ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, December 29, 2008

ငပေါဂေဟာရဲ့ အပေါဆုံးဆုပေးပွဲ

ငပေါဂေဟာရဲ့ ရွှေတံဆိပ်ဆု ဘယ်သူဆွတ်ခူးသလဲ ..
တစ်နေ့သ၌ မြန်မာဘလော့ဂ်ဂါလောကတွင် လွန်စွာမှ အရှိန်အဝါကြီးမားလှသော ငပေါဂေဟာ၏ ဂုဏ်ထူးဆောင်ပိုင်အိုနီးယားကြီးဖြစ်သူ ငှက္ကဋ္ဌကျွန်တော် မောင်အန်ဒီသည် မချမ်းစဖူးချမ်းစိမ့်စိမ့်ရှိလှသော ရန်ကုန်ဒီဇင်ဘာလ၏ နေ့လည်ခင်းတွင် လကုန်ရက် ဘိုင်ကျလှသဖြင့် ထမင်းမျှမစားနိုင်ဘဲ အလကားရသော ရေကိုအဝသောက်ကာ ကွန်ပြူတာရှေ့၌ စိတ်ပျက်လက်ပျက် ငိုက်မြည်းနေခိုက်… ကွန်ပြူတာစပီကာဆီမှ “ပလုံ ပလုံ” ဟူသော အသံကြားရသဖြင့် ရုတ်တရက်လန့်ဖြန့်ကာ အကြွေးရှင်ပေလော… အသင်းထဲမှမိမိအား အတိုက်အခံပြုရာ၌အကဲဆုံးဖြစ်သော တစ်ဦးတည်းသောအသင်းသား၊ အသင်းသားချုပ်ကြီးနှင့် စည်းရုံးရေးအမှုရှောင်တို့မှ အကွက်ရသဖြင့် သူတို့ချင်းအရေးပေါ်ပါတီဖွဲ့ကာ ထိုးနှက်တိုက်ခိုက်ကြ လေပြီလောဟု ယီးတီးယောင်တောင်ဖြစ်မိသေး၏…။ သို့သော်ကံကောင်းထောက်မစွာဖြင့် ၄င်းတို့မဟုတ်မူပဲ အသင်းစတင်တည်ထောင်စကပင်… အစ်မကြီးဘာအလုပ်မျှ မလုပ်ရင်နေပါ… ဒီအတိုင်းထိုင်ရုံထိုင်နေပါ… နာယကရာထူးပေးပါမည် ဟုကျွန်တော်ကိုယ်တိုင် အတင်းဆွဲခန့်ထားသော ခေတ်ဆွေးငပေါ နာယကကြီး မတူးတူးသာဖြစ်နေသဖြင့် အနည်းငယ်အသက်ရှူချောင်သွားရပါသည်…။
“ဗျို့ ငှက္ကဋ္ဌကြီးရဲ့… တို့ငပေါဂိုဏ်းလဲ တစ်ခုခုလုပ်မှဖြစ်တော့မကွဲ့”
“ဘာပါလိမ့် အစ်မကြီးရယ် ဆိုင်းမဆင့်ဗုံမပါ”
“တို့လည်းတို့ငပေါဗီလာအနေနဲ့ ဆုတစ်ခုခုပေးရမယ်”
“ဘာဆုလဲ အစ်မဂျီးရဲ့”
“ဟာကွာ ဝေးလိုက်တာ…။ အခု ၂၀၀၈ ကုန်တော့မယ်လေ…။ အဲဒီတော့ နှစ်ကုန်ရင် အကယ်ဒမီတို့ အော်စကာတို့ပေးသလိုပဲ… အခုဘလော့ဂ်လောကမှာလဲ အကောင်းဆုံးဘလော့ဂ်ဆိုပြီး ပေးဖို့စီစဉ်နေကြသတဲ့…။”
“ဟုတ်တယ်… အဲဒါကြားမိတယ်… ဘာဆုကြီးလဲ ဘယ်လိုပေးမလဲတော့ မသဲကွဲဘူး”
