့။ တစ်ခါက စိတ်ဆိုးပြီး ဒီကောင့်ကို တံတောင်နှင့် (၃)ချက်လောက် ထောင်းဖူးသည်။ အဲဒီကတည်းက ဒီကောင်ကိုယ့်ကို အခုအချိန်အထိ ကြောက်နေခြင်းဖြစ်မည်။

ဒီကောင့်ကို မိန်းမရမည် မဟုတ်ဟု ထင်ရခြင်းမှာလည်း ဒီကောင့် ရုပ်က အင်မတန်ဆိုးလို့သာ ဖြစ်သည်။ ယခုတော့ သူရုပ်သူ့ရည်နှင့် ထိုက်တန်သော မိန်းမတစ်ယောက်ကို ရှာတွေ့ ကာ ဒီကောင် မင်္ဂလာဆောင်တော့မည်ဖြစ်သည်။ ပြောရလျှင်...သတို့သမီး ခေါင်ခေါင် ဆိုသည်မှာလည်း သူစိမ်းတော့ မဟုတ်။ ကိုယ်တို့ ဂေဟာမှပင်ဖြစ်သည်။ ပြီးတော့ ကိုယ်တို့ ဂေဟာမှာ သေးသေးကွေးကွေး ရာထူးလည်းမဟုတ်။ အဆင်မသင့်လျှင် ကိုယ့်ကိုယ် အချိန်မရွေးရန်လုပ်နိုင်သည့် အနေအထားမှာ ရှိသည်။ ထို့ကြောင့် သဘာပတိဂျဲဂျယ်က ခေါ်သောအခါ မငြင်းဖြစ်တော့ပဲ မင်္ဂလာဆောင်သို့ သွားရန် ပြင်ဆင်ရတော့သည်။ လက်ဖွဲ့ ကတော့ အထူးတလည် လုပ်မနေတော့။ ကိုယ့်မှာ စိန်ထွက်သော အာဖရိကတိုက်တစ်ခုလုံး ပိုနေသည်။ ကိုယ့်အတွက်လည်း အသုံးမလိုမှတော့ ဒါပဲ လက်ဖွဲ့လိုက်တော့မည်။

ခေါင်ခေါင်ကတော့ ပျော်နေမည် ထင်သည်။ သူမက ဂေဟာမှာ အလွန် အချစ်ကြီးသူတစ်ယောက်အဖြစ် ကျော်ကြားခဲ့သူဖြစ်သည်။ ထို့ကြောင့်ပင် သူမ မကြာခဏ အသည်းကွဲလေသည်။ (မကြာခဏပင် ကွဲပါသည်။ တစ်လ ၅ ခါလောက်တော့ ပုံမှန် အသည်းကွဲခဲ့ သူဖြစ်သည်။ ကွဲပဲ ကွဲနိုင်လွန်းလှသည်။) ဘရက်ပစ်လည်း သူမနှင့် ကြိုက်ဖူးသည်။ လီယိုနာဒိုလည်း မလွတ်။ တွမ်ခရုစ်က အချစ်ဦး။ ကိုရီးယားမင်းသား ရိန်းကိုတော့ သူမကပင် စပြီး ဖျက်လိုက်သည်ဟု ကြားရသည်။ ချစ်သူ သက်တမ်း နှစ်ပတ်အတွင်း ပိုက်ဆံ (၈)ခါ ချေးပြီး တစ်ခါမှလည်း ပြန်မဆပ်သောကြောင့်ဟု ပြောသည်။ တကယ်တော့လည်း ဟုတ်ချင်မှ ဟုတ်မည်။ သက်သက်မဲ့ ရမယ်ရှာခြင်း၊ အကြောင်းရှာခြင်းသာ ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရိန်းနှင့် ကွဲပြီး သိပ်မကြာခင်မှာပင် ကီနူးရိဗ်နှင့် ဟာဝိုင်ရီကျွန်းပေါ်မှာ တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။

ယခုတော့ ကျွန်တော့်၏ ငယ်နိုင် စီရော်နယ်ဒိုနှင့် သူမ ဖူးစာဆုံသွားခဲ့ပြီဖြစ်လေသည်။ မင်္ဂလာဆောင်သို့ သွားမည့် လေယာဉ်ကို စီစဉ်ရပြန်သည်။ အကောင်းဆုံး လေယာဉ်ကတော့ ပြီးခဲ့သော နှစ်ရက်က ကွန်ပျူတာ ဆော့ဝလ်တွေ ရောင်းသည့် ဘီလ်ဂိတ်က ငှားပါဆိုလို့ အားနာတာနှင့် ပေးလိုက်ရသည်။ အခုတော့ အမေရိကန် စစ်ဌာနချုပ်ကို လပြတ်ငှားထားသော ဂျက်လေယာဉ်ကိုပဲ ခဏပြန်သိမ်းပြီး သွားရမည်ဖြစ်သည်။ ကိုယ့်တပည့်လေးတွေဖြစ်သော ဟယ်ရီဆင်ဖို့ဒ်နှင့် ဂျက်လီတို့က ထိုလေယာဉ်ကို မောင်းမည်ဖြစ်သည်။

သွားမည်ဟု ဆိုပြီး လေယာဉ်နားရောက်ခါနီးမှ ဂျဲဂျယ်က ထဖောက်သည်။ မင်္ဂလာဆောင်သွားရန် အင်္ကျီမရှိလို့ ငှားပါဦးဟု မျက်နှာငယ်လေးနှင့် ပြောခြင်းဖြစ်သည်။ ဒီကောင်ကလဲ ခက်သည်။ သူ့မှာလည်း အာရပ်က ရေနံတွင်း ၅၀၀ လောက်ပိုင်သော်လည်း ဘယ်တော့မှ ပြောင်ပြောင် ယောင်ယောင် မရှိ။ ကြည့်လိုက်ရင် အမြဲ စုတ်တီးစုတ်ပဲ့ဖြစ်သည်။ မတက်နိုင် ။ ကိုယ်က ပေါင်းမိပြီဆိုမှတော့ သည်းခံရပေလိမ့်မည်။ ကိုယ် မ၀တ်တော့သည့် အင်္ကျီအဟောင်းတွေပဲ ပေးဝတ်လိုက်ရသည်။ ဒါတောင် ဘသားချောက ဖိနပ်ပါ ထပ်ငှားနေသေးသည်။

လေယာဉ်ပေါ်ရောက်တော့ နာယက မတူးတူးထံမှ ဖုန်းဝင်လာသည်။ သူ့ကိုပါ တစ်ခါတည်း ၀င်ခေါ်ဖို့ပြောခြင်းဖြစ်သည်။ တွင်း(၂)နှင့် ပျံကြားရေးဝန်ကြီးတို့လည်း သူ့အိမ်မှာပဲ စောင့်မည်ဟု ပြောသည်။ ငှက်ကထနှင့် တွင်း ၁ တို့ကတော့ မနေ့က သောက်တာများသွားပြီး လမ်းဘေးမှာ အိပ်မိသဖြင့် အချုပ်ခန်းထဲ ရောက်နေသည်ဟု သတင်းပေးသည်။ ကိစ္စမရှိ။ နန်းညီက မင်္ဂလာဆောင် လာရင်း ၀င်ထုတ်ခဲ့မည်ဟု ပြောသည်။