“အေး… အဲဒီတော့ငါတို့လဲ ထုံးစံအတိုင်း သူများလုပ်ပြီးသားလိုက်လုပ်တဲ့အနေနဲ့၊ ငါတို့က ငပေါဂိုဏ်းဆိုတော့ ၂၀၀၈ ခုနှစ်အတွက် အပေါဆုံးဆုဆိုပြီး ပေးကြရအောင်”
“ဟားး ကောင်းတယ်၊ ကောင်းတယ်၊ ဒီလောက်တော်တော်တီးတော်လွန်းလို့ နာယကကြီးဖြစ်နေတာ… ကဲ..ဒီတော့ကာ ၂၀၀၈ အတွက်ငပေါဂိုဏ်း သင်းလုံးလစ် အစည်းအဝေးကြီး ကျင်းပပြီးပေးလိုက်ကြရအောင်…”
ငပေါဂိုဏ်း သင်းလုံးကျွတ်အစည်းအဝေးကြီးကား မြန်မာပြည်ရှိ ဟိုအသင်းကြီးအစည်းအဝေးကြီးနှင့် ခြားနားလေစွတကား…။ တွင်း(၂) ကိုဗီလိန်မှာ မြန်မာပြည်ပြန်နေလို့ မတက်နိုင်၊ အသင်းသားချုပ်၊ စည်းရုံးရေးအမှူရှောင် တို့မှာလည်း အလုပ်များနေသည်ဟုဆိုကာ ညည်းညည်းညူညူဖြင့် ရောက်ရှိလာကြလေ၏…။ အခြားဝန်ကြီးများမှာလည်း လာသူလာ လစ်သူလစ်ဖြင့် စည်ကားသိုက်မြိုက်လှပါဘိတောင်း…။ ရှေးဦးစွာ နာယကကြီးက အဖွင့်မိန့်ခွန်း မြွက်ကြားလေ၏…။ မိန့်ခွန်းဆိုသော်လည်း အသစ်ရေးရမှာပျင်းသဖြင့် ကျွန်တော်နှင့်ပြောသောစကားများကို စာစကားဖြင့် ပြန်လည်ရေးသားထားခြင်းများကို ပြန်ဖတ်ခြင်းသာဖြစ်၏…
“အဲဒီလို ဆုချီးမြင့်မှာဖြစ်တဲ့အတွက် မည်သူကိုပေးသင့်မပေးသင့် မဲခွဲဆုံးဖြတ်အဆိုတင်သွင်းကြဖို့ ယခုလို ဖိတ်ကြားရခြင်းဖြစ်ပါတယ်”
ထိုအချိန်တွင် မည်သည့်အချိန်ကစောင့်နေသည်မသိသော ဆြာဖိုးဂျယ်ခေါ်ကမ္ဘာငတိက
“ကျွန်တော့်ကိုယ် ကျွန်တော်အဆိုတင်သွင်းပါတယ်”
“ကန့်ကွက်ပါတယ် ကန့်ကွက်ပါတယ်”
တက်ရောက်သမျှ အသင်းသားအားလုံး တခဲနက်ကန့်ကွက်လိုက်ကြသည်မှာ အားရဖွယ်ပင် ကောင်းလှပါဘိတောင်း…။
ကျွန်တော်က “ဟုတ်ပါပြီ… နည်းနည်း လူကြားကောင်းအောင် ဘာကြောင့်ကန့်ကွက်ကြသလဲဆိုတာ သိပါရစေ”…။ ဤတွင် အသင်းသားချုပ်ကြီး ခေါင်ခေါင်ကထကာ…
“တခြားတော့မဟုတ်ပါဘူး… သူကခဏခဏအသည်းကွဲပါတယ်…”
“အသည်းကွဲပေမယ့် ပေါပါတယ်…။ အသင်းကောင်းကျိုးလဲ တော်တော်လုပ်ပါတယ်…”
“နောက်ပြီးတော့ လည်ပင်းမှာ ဘာကြီးလဲမသိဘူးဆွဲထားပါတယ်… ရှည်မျောမျောကြီး”