ဖြစ်ပါ့မလားဟု စဉ်းစားမိသည်။ နန်းညီက ဆေးရုံမှ ဆင်းသည်မှာ သိပ်မကြာလှသေး။ သူမက တစ်မျိုးဖြစ်သည်။ အနုပညာကို အားကြီး ၀ါသနာပါသည်။ ရေနွား၊ ပီကာဆို၊ ဗင်းဆင့်ဗန်ဂိုးတို့နှင့် တစ်ဖွဲ့ တည်းဖြစ်သည်။ ပြီးခဲ့သော လက ဗင်းဆင့်ဗန်ဂိုးနှင့် နားရွက်ချင်းလဲမည်ဟု ဆိုကာ ကိုယ့်နားရွက်ကို ကိုယ်ပြန်လှီးသဖြင့် ဆေးရုံသို့ အရေးပေါ် ပို့လိုက်ရသည်။ အရေးပေါ် ဆေးရုံမှာ အနာကျက်တော့လည်း စိတ္တဇဆေးရုံသို့ ချက်ချင်းပို့လိုက်ရသည်။ တော်တော်ကြာ ဆိုကရေးတီးလို အဆိပ်သောက်ပစ်လိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ယခုတော့ နည်းနည်းကြောင်တောင်တောင်နိုင်တာက လွဲပြီး တော်တော်လေး ပြန်ကောင်းလာပြီဖြစ်လေသည်။ သို့သော် သိပ်စိတ်မချချင်သေး။ တော်ကြာ ငှက်ကထနှင့် တွင်း ၁ တို့ နှစ်ယောက်ကို အချုပ်ခန်းထဲမှဆွဲထုတ်ပြီး ခေါင်ခေါင်တို့ အတွက် မင်္ဂလာဆောင် လက်ဖွဲ့ရန်ဟုဆိုကာ နားရွက်တွေ ဖြတ်နေလျှင် ခက်မည်။ သူမက အနုပညာသမားဆိုတော့ နည်းနည်းတော့ အတွေးလွန်တတ်သည်။ ပြီးတော့ ဂေဟာမှာ အဆင်းရဲဆုံးဖြစ်သည်။။ စကာပူမှာရှိတဲ့ UOBရယ် POSBဆိုတဲ့ ဘဏ်၂ခုပဲပိုင်တာလေ။

ကိုယ်တို့ ဂေဟာမှာက လောက်လောက်လားလား ချမ်းသာပြီး ရည်မွန်တည်တံ့သည်က ကိုယ်ပဲ ရှိသည်ဆိုတော့ အားလုံးအတွက် လိုက်ပြီး ပူပန်နေရသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်က သဘောကောင်းသူမို့ အားလုံးရဲ့  အနွံတာ ခံပါသည်။


7 comments:

ခေါင်ခေါင် said...

လာခဲ့ ဒီထောက်ချုပ် မင်္ဂလာ ဆောင်ရောက် မှ..
နာရင်းပိတ်အုပ်ပစ်မယ်...
သူများချစ်ချစ် ဒိုလေး ကိုများ သူ့ငယ်နိုင်လေးဘာလေးနဲ့...

ဟိဟိ...

NangNyi said...

ဘယ်က နားရွက်တစ်ဖက် ဖြတ်ရမှာလဲ.. အခု နောက်နားရွက်တစ်ဖက်ရော.. နှာခေါင်းရော.. လက်တွေ ခြေထောက်တွေရော မရှိတော့ဘူး.. မကြာခင် လည်ပင်းပါဖြတ်မလို့.. ဒါပေမယ့် ကိုယ့်လည်ပင်းကိုယ်မဟုတ်.. ထောက်ချုပ်ရဲ့ လည်ပင်း..

Unknown said...

hehe.. yi ya tal :P (no mm font here)

ဖိုးဂျယ် said...

ငါများ အ၀တ်စားမရှိတဲ့ စုတ်တီးစုတ်ပဲ့တဲ့
ငပေါကောင်ရဲ့ ငါက အ၀တ်စားCrazyကွ
ပိုက်ပိုက်သာမရှိမယ်။ ဖိနပ်နဲ့ အ၀တ်စားက
ကြိုက်တာရွေးဝတ်ပဲကွ။ ဟွန်း ကြုံတုန်းကြွားရတာ

ဗန်ပိုင်းယား said...

တော်တေးဒယ် . ကေလာ ပါဝူး. . ကွန်ပလိန်း တက်မှာ ကြောက်လို့ ထင်ဒယ်. .

မိုးသား said...

ဒုတိယပိုင်း ..မကြာမီလာမည်..။

Anonymous said...

အော်... အခုချိန်ထိ တားတား က အကောင်းကြီးရှိသေးတယ်... အပိုင်း(၂)လဲကျရော ဘ၀ကို ပျက်ကော.........အဟီး..ရွှတ်...ဖတ်...