“ဘာကြီးလဲဟင်..”
“MP3 နဲ့ ဟတ်ဆက်ကြီး၊ အဲဒါကြီးတပ်ပြီး လူကြားထဲမှာ သူ့ကိုခေါ်ရင် မကြားချင်ယောင်ဆောင်ပြီး ထွက်သွားပါတယ် အဲဒါကြောင့်” ဤတွင် တခြားသူများကလည်း “ဟုတ်ပါတယ်၊ မှန်ပါတယ်၊ မပေးသင့်ပါဘူး… ကန့်ကွက်ပါတယ်…” ကမ္ဘာငတိကြက်နာကြီး လည်လိမ်သလို ခေါင်းငိုက်စိုက်ကျသွားလေ၏…။
“ဟုတ်ပါပြီ အများဆန္နအရ ငတိကိုမပေးတော့ပါဘူး… အခုအလှည့်ကျတာကတော့ တွင်း(၂) ဗီဗီဖြစ်ပါတယ်… အခုတော့ ရန်ကုန်မှာရောက်နေတယ်ဆိုပြီး အဆက်အသွယ်မရသေးပါဘူး…။ ဘုန်းကြီးဝတ်တော့မလိုလို သတင်းတွေတော့ထွက်နေပါတယ်…”
“ကန့်ကွက်ပါတယ်” ထမှုတ်ကြပြန်ပါသည်…။
“ဟင်..ဘာပြုလို့…”
“သူမှ အခုဒီမှာ မရှိတဲ့ဥစ္စာ သူ့ပေးလို့အပိုပေါ့”
“အင်း…ဒါဆို အသင်းသားချုပ်ကြီး…”
“ထောက်ခံပါတယ်” ရှားရှားပါးပါး အသံထွက်လာသဖြင့် ကြည့်လိုက်ရာ… မတ်တပ်ရပ်၍ လက်ကိုအားယားရှိသမျှ ထောင်ထားသော အသင်းသားချုပ်ကြီး ကိုယ်တိုင်ကိုတွေ့လိုက်ရလေ၏…။
“ဟင်”
“မဟင်နဲ့…ဟုတ်တယ်လေ.. တဂိုဏ်းလုံးကိုကြည့်လိုက် အချောဆုံးဘယ်သူလဲ…ငါ
အပေါဆုံးဘယ်သူလဲ…ငါ
သဘောအကောင်းဆုံး…ငါ
….ငါ
….ငါ”
“ကဲ မဂေါင်းဂေါင်း ….အဲဒီ ငါစွဲတွေ အသာထားလိုက်ပါဦး… တခြားသူများ ကန့်ကွက်လိုကြပါသလား”
ထိုအခါ စောစောက အနှံခံလိုက်ရသော ငတိကထက
“ကန့်ကွက်တယ်ကွာ ငါကန့်ကွက်တယ်ကွာ… ကမ္ဘာငတိက ဘာပြောပြော ထောက်ခံရမယ်ဆိုပေမယ့် ဒီတစ်ခါကန့်ကွက်တယ်ကွာ…”
“ဘာဖြစ်လို့လဲဆိုတဲ့ အကြောင်းပြချက်လေး”
“ရုပ်ကတော့မြင်တဲ့အတိုင်းပါပဲ…နောက်ပြီး စွာတယ်.. ကက်ကက်လန်တယ်…မျက်လုံးပြူးတယ်… မင်္ဂလာလဲဆောင်တော့မယ် အဲဒါကြောင့်ပယ်တယ်ကွာ…”
“ဟုတ်ပါတယ်….မှန်ပါတယ် …ငတိကြီးပြောတဲ့အတိုင်းပါပဲ…”
အောက်မှ တခဲနက်ဝိုင်းအာကြပြန်သည်…။
“နောက် အမှုရှောင်နန်းညီ… သူ့တော့ထောက်ခံမှထင်တယ်… သူကငပေါဂိုဏ်းနဲ့ ဂိုဏ်းလူကြီးမင်းများကို ဘန်နာထောက်ပံ့နေတဲ့သူ…။ တစ်နေ့ကတောင် ကျွန်တော့်ကို ဘန်နာလုပ်ပေးသွားတယ်…”
ဤတွင်နာယကကထက…“ဒီမှာ ငှက္ကဋ္ဌ… အခုကိစ္စမှာ… တခြားလာဘ်လာဘကိစ္စတွေ ပါလို့မရပါဘူး… ပေါစံချိန်နဲ့ အများသဘောတူမှ ဆုံးဖြတ်လို့ရပါလိမ့်မယ် … အားလုံးပဲ သဘူတောကြပါသလား”
“ကန့်ကွက်ပါတယ် ကန့်ကွက်ပါတယ်”
တစ်ဦးတည်းသော အသင်းသားကထကာ
“ဘာကြောင့်လဲဆိုတာတော့ အထူးပြောစရာမလိုပါဘူး… လောလောလတ်လတ် အလွမ်းဝတ္ထုတွေရေးနေလို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်…နောက်ပြီးရာထူးကိုကကြည့်ပါလား အမှူရှောင်တဲ့…”
အမှူရှောင်က တစုံတခုပြောဖို့ ဟန်ပြင်ပါသေးသည်… သူပါးစပ်မဟနိုင်ခင်မှာပင်
“ဟုတ်ပါတယ် ကန့်ကွက်ပါတယ်…နောက်တစ်ယောက်…” ဟုဝိုင်းအော်ကြသောကြောင့် ဝင်မရထွက်မရသော လိပ်ခေါင်းကဲ့သို့ ဟတ်ကော့ကြီးဖြစ်သွားရလေ၏…။
“အင်း…အထူးအကြံပေး ကတ်ဘိနက်တွေတော့ ကုန်သွားပြီ…။ အခုဝန်ကြီးတွေအလှည့်… ပထမဆုံး မွေးရေဝန်ကြီးကို ဆန္နပြုကြပါ… ပေးသင့်ပါသလား…”
“မပေးသင့်ပါဘူး…ဘာကြောင့်လဲဆိုတော့ ဟိုတခါကရေသူမမွေးမြူရေးလုပ်တာ မအောင်မြင်တဲ့အတွက်ရယ်… ငါးသလဲထိုးကို တစ်ကောင်ဆယ်ပိဿဖြစ်အောင် မမွေးနိုင်လို့ရယ်ကြောင့်ပဲ ဖြစ်ပါတယ်…”
ငတိက “ဟုတ်တယ်..ဒါနည်းမှန်လမ်းမှန်ပါပဲ… သူရေသူမမွေးတာ အောင်မြင်ရင် ငါလဲ လွမ်းနေစရာမလိုဘူး… မလွမ်းရင် လွမ်းတယ်ဆိုပြီး ငါ့ကိုပယ်လို့ရမှာမဟုတ်ဘူး… ဒင်းကြောင့်…တောက်ခ် ငါ့မျှော်လင့်ချက်တွေ ပြိုကျပျက်စီး မြေခကြွေကျ” ငတိမှာ… ကဗျာသေးသေးလေးတွေ ရေးဖို့စဉ်းစားထားသော စာသားများကို တခါတလေ ထုတ်ရွတ်တတ်ပါသည်…။
“ကဲကဲ ငတိ… ကိုယ့်ဟာကိုယ်နောက်မှ ရွတ်စရာရှိရွတ်ပေတော့…ကဲနောက်တစ်ယောက်”
“အခုအလှည့်ကျတာကတော့ ပြင်ညာရေးဝန်ကြီး….”
“ပယ်တယ်ဗျာ…ငှက္ကဋ္ဌကန့်ကွက်တယ် ပယ်တယ်…ဘယ့်နှယ့်ဗျာ… အခုဆို ဗမာပြည်မှာ တက်ကသိုတွေ မှိုလိုပေါက်နေတာ… ကျုပ်တို့ပေါဂိုဏ်းက အခုထိပေါတက်ကသိုဝေးလို့ ပေါကျုရှင်တောင်မဖွင့်နိုင်ဘူး…ပယ်တယ်..”
“ဒါဆို အခု မကြာခင်ကမှ ဝင်တဲ့ ဆောက်လုပ်ရေးဝန်ကြီးကော….”
“ဒါတော့ နာယကကန့်ကွက်ပါတယ်… စဉ်းစားကြည့်ကြပါ… သူကနှာခေါင်းက မျက်နှာထက်ကြီးပါတယ်…”
“ဟင်…”
“အဲဒီတော့ ကိုယ့်မျက်ခွက်ကိုတောင် မပြင်နိုင်တဲ့ဟာ… ဘယ်ကဘာတွေကိုသွားဆောက်မလဲ…”
“ဟုတ်တယ်နော်…ဟုတ်တယ်…ကန့်ကွက်ပါတယ်…ပယ်ပါတယ်…”
ရွေးချယ်ပွဲက အရှိန်မြင့်လာချေပြီ… တင်သွင်းလိုက်ကြ ပယ်ချလိုက်ကြဖြင့် အတိုင်အဖောက်ညီလှသည်…။
“တရားစီရင်ရေးဝန်ကြီးကော”
“သူကတော့ အထူးပြောစရာမလိုပါဘူး… အသက်မပြည့်သေးလို့ပယ်ပါတယ်… သူ့ကိုသွားပေးလိုက်ရင် ကလေးတွေကို သွေးဆောင်ဖြားယောင်းပါတယ်ဆိုပြီး တို့အသင်းကြီး မတရားအသင်းကြေငြာခံရနိုင်ပါတယ်”
“နိုင်ဂျံငါးရေးဝန်ကြီးရော…”
“သူကနိုင်ဂျံငါးဆို စလုံးလောက်ရောက်ဖူးတာ အမေကြီးကား မရောက်ဘူးလို့ပယ်တယ်…”
“ဟုတ်တယ် နိုင်ဂျံငါးဆိုပြီး နော်ပြီတေ(နေပြည်တော်)ရောက်နေတာ ကန့်ကွက်ပါတယ် ပယ်ပါတယ်..ဟေ့ ကန့်ကွက်ပါတယ် ပယ်ပါတယ်”
တဖြည်းဖြည်းအရှိန်မြင့်လာလေရာ တင်သွင်းသမျှအဆိုကို ထွေထွေထူးထူးမစဉ်းစားပဲ တွင်တွင်သာကန့်ကွက်ကြကုန်သတည်း…။
“ထောက်ချုပ်”
“ကန့်ကွက်ပါတယ်…”
“အသင်းသား…”
“ကန့်ကွက်ပါတယ်…”
“နေပါဦး နေကြပါဦး”
“ကန့်ကွက်ပါတယ် ပယ်ပါတယ် ဟင်ဟုတ်ပါဘူး ဘာဖြစ်လို့လဲ ငှက္ကဋ္ဌရဲ့”
“အသင်းသားတွေ ဝန်ကြီးတွေ အကုန်ကုန်ပြီ…”
“ဟုတ်လား..ဒါဆို”
“ငှက္ကဋ္ဌ ကျွန်တော်ရယ်…နာယကအမကြီးရယ်ပဲကျန်တော့တယ်…”
ထိုရောအချိန်တွင် နာယက အစ်မကြီးက ရုတ်တရက်ထက
“ကဲကဲ ခု ငါတို့ ၂ ယောက်ပဲကျန်တော့တယ်။ ဒီ ၂ ယောက်ကို ထောက်ခံတယ် ဆိုရင် အားလုံး မတ်တပ် ထရပ်ကြပါ သိတယ်နော်” ဟု ပြောကာ အသင့်ဝှက်ယူလာသော ခွေးလျားသီးမှုန့်များကို ပရိသတ်အလယ်သို့ ကျဲချလိုက်လေတော့သည်။ ပြီးတာနဲ့ ကျနော့်ကို အချက်ပြလိုက်ရာ ကျနော်ကလည်း ခပ်တည်တည်နှင့် “ကဲ အားလုံး ကြားကြတယ်နော် ကျနော်တို့ကို ထောက်ခံရင် မတ်တပ်ရပ်ပါ” ဟု ဝင်ပင့်ပေးလိုက်သည်။ ကျနော့် စကားမဆုံးခင် အသင်းဝင်အားလုံး ရုတ်တရက် ထိုင်ရာမှ ထကာ ဘရိတ်ဒန့်ကသလို ကုတ်ကြ ဖဲ့ကြလေတော့၏။
“ဟော အသင်းသားတွေများ သူတို့ နာယကနဲ့ ငှက္ကဌက ဘယ်တုန်းကတည်းက ထောက်ခံမဲပေးချင် နေကြတယ် မသိဘူး ကြည့်စမ်း ငှက္ကဌရေ ခုလို ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေတာ အားရဖို့ မကောင်းဘူးလား” ဟု နာယကဂျီးက ခပ်တည်တည်မှုတ်ရာ ကျနော်လည်း အားကျမခံ …
“ဟုတ်လိုက်လေ အစ်မဂျီးရေ … ကြည့်ပါဦး အသင်းသားကေလာဆို ဝမ်းသာလုံးဆို့ပြီး ခုံပေါ်တွေဘာတွေ တက်ရပ်၊ အင်္ကျီတွေဘာတွေချွတ်ပြီး ဝှေ့ရမ်းပြနေသေးတယ်။ အမယ် သူကတာ စိုင်းစိုင်းခမ်းလှိုင် မျောက်က ကနေသလိုပဲနော်”
“အေးဟ ဟိုမှာ ငတိကိုလည်း ကြည့်ပါဦး လည်ပင်းက နားကြပ်ကြီးတောင် လွှင့်ပစ်လိုက်ပြီ .. ပါးစပ်ကလည်း ပျော်လွန်းလို့ အသံသေးအသံကြောင်တွေ အော်နေတာ ကြားတယ်မဟုတ်လား။ သူက ဗိုကယ် မဆိုးဘူးပဲဟ ဇီးသီးတော့ ထုတ်ပေးသင့်နေပြီ”
“ကဲကဲ ပျော်တာလည်း ပျော်တာပေါ့လေ .. တရားဝင်ဖြစ်သွားအောင် ကြေညာလိုက်ရအောင်လား .. အဟွတ် .. အဟွတ် .. ဟဲလို ဟဲလို … ခုချိန်ကစပြီး ငပေါဗီလာရဲ့ အပေါနိုင်ဆုံးဆုကို ကြေညာပါတော့မယ်ရှမ် .. အားလုံး နားသောတ ဆင်တော်မူကြပါ” ဟု နာယကဂျီးက မိန့်ကြားလေရာ ကျနော်က ဆက်လက်ပြီး
“ဟုတ်ကဲ့ ၂၀၀၈ ခုနှစ်ရဲ့ အပေါဆုံးဆုကို ငပေါဂိုဏ်းရဲ့ ဂုဏ်သရေမရှိ ဥက္ကဌကြီးနဲ့ နာယကဂျီးတို့က ပူးတွဲ ဆွတ်ခူးသွားပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ခင်ဗျား” ဟု ကြေညာလိုက်သည်။ ထိုစဉ် လက်ခုပ်သံများအစား ပြောင်းဖူးရိုးများ၊ ရေသန့်ဗူးများ၊ ခဲလုံးများ ဝဲပျံလာသဖြင့် ကျနော်နှင့် နာယကဂျီး ၂ ဦးစလုံး မတိမ်းမစောင်း ဗိန်းဗောင်းမတီးဘဲ ကြောက်ခမန်းလိလိ လစ်ပြေးခဲ့ရလေသတတ်။ ။
မှတ်ချက်။ ။ မြင့်တဲ့သစ်ပင် လေတိုက်ပိုခံရတယ်ဆိုတာ ဂလိုပဲနေမှာ .. ဟီဟိ။

10 comments:

ဗန်ပိုင်းယား said...

ရွှေအစစ်လည်း ဟုတ်ဘူး . ခွေးလျားသီးမှုန့်တံဆိပ်ကြီး .. ဟီဟိ .. .ထိုက်တန်ပါပေတယ်. . ဟွန့် . ကလည်းကရသေးတယ်. .. မြှောက်ပင့်က တာဟုတ်ဘူး .. ယားလို့ခုန်တာ

sait phay yar said...

ခွေးကိုတောင်နိုင်တယ်တော့ အဲဟုတ်ပါဘူး
တယ်တော်တယ်တော်... ပေါပါ့ အန်တီရယ်
ကောင်းပါ့ ပိုစ်လေးက မရီရတာကြာတော့ ရီသွားကြောင်း

PHYO said...

အဟတ် ကောင်းလိုက်တဲ့ပို့စ် ဝမ်းသာပါတယ် နောက်နှစ်များမှာလဲ
ထပ်၍ထပ်၍ ပေါနိုင်ပါစေ

Unknown said...

ငတိမှာ အသဲမကွဲသည်မှာ ကြာမြင့်လှပြီဖြစ်သော်လဲ
အကြောင်းမရှိ အကြောင်းရှာကာ ကန့်ကွက်သဖြင့်
လွန်စွာမှ ၀မ်းနည်း ၀မ်းသာဖြစ်ရကြောင်း
ယခုကဲသို့ ကိုယ်ပေးတဲ့ဆု ကိုယ်ပြန်ယူသည်မှာ
လွန်စွာမှ သင့်မြတ်လှကြောင်း သဘာပတိမှ ပြောကြား

NangNyi said...

ဘယ်သူများလဲ ဘယ်သူများလဲနဲ့ ဖတ်လိုက်ရတာ.. ရင်တောင်ခုန်လို့.. ဟွန့် လူဆိုးတွေ..

မဆုမွန် said...

ဟားဟားဟား
ဝါးလားလားလား ၀ီးဟီးဟီး
တော်တော်လေးကို ပေါတဲ့လူတွေဖြစ်ကြောင်း ပေါမွေးမြူရေးဝန်ကြိးက ပေါတောတောနဲ့ ထောက်ခံပါတယ်..
ထောက်ခံပါတယ် ထောက်ခံပါတယ် (ကြောက်လို့ပါ)
နို့စားရေသူမတွေလဲ မြုံကုန်ပြီး ငါးသလဲထိုးတွေကလဲ ငါးမြွေထိုးနှဲု့ ငါးပြေမစပ်ကျတဲ့ ငါသလောက်ယောက်ဖရုပ်ပေါက်ကုန်လို့ စိတ်ရူပ်နေပါကြောင်း နှစ်သစ်ကူးမှာတော့ မျိုးဆက်သစ် ဒီဇိုင်းဆန်းတွေ တင်ပြဖို့ရှိပါတယ်ရှင့်

Han Thit Nyeim said...

ဆောက်လုပ်ရေးဝန်ကြီး၏ နှာခေါင်းအား အများက မကြာခဏ ချီးကျူးကြသဖြင့် အသေးစိတ်ပြုပြင်မွမ်းမံမည်ဖြစ်ပါသည်။

လိုအပ်သော နှာခေါင်းဒီဇိုင်းအသစ်အား ကျွမ်းကျင်သူပညာရှင်နှင့် ဗိသုကာများက ၀ိုင်းဝန်းအကြံပြုပြီး ဒီဇိုင်းပြိုင်ပွဲတစ်ခုလည်း ကျင်းပစီစဉ်သွားရန်ရှိပါသည်။

သို့အတွက် ရံဘုံးငွေ အမေရိကန်ဒေါ်လာ ဘီလီလျံ ၃ သန်းချပေးပါရန် တောင်းဆိုအပ်ပါသည်။

၎ ဆားဆွာဖြင့်...
လျှောက်လုပ်ရေးဝန်ချီး
ပေါငြိမ်

ခေါင်ခေါင် said...

ဒါပဲ..နောက်ဆုံးတော့လည်း သူတို့ ၂ ယောက်ပူးပဲ ကလိန်ကကျစ် နဲ့ဆုယူသွားဒါ .

ဒါမျိုးတွေလုပ်ပေါင်းလည်းများပီ.. နာယက တွေ အုတ်ကထတွေဖြစ်နေလိုပေါ့ ကွာ...

အသင်းသား သာဆိုလို့ကတော့.. စနိုက်ပါနဲ့. .. ဆော်တယ်.. ဟိဟိ

tututha said...

ညီမလေး ဂေါင်းဂေါင်း အားမလျှော့နဲ့ နောက်နှစ်မှာ မစ္စပေါ ရွေးမှာ ဝင်ပြိုင် .. သိလား .. ဘာမှမပူနဲ့ ငါ့ညီမရအောင် ကျန်တဲ့သူတွေ ကြောင်လျှောက် လျှောက်တဲ့အချိန် ခြေထိုးခံပေးမယ် ဟီဟိ

မိုးသား said...

တောက်..နေနှင့်ဦးပေါ့လကွာ..
အဘတို့ရါာကိုရောက်မှ တွေ့မယ်...ငှင်းငှင်း